Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, December 31, 2008

ကျနော်.............................

၂၀၀၉ တဲ့
ပျော်ရွှင်သော နှစ်ဖြစ်ပါစေတဲ့
ဘယ်လိုပင် ဆုတောင်း
မပျော်ရွှင်နိုင်တာက ကျနော့ ဘဝ
ကျနော် ............ ၁၄ နှစ်ကြာလက်တွဲလာတဲ့ ဒီဘဝ
ကျနော် လမ်းခွဲမယ်ဗျာ............


အားလုံးနားလည်မယ်လို့
ကျနော်ထင်တယ် .............။

ကိုရုပ်ဆိုး
၃၁-ဒီဇင်ဘာ-၀၈ (၁၄း၅၇)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

အားလုံးပျော်ရွှင်ကြပါစေဗျာ .......... ကိုရုပ်ဆိုး

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, December 30, 2008

ACTION Kamma - ကမ္မ

ACTION Kamma
ကမ္မ - ပြုမူခြင်း၊ ပြုလုပ်ခြင်း၊ အမှုဆောင်ခြင်း ကံ၊ အမှုကိစ္စ။

ထိုကံသည်

၁။ အကျိုးစီးပွားကို ဖြစ်စေတတ်သော ကုသိုလ်ကံနှင့်
၂။ အကျိုးမဲ့ကို ဖြစ်စေတတ်သော အကုသိုလ်ကံဟူ၍ နှစ်မျိုးရှိသည်။

ထိုကုသိုလ်ကံ, အကုသိုလ်ကံသည်လည်း -

(၁) ကိုယ်ဖြင့် ပြုလုပ်မှု ကာယကံ၊
(၂) နှုတ်ဖြင့် ပြောဆိုမှု ၀စီကံ၊
(၃) စိတ်ဖြင့် ကြံစည်မှု မနောကံ - ဟူ၍ သုံးမျိုးရှိသည်။

Deed, volitional action

Two types of action may be discerned:

(1) Action which destroys the unbeneficial and produces the beneficial; kusala kamma
(2) Action which destroys the beneficial and produces the unbeneficial; akusala kamma

There are three kinds of action:
(1) Physical action – k¬¬āya kamma;
(2) Verbal action – vacī kamma;
(3) Mental action – mano kamma.

မိလိန္ဒမင်း အမေးပုစ္ဆာ -

”အာယတန ငါးပါးတို့သည် ကံကြောင့် ဖြစ်ကြရသည်ဆိုသည်မှာ မှန်ပါသလား၊ မှန်လျှင် ကံတစ်ခုတည်းကြောင့်ပဲ ဖြစ်သလား၊ ကံအမျိုးမျိုးကြောင့် ဖြစ်ရသလား ဘုရား”

အရှင် နာဂသေန အဖြေ -

”မင်းကြီး၊ စက္ခုအာရုံ (စက္ခာယတန) အစရှိတဲ့ အာယတနတို့ဟာ အထူးထူးသော ကံ၊ အသီးသီးသော ကံကြောင့် ဖြစ်ကြရတာ၊ ကံ အမျိုးမျိုးကြောင့် ဖြစ်တာ၊ ကံ တစ်မျိုးတည်းကြောင့် ဖြစ်ကြတာ မဟုတ်ဘူး”

”အရှင်ဘုရား၊ နားလည်လွယ်အောင် ဥပမာနှင့် ရှင်းပြပါဦး”

”မင်းကြီး၊ ဘယ်လို ထင်ပါသလဲ၊ လယ်ကွက်တစ်ကွက်တည်းမှာ မတူတဲ့ ငါးမျိုးသော မျိုးစေ့တွေကို စိုက်ပျိုးတယ် ဆိုပါစို့၊ ဒီလို မျိုးစေ့ကွဲ အမျိုးမျိုး စိုက်လျှင် ထိုမျိုးစေ့မှ အမျိုးမျိုးသော အပင်ပေါက်ပြီး၊ အမျိုးမျိုးသော အသီး သီးကြတယ် မဟုတ်လား”

”မှန်ပါတယ် ဘုရား၊ မျိုးစေ့မတူလျှင် မတူသော သစ်ပင်များ ပေါက်ပြီး၊ မတူသော အသီး သီးကြမှာပါပဲ ဘုရား”

”ဒီအတိုင်းပါပဲ မင်းကြီး၊ ငါးပါးသော အာယတနများဖြစ်ကြတဲ့ စက္ခု သောတ ဃာန ဇိဝှာ ကာယ ဆိုတာတွေဟာလည်း ကံ အမျိုးမျိုးကြောင့် ဖြစ်လာကြတာပါပဲ။”

”အရှင်ဘုရား ဘာ အကြောင်းကြောင့် လူ ခပ်သိမ်းတို့ဟာ တစ်ဦးနှင့် တစ်ဦး မတူဖြစ်ကြရပါသလဲ၊ တချို့လူတွေဟာ အသက်တိုကြပါတယ်၊ အချို့ လူတို့ဟာ အသက် ရှည်ကြပါတယ်၊ အချို့လူတွေကတော့ အနာရောဂါ များကြပါတယ်၊ တချို့မှာ အနာရောဂါများ မဖြစ်ကြပါ၊ တချို့လူများမှာ လှသော အဆင်းမရှိဘဲ၊ တချို့ကျတော့ အဆင်း လှကြပါတယ်၊ တချို့မှာ တန်ခိုး သြဇာ နည်းပါးကြပါတယ်၊ တချို့မှာတော့ တန်ခိုး သြဇာ ကြီးမား ကြပါတယ်၊ တချို့မှာ ဥစ္စာနည်းတယ်၊ တချို့မှာတော့ ဥစ္စာတွေ ပေါများကြတယ်၊ တချို့က အမျိုးမြတ်ကြတယ်၊ တချို့ကတော့ အမျိုးယုတ်ညံ့ကြပါတယ်၊ တချို့မှာ ပညာနည်းကြပြီး၊ တချို့မှာ ပညာ ထက်မြက်ကြပါတယ် ဘုရား၊ ဒီလို လူမှာ မညီမမျှ ဖြစ်နေရတာဟာ ဘာကြောင့်လဲ ဘုရား”

”မင်းကြီး သစ်ပင်တွေကို ကြည့်ပါလား၊ ဘာကြောင့် သစ်ပင်တွေဟာ မတူဘဲ (မညီမညွတ်) ဖြစ်နေကြရသလဲ၊ အချို့သစ်ပင်တွေက ချဉ်ကြတယ်၊ တချို့သစ်ပင်က ငန်တယ်၊ တချို့က ခါးတယ်၊ တချို့က ချိုတယ်၊ တချို့က ဖန်တယ်၊ တချို့က စပ်တယ်၊ အဲဒါ ဘာကြောင့် မတူကြသလဲ မင်းကြီးရဲ့”

”အရှင်ဘုရား တပည့်တော် သဘောပေါက်ပါပြီ၊ မျိုးစေ့ခြင်း မတူကြလို့ပဲပေါ့ ဘုရား”

”ဟုတ်တာပ တကာတော်မင်းကြီး၊ ဒီအတိုင်းသာပ။ လူသတ္တ၀ါတွေမှာလည်း ကံတရား (ကံမျိုးစေ့)က မတူကြတဲ့ အကြောင်းကံတွေ အမျိုးမျိုး ဖြစ်နေတဲ့ အကြောင်းကြောင့် အသက်တိုသူ တို၊ အသက်ရှည်သူ ရှည်၊ အနာရောဂါ များသူများ၊ အနာရောဂါ ကင်းသူ ကင်း၊ အဆင်း မလှသူက မလှ၊ အဆင်း လှသူက လှ၊ တန်ခိုးနည်းသူ နည်း၊ တန်ခိုးကြီးသူ ကြီး၊ ဥစ္စာနည်းသူ နည်း၊ ဥစ္စာများသူ များ၊ အမျိုးယုတ်သူ ယုတ်၊ အမျိုးမြတ်သူ မြတ်၊ ပညာမဲ့သူ မဲ့၊ ပညာရှိသူ ရှိ အသီးသီး ဖြစ်နေကြရတာပဲ၊ ဒီလို အခြင်းအရာအားဖြင့် ၁၄ မျိုး ကွဲပြားနေကြတာဟာ ကံကြောင့်ပဲလို့ မှတ်ပါ မင်းကြီး”

အသက် တိုခြင်း၊ ရှည်ခြင်း

ဤလောက၌ သူတစ်ပါး အသက်ကို သတ်လေ့ရှိသူသည် သေသည်မှနောက်၌ ငရဲသို့ရောက်ရတတ်၏။ အကယ်၍ ငရဲသို့မရောက်ဘဲ လူအဖြစ်သို့ရောက်ခဲ့လျှင် အသက်တိုရ၏။
အသက်သတ်ခြင်းမှ ရှောင်ကြဉ်လေ့ရှိသူသည် သေသည်မှ နောက်၌ နတ်ပြည်သို့ ရောက်ရတတ်၏။ အကယ်၍ နတ်ပြည်သို့မရောက်ဘဲ လူ့ပြည်သို့ရောက်ခဲ့လျှင် အသက်ရှည်၏။

အနာရောဂါ များခြင်း၊ နည်းခြင်း

ဤလောက၌ သတ္တ၀ါကို ညှင်းဆဲလေ့ရှိသူသည် သေသည်မှနောက်၌ ငရဲသို့ရောက်ရတတ်၏။ အကယ်၍ ငရဲသို့မရောက်ဘဲ လူအဖြစ်သို့ရောက်ခဲ့လျှင် အနာရောဂါများ၏။
သတ္တ၀ါကို ညှင်းဆဲလေ့မရှိဘဲ သနားကြင်နာလေ့ရှိသူသည် သေသည်မှ နောက်၌ နတ်ပြည်သို့ ရောက်ရတတ်၏။ အကယ်၍ နတ်ပြည်သို့မရောက်ဘဲ လူ့ပြည်သို့ရောက်ခဲ့လျှင် အနာရောဂါကင်းရှင်း၍ ကျန်းမာရေး ကောင်းတတ်၏။

အဆင်း မလှခြင်း၊ အဆင်း လှခြင်း

ဤလောက၌ အမျက်ဒေါသ ကြီးသောသူသည် သေသည်မှနောက်၌ ငရဲသို့ရောက်ရတတ်၏။ အကယ်၍ ငရဲသို့မရောက်ဘဲ လူအဖြစ်သို့ရောက်ခဲ့လျှင် အရုပ်ဆိုး အကျည်းတန် တတ်၏။
ဒေါသမကြီးသူသည် သေသည်မှ နောက်၌ နတ်ပြည်သို့ ရောက်ရတတ်၏။ အကယ်၍ နတ်ပြည်သို့မရောက်ဘဲ လူ့ပြည်သို့ရောက်ခဲ့လျှင် အဆင်းလှ၏။

အခြံအရံ နည်းခြင်း၊ များခြင်း

ဤလောက၌ သူတစ်ပါး ကောင်းစားသည်ကို အနာလို ငြူစူခြင်း (ဣဿာ) တရားအားကြီးသူသည် သေသည်မှနောက်၌ ငရဲသို့ရောက်ရတတ်၏။ အကယ်၍ ငရဲသို့မရောက်ဘဲ လူအဖြစ်သို့ရောက်ခဲ့လျှင် အခြံအရံနည်းပါးရ၏။
သူတစ်ပါး ကောင်းစားသည်ကို မနာလို ငြူစူခြင်း ကင်းသူသည် သေသည်မှ နောက်၌ နတ်ပြည်သို့ ရောက်ရတတ်၏။ အကယ်၍ နတ်ပြည်သို့မရောက်ဘဲ လူ့ပြည်သို့ရောက်ခဲ့လျှင် အခြံအရံ ပေါများရ၏။

ဥစ္စာ နည်းပါးခြင်း၊ ဥစ္စာ ပေါများခြင်း

ဤလောက၌ ဒါနမပြုဘဲ မစ္ဆရိယ အားကြီးသူသည် သေသည်မှနောက်၌ ငရဲသို့ရောက်ရတတ်၏။ အကယ်၍ ငရဲသို့မရောက်ဘဲ လူအဖြစ်သို့ရောက်ခဲ့လျှင် စည်းစိမ်ဥစ္စာ နည်းပါး၏။
ဒါနပြုလေ့ရှိသူသည် သေသည်မှ နောက်၌ နတ်ပြည်သို့ ရောက်ရတတ်၏။ အကယ်၍ နတ်ပြည်သို့မရောက်ဘဲ လူ့ပြည်သို့ရောက်ခဲ့လျှင် စည်းစိမ်ဥစ္စာ ပေါများကြွယ်ဝ၏။

အမျိုး ယုတ်ခြင်း၊ မြတ်ခြင်း

ဤလောက၌ ခက်ထန် ထောင်လွှား မာနတရားအားကြီးသူသည် သေသည်မှနောက်၌ ငရဲသို့ရောက်ရတတ်၏။ အကယ်၍ ငရဲသို့မရောက်ဘဲ လူအဖြစ်သို့ရောက်ခဲ့လျှင် အမျိုးယုတ်ညံ့၏။
မခက်ထန် မထောင်လွှားဘဲ နိဝါတတရား ရှိသူသည် သေသည်မှ နောက်၌ နတ်ပြည်သို့ ရောက်ရတတ်၏။ အကယ်၍ နတ်ပြည်သို့မရောက်ဘဲ လူ့ပြည်သို့ရောက်ခဲ့လျှင် အမျိုးမြတ်သူ ဖြစ်ရ၏။

ပညာ မဲ့ခြင်း၊ ရှိခြင်း

ဤလောက၌ “အဘယ်တရားသည် ကုသိုလ်တရားပါနည်း၊ အဘယ်တရားသည် အကုသိုလ် တရားပါနည်း” စသည်ဖြင့် သမဏ ဗြဟ္မဏတို့ထံ၌ မမေးမြန်းသူသည် ပြုသင့်သည်ကို မပြု၊ မပြုသင့်သည်ကို ပြုမိခြင်းကြောင့် သေသည်မှနောက်၌ ငရဲသို့ရောက်ရတတ်၏။ အကယ်၍ ငရဲသို့မရောက်ဘဲ လူအဖြစ်သို့ရောက်ခဲ့လျှင် ပညာမဲ့သူ ဖြစ်ရ၏။


ကုသိုလ်၊ အကုသိုလ် စသည်တို့ကို မေးမြန်းလေ့ရှိသူသည် မပြုသင့်သည်ကို ရှောင်ကြဉ်၍ ပြုသင့်သည်ကို ပြုခြင်းကြောင့် သေသည်မှ နောက်၌ နတ်ပြည်သို့ ရောက်ရတတ်၏။ အကယ်၍ နတ်ပြည်သို့မရောက်ဘဲ လူ့ပြည်သို့ရောက်ခဲ့လျှင် ပညာကြီးသူ ဖြစ်ရ၏။


PDF ဖိုင်ဖြင့် ရယူလိုပါက - Download

ကျမ်းကိုး -
မဇျွိမနိကာယ်၊ ဥပရိပဏ္ဏာသ မြန်မာပြန်၊
စာ ၂၄၆-၂၅၅

ဆက်ဖတ်မယ်ဆိုရင်...

Friday, December 19, 2008

IF ...... အကယ်၍သာ

လောကမှာ
ကျနော်အကြောက်ဆုံးက
”အကယ်၍သာ”...တဲ့

အကယ်၍သာ ကျနော်ဟာ ...?
အကယ်၍သာ သူဟာ ...?

ကိုရုပ်ဆိုး
၁၉-ဒီဇင်ဘာ-၀၈ (၁၂း၁၄)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

ဗိုလ် ... ကျား ... သေနတ်

“ဗိုလ် .. ကျား .. သေနတ်
ကိုယ်ကြိုက်တာ ကိုယ်လုပ်”တဲ့
ငယ်ငယ်တုန်းက ကစားခြင်း
စိုးရိမ်ခြင်းကင်းစွာနဲ့ပေါ့ ...။

အသက်အရွယ်အရ
ဘ၀လမ်းပေါ်ကိုလျှောက်
ကလေးဘ၀က
ကစားခြင်းတွေမေ့ပျောက်လျက်ပေါ့ ...။

ဒါပေမယ့် ...
လောကလမ်းပေါ်မှာ
ဗိုလ် လုပ်ချင်တဲ့ လူတွေကော
ကျား ဖြစ်နေတဲ့ လူတွေကော
သေနတ်အားကိုးတဲ့ လူတွေကော
အမြဲတမ်းကြုံတွေ့
ဘ၀လမ်းမှာ ဆုံနေတော့လည်း

ဘ၀ဆိုတာ
ဗိုလ် .. ကျား .. သေနတ်
ကိုယ်ကြိုက်တာ ကိုယ်လုပ်ပဲလား ....?

ကိုရုပ်ဆိုး
၁၈-ဒီဇင်ဘာ-၀၈ (၂၀း၃၇)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Tell my why ..........


Tell Me Why (with Lyrics)

ဆက်ဖတ်မယ်ဆိုရင်...

Nick Vujicic (သို့) ဘ၀ကို စိန်ခေါ်သူ


Nick Vujicic (သို့) ဘ၀ကို စိန်ခေါ်သူ
Think you've got it bad and need to be encouraged? Fallen down and can't get up? 
YES YOU CAN!! :-) Check this out! ...

ဆက်ဖတ်မယ်ဆိုရင်...

Thursday, December 18, 2008

သတိရတမ်းတ သံဝေဂ

အခုတလော ...... ငယ်သူငယ်ချင်းတွေဆီက မင်္ဂလာသတင်းတွေကော၊ အ,မင်္ဂလာသတင်းတွေပါ ဆက်တိုက်ကြားနေရတယ်။ ဟေ့ကောင် ... ဘယ်သူတော့ဖြင့်ဆုံးသွားပြီကွ။ ဘယ်သူ ဘယ်နေ့ကလေ ဆုံးသွားတာ မင်းမသိလိုက်ဘူးလား၊ ငါတို့ သူငယ်ချင်း ဟိုကောင်မလေးလေ ..ဆုံးသွားပြန်ပြီကွ။

အင်း ..... ဘာလိုလိုနဲ့ သေခြင်းတရားဆိုတာ ဘယ်အရွယ်မဆို တွေ့နိုင်တယ်ဆိုတာ လက်တွေ့ပြနေသလိုပဲ။ သတင်းစာထဲမှာ ငယ်ငယ်ရွယ်ရွယ်တွေ ဆုံးပါးသွားတာ မြင်နေ၊ တွေ့နေရပေမယ့် ... ကိုယ်နဲ့ မခင်၊ မချစ်ကြတော့လည်း ဒီလိုပဲ သတင်းအမှတ်နဲ့ ဖတ်လိုက်တာပဲ။

အခုလို သံယောဇဉ်ရှိတဲ့လူတွေ၊ ခင်ခင်မင်မင် ပေါင်းလာခဲ့တဲ့လူတွေ၊ တစ်ယောက်ပြီး တစ်ယောက် ခွဲခွါသွားတဲ့အခါ ... သြော် . ငါ့အလှည့်လည်း ဘယ်တော့လည်းလို့ စဉ်းစားလိုက်တော့ “မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး”ရဲ့ “သတိရတမ်းတ သံဝေဂ”လေးကို သတိရမိတယ်။

ကံစေရာနောက် ကောက်ကောက်ပါအောင်
ပုန်းရှောင်မရ ငါလိုက်ရပြီ
ငါကအမှန် မလိုက်ချင်သေးပါ ....။

ဖွေရှာသိုမှီး ပစ္စည်းရွှေငွေ အထွေထွေနှင့်
ငါ့အိမ်၊ ငါ့မြေ၊ စည်းစိမ်ဥစ္စာ ရတနာကို
ငါကခုံမင် မစွန့်ချင်လည်း
ငါပင်စွန့်ရ ပစ်ခဲ့ရပြီ
ငါကအမှန် မစွန့်ချင်သေးပါ ....။

(သြော်) မလိုက်မနေ နေချင်မရ
မစွန့်ချင်လည်း စွန့်ပစ်ခဲ့ရ။
ကံကစီမံ ငါ့ကံအတိုင်း အချိန်းပိုင်းလာ ခိုနားရာမှ
ပြန်လည်ကာလှမ်း ဘ၀ကြမ်းပြင် ခရီးနှင်ပြီ
ငါသည်အရင် သွားနှင့်ပြီ ....။

ဆက်ဖတ်မယ်ဆိုရင်...

Wednesday, December 17, 2008

၂၀၀၉-ခုနှစ် ပွဲတော်ရက်များနှင့် မြန်မာပြက္ခဒိန်

ကျနော့ သူငယ်ချင်းတွေအတွက် ၂၀၀၉-ခုနှစ် မြန်မာပြည်မှာ ကျင်းပပြုလုပ်တဲ့ ပွဲတော်ရက်လေးများနဲ့ မြန်မာပြက္ခဒိန်လေးကို ဝေမျှပေးချင်တယ်ဗျ။

မြန်မာပြက္ခဒိန်က ကျနော် ၂၀၀၇-ခုနှစ် နှစ်ကုန်ပိုင်းလောက်က ၂၀၀၉-ခုနှစ်အတွက် ကြိုတင်ဆွဲထားတာဆိုတော့ တချို့ပွဲရက်လေးများ အတိမ်းအစောင်းရှိရင် နားလည်ပေးကြပါ။ လိုအပ်သလို သုံးလို့ရတယ်ဗျာ၊ တတ်နိုင်သရွေ့ စုံအောင်လုပ်ထားပေမယ့် ကိုယ်အရပ်နဲ့ ကိုယ့်ဇာတ်လုပ်ကြတဲ့ ပွဲတော်တွေကြတော့ ကျနော်မသိတဲ့အတွက် မပါမိခဲ့ရင်လည်း လမ်းညွှန်ပေးကြဗျာ ......။

၂၀၀၉ - ခုနှစ် နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေဗျာ။

၁။ ၂၀၀၉-ခုနှစ် မြန်မာပွဲတော်ရက်များ
၂။ မြန်မာပြက္ခဒိန်

ကိုရုပ်ဆိုး
၁၇-ဒီဇင်ဘာ-၀၈ (၁၅း၁၈)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

စွဲလမ်းမိတဲ့ ကဗျာ...........

ညီငယ်မောင်မျိုးက TAG ထားတဲ့ အကြိုက်ဆုံးကဗျာတဲ့ ......... အောက်မှာပါ ... မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ပြောရရင် ကျနော့ဘ၀ရဲ့ ပြယုဂ်လေးပါ။

ပြယုဂ်

ချစ်သူ
မခုံမမင်၊ မယုံချင်သော်
ပုံပြင်တစ်ခု ဆိုပါတော့ …
ချောင်းတစ်ဖက်ကမ်း၊ ခမ်းလှမ်းလှမ်းတွင်
စိမ့်စမ်းရေကြည်၊ ခွေရစ်လည်လျက်
မြညှာယှက်၍၊ ချိုမြွက်သီးနှံ
ပေါပြည့်လျှံသည့်
တောယံ တောအုပ် ရှိသတဲ့ …။

သည်တစ်ဖက်ကမ်း၊ ချောင်းရိုးတန်းမှ
ဖြတ်သန်းကျော်လွှား၊ လူတိုင်းသွားရန်
တံတားနှစ်ခု ရှိတယ်ထား၊
တံတားတစ်ခု
ထုထည်ခိုင်ခံ့
ကြံ့ကြံ့မားမတ်၊ သစ်ဝါးညှပ်၍
သပ်ရပ်တည်ရှိနေပါ၏ …။

ကျန်တံတားက
ဝါးတိုင်ယိမ်းနွဲ့ ယိုင်ယဲ့ယဲ့နှင့်
လေသွဲ့တိုင်းခါ၊ လေလာတိုင်းလှုပ်
ပြုတ်ကျမလား၊ ပြိုမလားနှင့်
ချောက်ချား ရင်တုန်စရာပေါ့ …။

လူအများက
မြသားစိမ်းစို တောအုပ်ကိုသွား
သစ်တံတားမှ ကျော်လွှားနေကျ
စိတ်လက်ချ၏
ဘာမျှ ခက်ခဲပုံမပေါ်
တံတားအိုမှ ဖြတ်ကျော်ရလျှင်
ချော်ကျနိုင်သေး၊ စိတ်မအေးပါ
သွားလိုရာကို
ဘယ်မှာ လွယ်လွယ်ရောက်မှာလဲ …။

ကဲ …. ချစ်သူ
လူတိုင်းမသွား စိတ်ချောက်ချားသည့်
တံတားအိုမှ ဖြတ်ကျော်ကြရန်
ဆန္ဒလည်းရှိ သတ္တိလည်းဖက်
ယုံကြည်ချက်မြဲ စိတ်ရဲရဲနှင့်
မင်းလည်း သွားဝံ့ပါသလား …

မခုံမမင်၊ မယုံချင်မင့်
ပုံပြင်ပဲထား မင်းစဉ်းစားပါ
တံတားအိုက …
ကိုယ့်ဘ၀၏
“ပြယုဂ်”တစ်ခု ဆိုပါတော့ …။

မောင်စိန်ဝင်း (ပုတီးကုန်း)

ဆက်ဖတ်မယ်ဆိုရင်...

Friday, December 12, 2008

အမေ (သို့) ကိုရုပ်ဆိုးရဲ့ ချစ်လှစွာသော အမေသို့

လမ်းဘေးတစ်နေရာမှ လူမဆန်တဲ့ သူဖုန်းစားတွေလက်ထဲက ကလေးငိုသံအကြားမှာ ဘယ်လိုမှ ဖြေဆည်မရနိုင်တဲ့ ......... ကျနော့ရဲ့ မျက်ရည်စက်လေးများကို ကဗျာအဖြစ်ပေါ့ ............


အူဝဲ … အူဝဲ
လမ်းဘေးတစ်နေရာက
ငိုကြွေးသံပေါ်ထွက်
တစ်ချက်ငဲ့ကြည့်လိုက်တဲ့အခါ

အလို ….
နူးညံ့လှတဲ့ကလေးငယ်
(၅)လသားအရွယ်လေးပေါ့
ရက်စက်လိုက်ကြတာကွယ်
ဘယ်လိုဘ၀မျိုးမှာ
လူဖြစ်လာရတာလည်း ကလေးရယ် …။

မင်းရဲ့ငိုသံကို ခုတုန်းလုပ်
သူတို့ရက်စက်လိုက်ကြတာကွယ်
မင်းရဲ့ ငိုသံတစ်ချက်မှာ
ကြင်နာသနားသူတွေဆီက
မြိုးမြိုးမျက်မျက်ကလေး
သူတို့ ရလိုက်ကြလေတယ်

ကျေးဇူးတင်တယ်အမေ …….
အမေ့ရဲ့ ရင်ခွင်
နူးညံ့တဲ့ ရင်ခွင်ထက်ဆီမှာပေါ့
သားကို…………
လူဖြစ်ခွင့်ပေးတဲ့အတွက်
အတိုင်းမသိ
ကျေးဇူးတင်လျက်ပါအမေ ………။
ကိုရုပ်ဆိုး
၁၂-ဒီဇင်ဘာ-၀၈ (၁၈း၁၇)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

စိတ်ညစ်တယ်ဗျာ...............

(၁)

စိတ်ညစ်တယ်ဗျာ..
မအိပ်ဖြစ်ခြင်းတွေနဲ့ နိုးထ
နိုးနိုးကြားကြားတော့
မရှိလှဘူးပေါ့ …။

စိတ်ညစ်လို့ လမ်းပေါ်ထွက်
ပရမ်းပတာမဲ့ကားတွေပေါ်က
လှောင်ရယ်သံတစ်ချို့လွင့်ပျံ
စိတ်ညစ်ပါတယ်ဆိုမှ
“သေချင်လို့လားတဲ့
ကားပွတ်တာ၊
လူပွတ်တာလောက် မကောင်းဘူးတဲ့”
အဲ့ဒါတော့ ကိုရုပ်ဆိုးမသိ
လပ္ပတ္တာမုန့်ဟင်းခါးတော့
မကြိုက်တာအမှန်ဗျ …. :)

(၂)

စိတ်ညစ်တယ်ဗျာ
လမ်းပေါ်ကဖယ်ခွာ
ခွေးခြေပု ခုံလေးကို ပလ္လင်လုပ်
ဇရက်မင်းစည်းစိမ် ခံမလို့လုပ်
ကျစိမ့်လေးတစ်ခွက်ရယ်
စီးကလက်တစ်လိပ်ရယ်နဲ့ပေါ့


လက်ခုပ်ကလေးအသာတီး
အညာသား ငတိကိုလှမ်းခေါ်
သောက်ချင်တာ ပြောမယ်ပေါ့
ကိုရွှေစားပွဲထိုးရဲ့ စကား
ဒေါသများ အချောင်းလိုက်ထွက်တယ်
“ငါ့ဆရာက ပုံမှန်လားတဲ့”
မဟုတ်ဘူးဟေ့ … မဟုတ်ဘူး
ငါ ရှုးနေတယ်ကွလို့ ….။

(၃)

ရောက်လာတဲ့ လဘ္ကက်ရည်ခွက်
မျိုမချခင် အရှင်ကြီးတွေကို ပ,သ
ခေါင်းပေါ်ကို မလိုက်တဲ့အချိန်
ဗြုံး …….. ဆို
အလိုက်ကန်းဆိုးမသိတဲ့
ကိုရွှေကျီးငှက်
မစင်ခွက်အမှတ်နဲ့ သွန်ချ
“တောက်………”
ရှုံ့မဲ့မဲ့မျက်နှာနဲ့ ကိုရုပ်ဆိုး
ဘီလူး သံပရာသီးကိုက်ထားသလိုပေါ့
သကောင့်သား ကျီးကန်း
ထမပျံခင် လေကန်လိုက်သေးတယ်
“လွတ်လပ်စွာ ပါချခွင့်ရှိတယ်”တဲ့
“@#!^%$” ကျီးကန်း
သူနားမလည်တဲ့ စကားနဲ့ ပြန်နှက်
ကိုရုပ်ဆိုးရဲ့ အဖြစ်အပျက်ပေါ့ ….။

(၄)

စိတ်ညစ်တယ်ဗျာ
ကဖေးဆိုင်လေးကအထ
ကိုယ့်ရှေ့ရောက်လာတဲ့
လိုင်းကားပေါ်ပြေးတက်
တိုးဝှေ့လို့ အထဲရောက်ခိုက်
“လသာ ၂-ယောက်တဲ့”
လှတပတ လက်ကလေးက
ခပ်နွမ်းနွမ်း ၂၀၀-တန်ကလေးနဲ့
“ဒီမှာ… အမိ
ကျုပ်ဘာကောင်လဲသိလား”လို့
မှုန်ကုပ်ကုပ်မျက်နှာနဲ့
ခပ်ဆပ်ဆပ်မေးခွန်းကထွက်
“သြော် ….. ကျမက စပယ်ယာ မှတ်လို့”တဲ့
တောင်းပန်သလိုလေသံနဲ့
ဘေးကအဖော်ကို လက်တို့
ခပ်အုပ်အုပ်ရယ်သံအဆုံးမှာ
“စပယ်ယာထက် ပုံ ပိုတုံးတယ်နော်တဲ့”
စိတ်ညစ်တယ်ဗျာ…………..။

(၅)

စိတ်ညစ်တယ်ဗျာ
ကားပေါ်ကအသာဆင်း
ရီဝေေ၀ ညနေခင်းအချိန်လေ
ပါးစပ်က မိုးချုပ်သာအရင်သိတဲ့အချိန်ပေါ့
ခပ်သွက်သွက်ခြေလှမ်းနဲ့
၁၉-လမ်းဖက်ကို အသာထွက်
အရက်ခပ်ပြင်းပြင်းနဲ့
စိတ်ညစ်မှုတွေကို ဖြေလျှော့
လေပြေအနှော့မှာပေါ့
“အကို ဘီယာသောက်ဦးမလားတဲ့”
အရောင်းသမလေးရဲ့
ခပ်ပျော့ပျော့လေသံနဲ့
နွမ်းလျလျ အပြုံးတုလေးနဲ့ပေါ့
တော်ပြီကွာ …
အကိုက အပြင်းသမား
“အပျော့ကြိုက်ရင် ရေသောက်ပါ”ဆိုတဲ့
ဟို … ကော်ဖီကြော်ငြာလိုပေါ့
သူမက မခို့တရို့အပြုံးနဲ့
ခပ်ကွန့်ကွန့်ပြောလိုက်တာက
“အရက်ပြင်းက အသည်းခြောက်တယ်တဲ့”
စိတ်ညစ်တယ်ဗျာ……….။

(၆)

စိတ်ညစ်တယ်ဗျာ
ဒယီးဒယိုင် ခန္ဓာကိုယ်ကို အသာမ
ကွေ့ကောက်နေတဲ့ လမ်းပေါ်မှာ
ဖက်ရှင်မယ်လို့ ပွတ်ကာလှမ်းလို့
အိပ်ဆောင်ကိုပြန်ကြွ
အဆင်မပြေခဲ့သမျှ ရင်ဖွင့်ဖို့
ဘလော့ဂ်ဂင်းအရပ်ဆီသို့ပေါ့
လက်နှိပ်စက်နဲ့ တီဗီလေးကိုအသာဖွင့်
ဘာညာဘာညာ ဂင်းမယ်လုပ်တုန်း
……………………………….
………………………………
တောက် …………………..
……………………………….
…… မီးပျက်သွားပြီ ………
စိတ်ညစ်တယ်ဗျာ………….။

ကိုရုပ်ဆိုး
၁၂-ဒီဇင်ဘာ-၀၈ (၁၃း၄၄)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

သံယောဇဉ်

သံယောဇဉ် ... သံယောဇဉ်
ပြန်မပြောချင်တဲ့
ဒီနှောင်ကြိုးဖွဲ့ သံယောဇဉ်
ပြန်ပြောင်းတွေးလည်း
ဝမ်းနည်းစရာတွေက အထပ်ထပ်
ငါ  ဘာလို့များ
တရှိုက်မက်မက် ဖြစ်နေရလည်းကွယ် ...။

သံယောဇဉ်လေးတစ်ခုအတွက်နဲ့
ရှေ့တိုးမရခဲ့ ငါ့ခန္ဓာ
တွေးလိုက်တိုင်း
ညတွေက ရောင်နီနဲ့ ရောယှက်
ကော်ဖီနက်နက်တစ်ခွက်နဲ့
ဆေးလိပ်ငွေ့တွေရဲ့ ပုံဖော်ရာနောက်
ငါ့ရဲ့ စိတ်ဝိညာဉ် ရောက်ရောက်နေခဲ့ပြီ ....။

ပြန့်နေတဲ့ အိပ်ယာခင်း
ပိုင်ရှင်မဲ့နေတဲ့ ခေါင်းအုံးလေးနဲ့
ခေါက်ရိုးမပြည်တဲ့ စောင်ကလေးကကော
လှောင်ရီနေခဲ့တာ ကြာလှပေါ့

ဟော ... ကြည့်လိုက်စမ်း
အိပ်ယာထက်က လရောင်လေး
အခုတော့ ... ဒါဟာ
ငါ ဖြတ်သန်းနေရတဲ့ ဘ၀တခုလိုပဲ ...။

ကိုရုပ်ဆိုး
၁၀-ဒီဇင်ဘာ-၀၈ (၂၃း၅၀)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Thursday, December 11, 2008

“ရုပ်ဆိုး”လည်းလေ … လောကီသားပေမို့

ညအလင်းနဲ့
ကျင်လည်နေသူအတွက်
မနက်ခင်းရဲ့အလင်းနဲ့
အကျွမ်းတ၀င်မရှိခဲ့တာ
အဆန်းတကျယ်တော့
မဟုတ်လှဘူးပေါ့ …

နေရောင်ရဲ့ လှုပ်နှိုးမှုနဲ့
နေရက်သေအချို့ကို
(၀တ္တရားအရ) မျက်နှာသစ်ခဲ့ရပေါင်း
များမြောင်လှပြီလေ ….

ဖန်တရာတေနေတဲ့
ဒီလမ်းကြီးပေါ်
အသက်မဲ့တဲ့ ခြေလှမ်းတွေနဲ့
လျှောက်လှမ်းခဲ့တာလည်း
ဆယ်စုနှစ်မကတော့ဘူး …

အသစ်လို့အမည်တပ်မရတော့တဲ့
ဒီဘ၀လမ်းအိုပေါ်
တပ်မက်ခြင်းများစွာနဲ့
ခုံမင်တတ်တာကိုက
ငါ့ …. အားနည်းချက်လား …

ပြောင်းလဲသင့်ပြီလေ
အချစ်မဲ့တဲ့ အဆိပ်သင့်ငွေတချို့ရဲ့
ဖျားယောင်းမှုအောက်မှာ
ကိုရုပ်ဆိုးလည်းလေ
ဒီလောကီသားပေမို့
…………………………..။

ကိုရုပ်ဆိုး
၁၁-ဒီဇင်ဘာ-၀၈ (၁၆း၀၂)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

အချစ်

တံခါးတစ်ချက်အလှပ်
ဆတ်ခနဲ နေရာယူတတ်တာ .....

ကိုရုပ်ဆိုး
၁၁-ဒီဇင်ဘာ-၀၈ (၁၁း၂၅)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

ရလဒ်

ရွာသားလေးရဲ့ “ဖျားနာခြင်း ချစ်ရည်ရှည်”ဆိုတဲ့ ပို့စ်လေးဖတ်ပြီး ခံစားမိတာလေးပါ။

သတ္တိနည်းခဲ့တယ်လို့
မထင်လိုက်စေချင်ဘူးကွယ် ….

အချစ်ကြီးခဲ့လို့
နှလုံးသားကိုကွယ်ဝှက်
မျက်ရည်စက်လက်နဲ့
လမ်းခွဲ နှုတ်ဆက်ခဲ့တာ
မင်းသိအောင်
ထုတ်မပြချင်ခဲ့ဘူးကွယ် ….

မတူညီတဲ့ဘ၀တွေ
ပုံစံကွဲ ယဉ်ကျေးမှုတွေ
အနားမညီတဲ့ အသိုင်းအ၀ိုင်းတွေ
ဇွတ်အတင်း တိုးဝင်
မင်းဘ၀ကို မနစ်စေချင်ခဲ့တာ
ငါ, အသိဆုံးပါကွယ် ….

ငါ့ရဲ့ မပြတ်သားမှုတွေအတွက်
အထီးကျန် အလွမ်းညတွေ
တရွေ့ရွေ့ကျော်ဖြတ်
ဟော့ဒီ အခန်းငယ်လေးထဲ
ငါတစ်ယောက်တည်း
နင်မသိအောင် ကျော်ဖြတ်ခဲ့ရတာကိုက
ငါ့ဘ၀ရဲ့ မျှော်လင့်ခြင်းမဲ့တဲ့
စက်ရုပ်နှလုံးသားတစ်ခုနဲ့
လူသားတစ်ဦးလိုပေါ့ ……….။


ကိုရုပ်ဆိုး
၁၁-ဒီဇင်ဘာ-၀၈ (၁၀း၁၅)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Wednesday, December 10, 2008

သွေးပျက်ခြင်း

လေးဖြူရဲ့ B.O.B အခွေလေးနားဆင်ရင်း ဖြစ်ပေါ်လာတဲ့ ခံစားချက်များပါ ....... ကိုရုပ်ဆိုး

စကားလေးတစ်ခွန်း
အမှားအယွင်းမရှိဖူးလို့
မင်း ထင်ထားခဲ့မှာပေါ့ ……….

အဖြစ်အပျက်လေးတစ်ခု
မထူးဆန်းဖူးလို့
မင်း ထင်ထားခဲ့မှာပေါ့ ……….

ပေါ့ပျက်ပျက်
တည်ဆောက်ခဲ့တာမဟုတ်တဲ့
ငါ့ရဲ့ ဧဒင်ဥယျာဉ်
မင်းရဲ့ တောင်ပံ တစ်ခတ်မှာ
တစစီ ပြိုပျက်
လေအစုန်မှာပြိုလွင့်ခဲ့တာကကော ………..

မလုပ်ပါနဲ့ကွယ်
မလုံတော့တဲ့ ငါ့ရဲ့နောက်ကျောက
ငါ့ကို ကျီစယ်တုန်း
အိပ်လို့ကောင်းနေတုန်း
အတင်းလှုပ်နှိုးသလို
ဇတ်ကနဲ … ပျက်ပြယ်သွားတဲ့
အိပ်မက်တွေ
ဘယ်လို အခန်းဆက်ရမှာလဲ ………

မလုပ်နဲ့ကွယ်
ဒီဥယျာဉ်အတွက်
ငါ့ရဲ့သွေးတွေ
ငါ့ရဲ့နှလုံးသွေးတွေ
တစက်ချင်း ပေးဆပ်ခဲ့တာ ………

မပြောနဲ့တော့ကွယ်
မင်းပြောရဲပေမယ့်
နားမဆင်ရဲတာက .. ငါ့အမှားလို့
ထင်လိုက်တော့ကွယ်
တစ္စေသရဲများတွေ့သလို
ဖြူဖပ်ဖြူရော်ဖြစ်သွားတဲ့ … ငါ့မျက်နှာ
မင်းကို မပြရဲလို့ပါကွယ်……………။

ကိုရုပ်ဆိုး
၁၀-ဒီဇင်ဘာ-၀၈ (၁၈း၄၆)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Thursday, November 27, 2008

မူးမူးနဲ့ရေးတဲ့ ”မ” ကဗျာ

မူးမူးမိုက်မိုက်
မောင်ရုပ်ဆိုးတစ်ယောက်
”မ”ကဗျာကို ... ပိစိရဲ့ “လ”ကဗျာကို အားကျလို့ ရေးလိုက်တာပါ။

မောင် …. ရေ
မေ့ကိုချစ်တယ်လို့
မေမြို့မှာ …
မိုးသည်းတုန်းက …။

မောင် … ရေ
မေ့ကိုလေ …
မုန်းမေ့ဖို့မကြိုးစားဖူးလို့
မိုးပေါ်က လကို တိုင်တည်လို့ …။

မောင် … ရေ
မှားမှားမှန်မှန်
မာန်တင်းလို့
မေ့ကိုသာ လက်ထပ်မယ်လို့
မူးမူးမိုက်မိုက်
မောင် … ကတိပေးခဲ့တာကော …။

မောင် … ရေ
မုန်းမေ့ပြီလားကွယ်
မေ့ … ကို လက်ထပ်ဖို့
မလေးရှားမှာ
မောင် .. ကြိုးစားမယ်ဆိုပြီး
မေလက
မောင်ထွက်သွားခဲ့တာလေ …

မောင် … ရေ
မန္တလာက
မန်းပျိုဖြူနဲ့
မောင်လေ ….
မိုးမမြင် လေမမြင်တဲ့
မောင့်သူငယ်ချင်းတွေရဲ့စကား
မေ …..
မယုံရဲဘူးကွယ်…

မေ..လေ
မောင့်မျက်နှာ
မောင့်အသံ
မောင့်အချစ်တွေကို
မေ့နိုင်ဖို့ ကြိုးစားရင်း …

မေ လေ …. အခုတော့ …
မောင်ကို မေ့နိုင်ဖို့ကြိုးစားရင်း
မှောင်မှောင် မိုက်မိုက်ထဲမှာ
မေ့မျက်ရည်တွေကို ကွယ်ဝှက်လို့
မေ … နေတတ်အောင်
မေ … အသားကျအောင်
မေ … မုန်းမေ့နိုင်အောင်
မေ လေ ….. မာန်တင်းလို့
မဟာစည်မှာ … သီလရှင် ၀တ်ခဲ့ပြီကွယ် …….. :)

ကိုရုပ်ဆိုး
၂၇-နိုဝင်ဘာ-၀၈ (၁၈း၃၅)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

ညီငယ် မောင်မျိုးနှင့် မောင်ပိစိသို့

မောင်မျိုးလေး ရန်ကုန်ရောက်လာတယ်။ အဝေးပြေးဂိတ်မှာ သွားရောက်ကြိုတာက မောင်ပိစိတို့အဖွဲ့။ ကျနော်နှင့် ချိန်းတယ်။ ညနေ ရုံးဆင်းရင် တွေ့နိုင်မယ်လို့ အကြောင်းကြားထားပေမယ့် ........ တကယ်တမ်းကျတော့ ဧည့်ဝတ်မကျေပွန်ခဲ့တဲ့ ကိုယ့်အဖြစ်ကို မကျေနပ်နိုင်ခဲ့ဘူး။ ရောက်တဲ့နေ့က အိမ်မှာ လိုက်အိပ်ပေမယ့် .... ကျနော့ရဲ့ ကိစ္စအ၀၀ကို မညည်းငြူပဲ လိုက်ပါခဲ့တဲ့ မောင်မျိုး ..... အစ, အဆုံး ဧည့်ဝတ်ကျေပွန်ခဲ့တဲ့ မောင်ပိစိ ....။

စိတ်မကောင်းဘူးဗျာ ....... မနေ့က သူတို့နဲ့ ဘီယာသောက်ကြမယ်ဆိုပြီး ချိန်းထားပေမယ့် ... ညနေစောင်းရောက်တော့ ပြသနာကပေါ်လာပြန်ပြီ ... ဘန်ကောက်မှာ ဆူပူကြလို့ လေဆိပ်ပိတ်လိုက်တာ ရောက်မယ့်ဧည့်သည်တွေလည်းမရောက်၊ ပြန်ရမယ့် ဧည့်သည်တွေလည်း မပြန်ရ ..။ မလုပ်မနေ အလုပ်ကိစ္စဆိုတော့ သူတို့ ဖုန်းဆက်ချိန်းတော့ ဖျက်လိုက်ရတယ်။ ဘယ်လိုနည်းနဲ့ တောင်းပန်ပြီး ဖျက်ရမှန်းမသိပေမယ့် ... သူတို့ (မောင်မျိုးနှင့် မောင်ပိစိ)က အလိုက်သိစွာနဲ့ အလုပ်ကိစ္စဆိုတော့ ကျနော်တို့ နားလည်ပါတယ်တဲ့ ...။

(မောင်မျိုးဘလော့ဂ်မှာ သူတို့ ပျော်ကြတာတွေကိုတွေတော့ ၀မ်းနည်းမိတယ်။)

ရန်ကုန်ရောက်လာတဲ့အခိုက်မှာ ဧည့်ဝတ်မကျေပွန်လိုက်တဲ့ အကိုရုပ်ဆိုးကို နားလည်ပေးပါ မောင်မျိုးရေလို့ ... အကို့ရဲ့ ဘလော့ဂ်ကနေပဲ တောင်းပန်လိုက်တယ်ကွာ။ ပိစိကိုလည်း ကျေးဇူးတင်တယ်။

မင်းတို့ရဲ့အကို

ကိုရုပ်ဆိုး
၂၇-နိုဝင်ဘာ-၀၈ (၁၀း၂၀)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Wednesday, November 26, 2008

မင်္ဂလာလက်ဖွဲ့လေး .........

ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့တဲ့ ကျနော့သူငယ်ချင်း ရဲ့ မင်္ဂလာပွဲအတွက် လက်ဖွဲ့ပေါ်မှာ ကျနော် ရေးပေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ ..။ တင်မယ် ... တင်မယ်နဲ့ မအားလပ်တာနဲ့ ဒီနေ့မှပဲ တင်ဖြစ်တော့တယ်။

သူငယ်ချင်းတို့နှစ်ယောက် ဘ၀ခရီးလမ်းမှာ တစ်ဦးပေါ်တစ်ဦး ကြင်နာခြင်းများစွာ၊ ပျော်ရွှင်ခြင်းများစွာနဲ့ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း .........

ခွန်အားအပြည့် လက်တွေနဲ့
ဝမ်းမြောက်စွာတွဲလို့
ကမ်းလင့်ခဲ့ ထွဋ်ခေါင်ဆိုသို့ ....

လှမ်းရဲလား မေ ရေ
ယုယမှု အပြည့်နဲ့
ဟိုး ..... အမြင့်
ပျော် စံ ရာ ဆီသို့ ....။

ကိုရုပ်ဆိုး
၂၁-နိုဝင်ဘာ-၀၈ (၂၂း၅၅)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, November 11, 2008

ကိုရုပ်ဆိုးတို့ နိဗ္ဗာန်ဈေး .......... တဲ့

နိဗ္ဗာန်ဈေးတဲ့ …. ဒီနာမည်စပေးတဲ့ကာလကို မသိသလို၊ မည်သို့သောအကြောင်းကြောင့် ဤသို့ပေးသည်ကိုလည်းမသိ၊ မသိတာကို ဘာလို့ပြောလဲဆိုရင် … အမည်က အဓိကမဟုတ်၊ အဲ့ဒီ နိဗ္ဗာန်ဈေးမှာ ဘာတွေလုပ်လည်းဆိုတာပဲ သိလို့ ပြောပြချင်တာကိုး…။ ကျနော်တို့ တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်၊ ၁၄၆-လမ်းမှာ နိဗ္ဗာန်ဈေးကို လပြည့်ကျော် (၁)ရက်နေ့တိုင်း စဉ်ဆက်မပြတ်ပြုလုပ်လာခဲ့တာ ယခုဆိုရင် (၉)ကြိမ်မြောက်တောင် ရှိခဲ့ပြီ။ လူငယ်တွေဦးစီးပြီး စဉ်ဆက်မပြတ်ပြုလုပ်လာခဲ့တာလေ။ ကဲ … နိဗ္ဗာန်ဈေးမှာ ဘာတွေလုပ်လည်း … သိတဲ့လူတွေ ရှိသလို၊ မသိတဲ့လူတွေလည်း ရှိမှာပဲလေ။

တန်ဆောင်မုန်းလပြည့်နေ့ (ဒီနှစ်အတွက် ၁၂-နိုဝင်ဘာလ-၀၈)၊ မနက်ပိုင်းမှာတော့ ရပ်ကွက်ထဲမှာရှိတဲ့ သက်ကြီးအဖိုးအဖွားတွေကို တစ်အိမ်တစ်ခွက်ပို့တဲ့ ထမင်းနဲ့ ဟင်းကို ကျွေးမွေးတယ်။ ဘုန်းကြီးဆွမ်းကပ်တယ်။ ဥပုသ်သီလဆောက်တည်ကြတယ်။ ညနေစောင်းတာနဲ့ ရပ်ကွက်ထဲက လူငယ်တွေက ရေစည်လှည်းတွေတွန်းကာ လမ်းတစ်လမ်းလုံးသန့်ရှင်းသွားစေရန်အတွက် အားသွန်ခွန်စိုက် မမောမပန်းနိုင် ဆေးကြောကြတယ်။ သံဃာတွေ လျှောက်မယ့်လမ်း ဆူးညှောင့်ခလုတ်တွေ မရှိအောင်လို့ပါ။ ညနေ (၄)နာရီလောက်မှာ အရိုးကုန်းရပ်ကွက်ရဲ့ ပင်တိုင် ဆွမ်းခံကြွနေကြ ဆုထူးပန်ကျောင်းတိုက်မှ သံဃာအပါး (၁၂၀)ကျော်ကို အိမ်တိုင်း၊ အိမ်တိုင်းမှ ဆွမ်းဆန်စိမ်း လောင်းလှူကြတယ်။ ထုံးစံအတိုင်းပေါ့ သံဃာတော်များအသုံးတည့်မယ့် ဖယောင်းတိုင် (ဒီရာသီကျော်တာနဲ့ မီးကပုံမှန်ပျက်တော့ လိုအပ်လာပြီလေ :)၊ ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး၊ အကိုက်အခဲသက်သာစေတဲ့ ဒဏ်ကြေလိမ်းဆေး၊ ဆန်၊ ဆီ၊ ကြက်သွန်၊ မျက်နှာသုတ်ပုဝါ၊ ကော်ဖီမစ်အထုပ်၊ ၀တ္ထုငွေ စသည့် အမယ်စုံလင်လှစွာ လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်မှာ လူတန်းကြီးက လောင်းလှူ ကြတယ်လေ။ အဲဒီနေ့ကတော့ အဲဒီလောက်နဲ့ပဲ နှစ်သိမ့်လိုက်ကြတယ်။

နိဗ္ဗာန်ဈေးကိုတော့ တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်နေ့မှာ (ဒီနှစ်အတွက် ၁၃-နိုဝင်ဘာလ-၀၈) ပြုလုပ်လေ့ရှိတယ်။ နံနက်ကတည်းက အိမ်တိုင်း၊ အိမ်တိုင်းက လူစု လူဝေးနဲ့ ညနေစောင်းမှာ ကျွေးမွေးမယ့် နိဗ္ဗာန်ဈေးအတွက် ပြင်ဆင်နေကြပြီလေ။ လမ်းရဲ့ထိပ်မှာလည်း မည့်သည့်အိမ်က မည့်သည့်အစားအစာ ကျွေးမယ်ဆိုတာကို ဆိုင်းဘုတ်ထောင်ထားပြီး ကြေငြာမောင်းခတ်ပြီးသား …။ တဖြည်းဖြည်းနဲ့ နေလုံးက တိုက်တွေရဲ့အကြား ပုန်းရှောင်မလို့ လုပ်တဲ့အချိန်လေးမှာပဲ တဖြည်းဖြည်းရောက်လာတဲ့ ပရိသတ်က လမ်းတစ်လမ်းလုံး ပြည့်လုပြည့်ခင်၊ ဆိုင်းဘုတ်မှာ သွားကြည့်ထားပြီးသားမို့ ကိုယ်ကြိုက်နှစ်သက်ရာ အစားအစာကျွေးမယ့်အိမ်ရှေ့မှာ ဟိုနားမတ်တပ်၊ ဒီနားမတ်တပ်နဲ့ စောင့်နေကြပြီ။ ချက်ပြုတ်ကြတဲ့ လူတစ်စုကလည်း ရေတောင်မချိုးအား၊ ပြီးတာနဲ့ ကျွေးဖို့ ဟန်တပြင်ပြင် …။



ကဲ …. စပါပြီဗျာ နိဗ္ဗာန်ဈေး …။ ဟေ့ … ဒီမှာ အာဟာရအပြည့် ဘဲသားဆန်ပြုတ်၊ နောက်ကျလို့ကတော့ ဘဲတွေထပျံလို့၊ ဆန်ပြုတ်သီးသန့်ပဲရမယ်လို့ အော်တဲ့လူစုကအော် ….။ ဟော့ဒီမှာ ရယ်ဒီမိတ် ကြာဇံကြော်ဆိုပြီး ဖော့ဘူးနဲ့ တခါတည်းထည့်ပေးတဲ့ အဖွဲ့ကလည်း အော်ဟစ်အလုပ်ရှုပ်၊ ထမင်းနဲ့ သီးစုံပဲဟင်းရယ်၊ ငါးခြောက်ကြော်ရယ် နှစ်စဉ်ကျွေးနေကျအိမ်က လမ်းပေါ်မှာ စားပွဲခင်းပြီး တစ်ခါတည်းကျွေး။ မစွံသေးတဲ့ အပျိုလေးတွေကလည်း ထမင်းနဲ့ တခါတည်း တွဲထုတ်တော့မယ့်ဟန်နဲ့၊ ထမင်းလိုက်သလို၊ ဟင်းလိုက်သလိုနဲ့ လူလုံးပြ။ ကိုယ်လှူတဲ့ပစ္စည်းနဲ့ သူလှူတဲ့ပစ္စည်းကိုလဲလှယ်ကြနဲ့ … ကျောက်ခေတ်က ပစ္စည်းချင်းလဲကြသလိုပါပဲ။ လူအုပ်ကြီးကလည်း ဒီအိမ်ကနေ ဟိုအိမ်ပြေးလိုက်၊ ဟိုအိမ်ကနေ ဒီအိမ်ပြန်ပြေးလာလိုက်နဲ့ အို … လမ်းတစ်ခုလုံး လူရောင်စုံ ဖုံးလွှမ်းနေတာပဲ။

လူတစ်ရာကျော် အသာလေးကျွေးလို့ရတဲ့ အစားအသောက်တွေက (၂)နာရီသာသာနဲ့ အကုန် ကုန်တော့တာပဲ။ ဟေး …… ဟိုအိမ်မှာ ကျန်သေးတယ်ဟေ့ဆိုပြီး ဘာမှမကျွေးပဲ ထွက်ကြည့်နေတဲ့ အိမ်ကို လက်ညိုးထိုးလို့ တမိသားစုလုံး အိမ်ထဲကို ၀ုန်းဒိုင်းကြဲပြီး ၀င်သွားလိုက်တာများ၊ လိပ်ရဲ့ခေါင်းက အခွံ့ထဲပြန်ဝင်သလိုမြန်ပ။ ဟိုးအရင် ………. သစ်သားလုံးချင်းအိမ်ဘ၀ထဲကနေ၊ ၇-လွှာတိုက် (၇-လွှာပေါက်စီမဟုတ်ပါ) ဖြစ်တဲ့အထိ နေလာကြတဲ့လူတွေဆိုတော့လည်း တစ်ယောက်နဲ့ တစ်ယောက် ဒီလိုနေ့မျိုးမှာ စိတ်ဆိုးရမှန်းမသိ။ အို .. ဒီလို လမ်းဘေးမှာ ကျွေးတဲ့ထမင်းမျိုးဘယ်တော့မှ မစားဖူးဆိုပြီး ကြွေးကျော်တဲ့လူရှိလား … လွှတ်လိုက်ပါဗျာ … ကောင်းကောင်းပြုစုပြီး ကျွေးလွှတ်လိုက်လို့ နေ့တိုင်း နိဗ္ဗာန်ဈေးတောင် လုပ်ခိုင်းနေဦးမယ်။ ၀တ္တာရားအရ ချက်တာ၊ စီးပွားရေးအရ ချက်တာမဟုတ်တဲ့အပြင် … စေတနာတွေ အပြည့်အ၀ ထည့်ပေးထားတဲ့အတွက်၊ အိုဗျာ … ဒီအချိန်မှာ ဟိုဟာကို ဟိုဟာလုပ်ကြွေးမယ်ဆိုရင်တောင် ကောင်းသဗျား …။

ကျနော်လား … ကိုရုပ်ဆိုးတို့အဖွဲ့ကတော့ ဘဲသားဆန်ပြုတ် အ၀ကျွေးတယ် … ပေးတယ် … ကမ်းတယ် …။ ရောင်းရင်းကော စားချင်သလား … မပူပါနဲ့ဗျာ … အဲဒါကို ကြိုသိလို့ အောက်မှာ တစ်ခါတည်းကျွေးလိုက်တယ်။



သြော် … ဒါနဲ့ ကျနော်တို့ရဲ့ နိဗ္ဗာန်ဈေးက လက်မှတ်ရောင်းပြီးကျွေးတဲ့ နိဗ္ဗာန်ဈေးမဟုတ်ဘူးဗျ။ ကိုယ့်အိမ်၊ သူ့အိမ် သိမှကျွေးမယ်ဆိုတဲ့ နိဗ္ဗာန်ဈေးလည်းမဟုတ်ဘူးဗျ။ မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်တဲ့ နိဗ္ဗာန်ဈေးလည်း မဟုတ်ဘူးဗျ။ အယုတ်, အလတ်, အမြတ်မရွေး … ဒီပန်းကန်၊ ဒီထိုင်ခုံ၊ ဒီဟင်း၊ ဒီထမင်းကို စေတနာဘုံးပေါလအောနဲ့ ကျွေးတဲ့ ဖရီး နိဗ္ဗာန်ဈေး။ မန်းနီးလပ်စ် နိဗ္ဗာန်ဈေး။ အလကားကျွေးတဲ့ နိဗ္ဗာန်ဈေး။ ဒီအချိန် လူကြီးဆိုတဲ့လူ လာစားရင်တောင် အကုန်လုံးနဲ့ တန်းတူညီမျှ အကျွေးခံရမယ့် နိဗ္ဗာန်ဈေး … အိုဘယ့် နိဗ္ဗာန်ဈေးဗျ။

စာကြွင်း …. အဲဒီညမှာ လမ်းထဲမှာ လူငယ်ပွဲရှိတယ်ဗျ။ အကင်ရယ်၊ ဂစ်တာရယ်၊ ပုလင်းရယ် (အချိုရည်ကိုပြောတာပါ၊ ဘာနဲ့ရောထားလည်းတော့ စဉ်းစားဗျာ)။ သူခိုးကြီးလုပ်တမ်းကစားကြတယ်။ နိုင်ငံတော်က ရယ်ရွှင်ဖွယ်ရာကိစ္စများကို အခွင့်ကောင်းယူ၍ ဒုစရိုက်မှုများ ကျူးလွန်တတ်သည်။ ထို့ကြောင့် ဤကစားနည်းအား ပိတ်ပင်လိုက်ပါသည်လို့တော့ နှစ်စဉ်ကြေငြာနေကြဗျ ဒီနှစ်လည်း ကြေငြာအုံးမှာပါ။ ကျနော်တို့က ပစ္စည်းတွေကို မဖွက်ပါဘူး။ စာတန်းလိုက်ချိတ်ယုံပါ။

ဥပမာ …
သမီးရှင်အိမ်ရှေ့မှာ ……. “သားမက်အလိုရှိတယ်”ဆိုတာမျိုးတို့၊
အပျိုကြီး၊ လူပျိုကြီးတွေ အိမ်ရှေ့မှာ “ငှက်ပျောတုံး ၀ယ်ရန်ရှိသည်”ဆိုတာမျိုး၊
နတ်ကတော်အိမ်က ဆိုင်းဘုတ်ကို၊ အရက်ရောင်းတဲ့အိမ်ရှေ့မှာ ပြောင်းချိတ်တာမျိုး၊
အဆဲသန်တဲ့ မိန်းမတွေအိမ်ရှေ့မှာ “ယဉ်ကျေးမှု သင်တန်းပေးသည်”ဆိုတာမျိုး၊
ဘုရားလူကြီးလိုလိုလူအိမ်ရှေ့မှာ “ဒီအိမ်တွင် ရှေးဟောင်းပစ္စည်းများ ရောင်းရန်ရှိသည်”ဆိုတာမျိုး၊
အခြောက်ရှိတဲ့ အိမ်ရှေ့မှာဆိုရင် “ကာယဗလသင်တန်း”ဆိုတာမျိုးတွေ ………. စတာတွေပေါ့ဗျာ။ သိထားတာလေးတွေရှိသေးရင်လည်း ဝေမျှဦးဗျာ …………..။


ကိုရုပ်ဆိုး
၁၀-နိုဝင်ဘာလ-၀၈ (၂၁း၄၃)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Monday, November 10, 2008

ချစ်ဇနီးမွေးနေ့သို့ သ၀ဏ်လွှာ

ဒီနေ့ ကျနော့ဇနီးရဲ့ မွေးနေ့မှာ မနက်စောစော မိသားစုလိုက် ရွှေတိဂုံဘုရားသွားပြီးအပြန် ဒီကဗျာလေးအား မှတ်မှတ်ရရ ရေးဖွဲ့လိုက်ပါတယ်။ ယနေ့မှစ၍ နောင် နှစ်ပေါင်းများစွာ သားနှင့် သမီး၊ လူမိုက်ကြီး ခင်ပွန်းရဲ့နံဘေးမှာ အသက်ထက်ဆုံး နားလည်မှုပေါင်းများစွာနဲ့ နေသွားနိုင်ပါစေလို့ ဆုတောင်းရင်း …..

ကမ်းလင့်ခဲ့တဲ့ လက်တစ်စုံကို
ယုံကြည်စွာ တွဲယှက်
နွဲဆက်ခဲ့တဲ့ … မလေးရေ ..။

ယုံကြည်မှုအပေါင်းနဲ့
(ယိုင်နဲ့နဲ့) တံတားအိုပေါ်ကဖြတ်လျှောက်
တစ်ချက်မှ နောက်မတွန့်ခဲ့တဲ့ … မလေးရေ …။

ငါ, ယုံကြည်မှုတွေပျောက်
လမ်းမှန်ကို မလျှောက်နိုင်စဉ်မှာ
ကြင်နာမှုတွေနဲ့ ချွေးသိပ်ခဲ့တဲ့ … မလေးရေ …။

ဘ၀ရဲ့အမောတွေနဲ့
သောကတွေ ပေါလောဖြစ်နေချိန်မှာ
အပြုံးမပျက် ဖေးကူတဲ့လက်နဲ့ လှမ်းခဲ့တဲ့ … မလေးရေ …။

သမီးရယ်၊ သားရယ်
တို့မိသားစု ကမ္ဘာလေးဝယ်
အေးအတူ၊ ပူအမျှ အတူတကွ
ရွှေလက်တွဲခိုင် သက်ဆုံးထိတိုင်
ကြင်နာဖေးမ တေးသွားအလှတွေနဲ့
လမ်းတိုင်းကို ပန်းခင်းလို့
လှမ်းနင်းကြဖို့အတွက်
ကတိစကား အခါမထပ်ပေမယ့်
ဘ၀တစ်ခုလုံး ပုံကာအပ်စေလို့
မင်းတို့အတွက်သာ ငါ, ဖြစ်စေရမယ် …။

ကိုရုပ်ဆိုး
၁၀-နိုဝင်ဘာလ-၀၈ (၁၁း၃၄)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Saturday, November 8, 2008

ဒဿမှာလည်း ....

“ဒဿ”
ဖျက်မရတဲ့ အမည်းစက်တွေနဲ့
ရာဇ၀င်ထဲက လူတစ်ယောက်

ကြောက်စရာအသွင်အပြင်နဲ့
ကြမ်းကြုတ်ရက်စက်ခဲ့ပင်မယ့်
ရာမ လက်တော်က “လေး”လောက်
ငါ့နှလုံးသားက “သွေး”မသောက်ခဲ့ပါကွယ်။

ဒီလိုပဲ ….

မယ်သီတာကို ဆောင်ကြဉ်း
နှောင်ကြိုးနှင်းခဲ့ပေမယ့်
မမှားယွင်းခဲ့တာ မယ်သီတာအသိ

ဒါနဲ့များကွယ်
ငါ့ .. အချစ်ကို ပယ်ချ
ဗီလိန်က, ကပြခဲ့ရတာက
ငါ့ရဲ့ ၀ဋ်ကြွေးလားကွယ် …။

ကိုရုပ်ဆိုး
၀၈-နိုဝင်ဘာလ-၀၈ (၁၂း၃၀ မိနစ်)

ဆက်ဖတ်မယ်ဆိုရင်...

အခြောက်တစ်ယောက်၏ ဖွင့်ဟ၀န်ခံချက်

ဟဲ့ … ငါတို့က
အခြော်တကောက်ပေမယ့်
အဖော်မကြောက်တဲ့ လူတွေပါကွယ် …။

ခြောက်တာကလူ
စိုနေတာက နှလုံးသား

ငါ့မှာလည်း ချစ်စိတ်နဲ့
မေတ္တာအရိပ်တွေ
ပေးတတ်ပါတယ်ကွယ် …။

ကိုရုပ်ဆိုး
၀၈-နိုဝင်ဘာလ-၀၈ (၁၂း၁၈)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Friday, November 7, 2008

ငါ့ဝမ်းပူဆာ ...

“အမေ ...
ည, ည, ဘယ်သွားနေတာလဲ
သားတို့ မောင်နှမ နှစ်ယောက်
မှောင်ကြီး မဲကြီးထဲ
ကြောက်တယ် အမေရဲ့ ...”

သားကြီးရဲ့ အသံတွေ
နားထဲမှာ လျှံထွက်
သံရည်ပူနဲ့ နှက်သလို
နားဝင် ဆိုးလှပေမယ့်

သားရယ် ...
ညဉ့်ငှက်တစ်ကောင်ရဲ့ ဘဝ
သားတို့ကို ဘယ်လိုရှင်းရပ ...။

ကိုရုပ်ဆိုး

၀၇-နိုဝင်ဘာလ-၀၈ (၁၈း၄၂)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

ခွေးတစ်ကောင်၏ ရှုးသွပ်မှု

မမျှော်လင့်ခဲ့ဘူးလို့တော့
မထင်လိုက်ပါနဲ့ကွယ်
သခင်အကြိုက် လိုက်ခဲ့တာကိုက …။

ကိုရုပ်ဆိုး
၀၇-နိုဝင်ဘာ-၀၈) ၁၅း၀၁ မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, November 4, 2008

ရေသူမသို့ လွမ်းချင်း

ဤကဗျာအား ကျနော်၏ နောင်တော်၊ ကျနော့ဘလော့ဂ်အား နေ့စဉ်ရက်ဆက် စောင့်ဖတ်ပေမယ့် ဘာမှ အသစ်မတွေ့လို့ စိတ်ညစ်နေသူ “ကိုဖြူတုတ်”အား ကျေနပ်နှစ်သိမ့်စေခြင်းငှာ ... ညီတော် ”ကိုရုပ်ဆိုး”မှ တင်ဆက်လိုက်ခြင်းဖြစ်ပါသည်။ နောင်တော် အပန်းပြေပါစေ ... ။

ရေသူမသို့ လွမ်းချင်း

ပြန်မပြောချင်တဲ့
သံယောဇဉ်မဲ့
စကားလုံးတွေနဲ့
ငါ့ရင်ကို ထိုးခွဲ
ဝုန်းဒိုင်းကြဲခဲ့သူရေ …။

ကျောချမှ ဓါးပြမှန်းသိတဲ့
ဟော့ဒီက ငမိုက်သား
အစိတ်ပြားလေးနဲ့ဖြေသိမ့်
လှေဆိပ်မှာ ခွေအိပ်လို့
မင်းပြန်လာမယ့်ရက်
တာလီချိုးကာ တွက်ခဲ့ပေမယ့်
ထရံတစ်ချပ်သာ ကုန်ခဲ့ …။

အခုတော့ …

ငါ့ခန္ဓာကိုယ်က
အရိုးပေါ်အရေတင်
ငါးကြပ်တင်နဲ့ မှားလောက်ရဲ့
မျက်ကွင်းကဟောက်ပက်
အရက်နံ့ တစ်ထောင်းထောင်းထွက်တဲ့
ဟော့ဒီက ငမိုက်သား
ဗိုက်သားက မကျန် …။

အခုနေများ …
ငါ့ကို ဈေးတင်လို့
အလေးချိန်ကြည့်မယ်ဆိုရင်တောင်မှ
“မော်လ်ဒယ်”ဈေးရဖို့တောင် အနိုင်နိုင်

အို … ရေသူမလေးရေ
ရေပေါ်ကို ခုန်တက်
အမြီးလေး တစ်ချက်လောက်ဖြစ်ဖြစ်
လှုပ်ပြ ခဲ့ပါကွယ် …။


အစိတ်ပြား = အရက်လေးပက်ပါဝင်သော ပုလင်းပြား။
မော်လ်ဒယ် = အလေးချိန် လေးဆယ်သားအောက် ရှိသောငါးသလောက်မျိုး။ ငါးထဲတွင် မော်လ်ဒယ်ထုံးစံအတိုင်း အရိုးများ၍ ဈေးအနိမ့်ဆုံးဖြစ်။


ကိုရုပ်ဆိုး
၀၄-နိုဝင်ဘာလ-၀၈ (၁၁း၂၁)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Saturday, October 25, 2008

ဖြေကြမယ်ဟေ့ ကောင်းကောင်း

ညီငယ် မောင်မျိုးလေး TAG ထားတယ်ဆိုလို့ ဘာများလဲလို့ မေးခွန်းတွေ စုံနေအောင်မေးထားတာဗျို့၊ မဖြေမှာစိုးလို့နဲ့တူတယ် ... အကိုရုပ်ချောရေ ဖြေပေးပါတဲ့.

ကဲ မေးခွန်းလေးများအား ပြန်လည်ဖြေကြားထားပါတယ် ညီငယ်မောင်မျိုးရေ ....။


(၁)
မေး ..........အကိုရုပ်ချော (တဂ်ခံရတဲ့သူ ) နဲ့ မောင်မျိုး (တဂ်တဲ့သူတို့) ဘယ်လိုများ ဆက်ဆံပတ်သက်လည်း မသိဘူးနော်
 

ဖြေ........... ဖအေမတူ၊ အမေကွဲ ကျနော့ ညီ ဘလော့ဂါလေးပါ ။

(၂)
မေး..........သူ့အပေါ် အကို့ရဲ့ထင်မြင်ချက် ၅ ချက်လောက်ပြောပြပါလား ?
ဖြေ.........
၁) ခပ်ငယ်ငယ် နဲ့ ဘ၀ပင်လယ်ကို ဇွဲမာန်အပြည့်နဲ့ ကန့်လန်ဖြတ်ကူးနေတဲ့ ကောင်လေးတစ်ယောက်။ (ဒီနေရာမှာ ဘ၀ပင်လယ်ကို ကန့်လန်ဖြတ်ကူးတယ်ဆိုတာ ဒီရေပဲတက်တက်၊ ဒီရေပဲကျကျ ကန့်လန့်ဖြတ်ကူးတဲ့သူဆိုတာ အားမလျော့ပဲ ဇွဲနဲ့ကူးရတာကိုဆိုလိုတာပါ။ ပုံမှန်ကတော့ ဒီရေကျရင်မျှောလိုက်လို့ရတယ်လေ…)

၂) တခါတရံ လောကကြီးကို ပေါက်ကွဲပြီး ဘလော့ဂ်မှာ အံဖတ်တွေကို သွန်ချတတ်တဲ့ …၊ တခါတရံမှာ လာလည်တဲ့ ဘလော့ဂ်ဂါအပေါင်းကို ပျော်ရွှင်စေတတ်တဲ့ ကောင်ကလေးတစ်ယောက်။

၃) အချစ်နဲ့ပါတ်သက်ရင် သိနားသလိုလိုနဲ့၊ တကယ်တမ်း မသိသေးတဲ့ ကောင်လေးတစ်ယောက်။

၎) အကို့နဲ့ တွေ့ရင် ဘီယာတိုက်မယ်လို့ အမြဲပြောတတ်တဲ့ ကောင်လေးတစ်ယောက်။

၅) မိသားစုကို အမြဲတမ်းလွမ်းဆွတ်သတိရနေတဲ့ ဘ၀ပင်လယ်ထဲက ကမ်းကို မပြန်နိုင်သေးတဲ့ လှေငယ်လေးတစ်စင်းနှင့်တူသော ကောင်ကလေးတစ်ယောက်။


(၃)
မေး....အမှတ်တရ အဖြစ်ဆုံး အကို့အတွက် လုပ်ပေးခဲ့ဖူးတဲ့ အရာလေးများရှိလား ?

ဖြေ..... အမှတ်တရ အဖြစ်ဆုံးတော့ မလုပ်ပေးဖူးဘူး။ ဒါပေမယ့် အမှတ်တမဲ့နဲ့တော့ ကျနော့ ဘလော့ဂ်ကို လည်တတ်တဲ့လူမဟုတ်တာတော့ သေချာတယ်။

(၄)
မေး......အမှတ်တရအဖြစ်ဆုံး သူပြောခဲ့တဲ့ စကား ?

ဖြေ.... အကိုနဲ့တွေ့ရင် ဘီယာတိုက်မယ်တဲ့ :) နောက်တစ်ခုက သူ့ပို့စ်မှာတင်ထားတဲ့ ဒီကဗျာလေးထဲက အပိုဒ် (၆)ကနေစပြီးကြိုက်တာ။ အဲဒီထဲကမှ “ဒီနေရာမှာ အမှန်တကယ်ရှိနေတာဆိုလို့ ၊ ရိုးသားမှုတစ်ခုနဲ့  ရှင်သန်နေရတဲ့ တောသားအရိုင်းစိုင်းတစ်ကောင်ပဲရှိပါတယ်.........။”

(၅)
မေး.........သူသာ အကို့ချစ်သူဖြစ်ခဲ့ရင် ဘာလုပ်မလဲ ?

ဖြေ.... ချစ်သူဖြစ်ပြီးမှတော့ တောင်းရုံပေါ့ (လက်ထပ်ခွင့်လေ …:) ဒီလိုနူးညံ့တဲ့လူမျိုး ဘယ်အလွတ်ခံလို့ဖြစ်မလဲ … :P

(၆)
မေး.....အကို့ချစ်သူသာ ဖြစ်ခဲ့မယ်ဆိုရင် သူ့ဘက်က ဘာတွေ ပြုပြင်ဖို့လိုမယ်ထင်လဲ ?

ဖြေ.... သူကသာ ကိုယ့်အကျင့်စရိုက်တွေကို မပြင်ခိုင်းရင် တော်ပါပြီဗျာ ….

(၇)
မေး.........သူက အကို့ရန်သူဖြစ်နေမယ်ဆိုရင်ရော ?

ဖြေ......... ရန်သူငါးပါးထဲမှာ အင်မတန်ဆိုးဝါးလှတာ သူခိုးဓားပြထက်ဆိုးတဲ့ ရန်သူဟာ ဤဇမ္ဗူတစ်ခွင်မှာ မောင်မျိုးသာဖြစ်လို့ကတော့ ကြောင်တောင် အနားမဖြတ်လျှောက်စေရဘူး ….

(၈)
မေး....ရန်သူဖြစ်လာနိုင်စရာအကြောင်းအရင်းကရော ?

ဖြေ.... အကြောင်းအရင်းသိမှတော့ ရန်သူဖြစ်နိုင်ချေ နည်းသွားပြီလေကွယ် …

(၉)
မေး.... သူ့အတွက် အကို ဆန္ဒအရှိဆုံး လုပ်ပေးချင်တာလေးများရှိလား ?

ဖြေ.... သူဖြစ်ချင်တာလေးတွေကို နှုတ်အားဖြင့်သော်လည်းကောင်း၊ ကိုယ်အားဖြင့်သော်လည်းကောင်း တတ်နိုင်သ၍ …

(၁၀)
မေး..... သူ့အပေါ်ခြုံငုံပြီး သုံးသပ်ကြည့်ရင် ဘယ်လိုမြင်လဲ ?

ဖြေ.... ဒီနေရာမှာ ပြောစရာတစ်ခုရှိလာပြီ … ခြုံငုံသုံးသပ်ရမယ်ဆိုရင် … အင်း … ကောင်လေး ဘယ်လိုဖြေရင် ကျေနပ်မလဲ …. အကို့ကို အီးမေးလ်ပို့လိုက်

(၁၁)
မေး..... ( တကယ်ကို ကမ္ဘာကျော်ပုဂ္ဂိုလ်ဆိုတော့ ) အကို့အပေါ် ပတ်ဝန်းကျင်ရဲ့ထင်မြင်ချက်တွေကိုရော ဘယ်လိုမြင်လဲ ?

ဖြေ.... ဟာကွာ … ဘာပြောကောင်းမလဲ .. ကမ္ဘာကို ကျော်တာဆိုတော့ ဘေးကကြည့်တဲ့ ပါတ်ဝန်းကျင်က ထင်းခနဲ မြင်သွားကြတယ်နဲ့တူပါတယ် … ဘာတဲ့ …. X@#$^&%

(၁၂)
မေး... အကို ကိုယ့်ကိုယ်ကို ကျေနပ်မိတဲ့ အကို့ရဲ့ characteristic လေးပြောပြပါလား ?

ဖြေ... အကို့မှာ ထူးခြားတဲ့ လက္ခဏာက မရှိသလောက်ပါ။ ကျေနပ်မိတာကတော့ အများအားဖြင့် အကိုနဲ့ စကားပြောပြီးတာနဲ့ အကိုကို့ ခင်သွားကြတာကို ကျေနပ်တယ်။ ဘာကြောင့်လဲ့ အကို မသိဘူး။

(၁၃)
မေး.... ဒါဆို ကိုယ့်ကိုယ်ကို အမုန်းဆုံး characteristic လေးကရော ?

ဖြေ.....အားနာမှု၊ ခင်တွယ်မှု၊ လောဘမကြီးမှု အဲဒီ လက္ခဏာတွေကို မုန်းတယ်။

(၁၄)
မေး....ကိုယ်အဖြစ်ချင်ဆုံး လူစားမျိုးက ဘယ်လိုလဲ?

ဖြေ.... ဘယ်လိုလူစားမျိုးက ဘယ်လိုဖြစ်နိုင်တယ်ဆိုတာ လေ့လာနေတုန်းဆိုတော့ …???

(၁၅)
မေးးး ...အကို ချစ်ခင်ဂရုစိုက်တဲ့လူတွေကို ဘာများပြောချင်ပါလဲ ?

ဖြေ... အေးဆေးပေါ့ … ဘ၀မှာ ကိုယ်တတ်နိုင်သလောက်ပဲ ရိုးသားတာ အကောင်းဆုံးပဲ …..။

ကိုရုပ်ဆိုး
၂၅-အောက်တိုဘာ-၀၈ (၁၅း၀၀)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Thursday, October 23, 2008

မရေမရာ အိပ်မက်နှင့် ကျနော်

မွန်းကြပ်နေတယ်
လက်ရှိဘ၀ထဲမှာ …

တ၀ဲလည်လည် သံသရာထဲ
ရုန်းထွက်ခြင်း စတင်ဖို့
ခွန်အားတွေ …..
ဘယ်မှာလဲ၊ ဘယ်တော့လဲ …။

မရေမရာ အနာဂါတ်အတွက်
ရေရာသေချာစေဖို့
ငါ, ……………
တက်ကိုဖွင့်၊ ရွက်ကိုလွှင့်လို့
ဆုံးဖြတ်ချက် အပြင်းစားကို
ဝီစကီတစ်ခွက်နဲ့ မျှောချ

အား ……

ပူလောင်ခြင်းလား
မနှစ်မြို့ခြင်းလား
ကြောက်ရွံ့ခြင်းလား
တွေဝေခြင်းလား ….။

မတင်မကျခြင်းများစွာနဲ့
လက်ရှိခေါင်းအုံးပေါ်မှာ
နိုးတစ်ဝက်အိပ်မက်နဲ့
မနက်ဖြန်ပေါင်းများစွာအတွက်
ငါ, မှေးစက်နေရအုံးမှာပါလား …။

ကိုရုပ်ဆိုး
၂၃-အောက်တိုဘာ-၀၈ (၁၆း၂၈)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, October 14, 2008

ပေး မုန့်ပုံး ... ရော့ မုန့်ဖိုး

ကဲ ... ကဲ ... သီတင်းကျွတ်မှာ လာရောက်ကန်တော့ကြတဲ့ ကျနော့ ညီငယ်, ညီမငယ်များကို သီတင်းကျွတ်မှာ သုံးဖို့ မုန့်ဖိုးပေးရမှာပေါ့ ....။ အကုန်လုံးကလည်း USD မှဆိုတော့ အောက်မှာ စိတ်ကြိုက်သာ ယူသုံးကြဗျာ ..။

 အိမ်မှာက USD ဆိုတာ ဒီလို သုံးနေကြဗျ :) :P အဲဒီတော့ ငါ့ညီ, ငါ့ညီမတွေ အားမနာတမ်းယူသုံးကြ။


ကဲ .. ဆုလည်းပေးလိုက်မယ်။ အပျိုမ ညီမလေးများ ကိုအောင်မင်းအောင်နဲ့ ပေါင်းရပါစေ ...။
ငါ့ညီ လူပျိုများ ကိုအောင်မင်းအောင် ညီမနဲ့ ညားကြစေဗျား ...။း)

ပုံတွေကို Google ကနေ ရှာပြီးတင်ထားတာ။

ဆက်ဖတ်မယ်ဆိုရင်...

Monday, October 13, 2008

သီတင်းကျွတ်ပြီ ... ကိုရုပ်ဆိုးကြီး ဘာလုပ်နေသလဲ ???

သတိ ငယ်ငယ်က ကလေးကဗျာရွတ်သလို ရွတ်ကြည့်ပါလား။

သီတင်းကျွတ်ပြီ
ရဟန်းသံဃာများ
ခရီးဝေးသွားလို့ရပြီ ...။

ရင်ခုန်ဖက်နှင့်အတူ
စောင့်နေသူ လူပျို၊ အပျို လေးများ
ခန်းမ ငှားပြီးပြီလား
ဝတ်စုံ ချုပ်ပြီးပြီလား
ဖိတ်စာ လုပ်ပြီးပြီလား
ဆွေမျိုးစာရင်း လုပ်ပြီးပြီလား
တစ်ယောက်မကျန် မမေ့ပါနှင့်
လက်ဖွဲ့လျော့ရင် မကောင်းပါ ....။

ကလေးများ လမ်းသလားနေသည်
မုန့်ပုံးလေးများကိုင်ထားသည်
သူတို့ လိုက်ကန်တော့ကြမည်
ခြင်္သေ့လေးများ ခုန်ထွက်ကုန်တော့သည် ...။

ဟိုဘက်ရွာက အပျိုကလေးများ
သနပ်ခါးလိမ်းထားပါ
လူပျိုလှည့်မည့်သူများ ဒီည လာလိမ့်မည် ...။

ဝါတွင်း ရှောင်ကြသူများ
၁၉-လမ်းမှာ တွေ့နိုင်ပါသည်
ကြိတ်ကြိတ်တိုးကြသည်
အရက်မရမှာ မစိုးရိမ်ပါနှင့်
တရုတ်ကြီးများ အမျှော်အမြင်ရှိသည်
ကြိုတင်၍ ၀ယ်လှောင်ထားကြသည် ...။

အပျိုကြီးများ မျက်ရည်မကျပါနှင့်
စုံတွဲကလေးများ လာကန်တော့ကြလိမ့်မည်
အိုအောင်မင်းအောင် ပေါင်းရပါစေလို့
ရင်နာနာနဲ့ ဆုတောင်းပေးလိုက်ပါ ...။

လမ်းထိပ်က လူကြီးတစ်သိုက်
မီးထွန်းပွဲအတွက် ပြင်ဆင်နေကြသည်
မီးစက်ငှားရန် မမေ့ပါနှင့်
မီးအလွန်ပျက်သည်
ဖယောင်းတိုင်ဈေးလည်း
အလွန်တက်သွားသည် ...။

သီတင်းကျွတ်ပြီ
မီးပုံးပျံလွှတ်ရအောင်
မီးဇာကို ဓာတ်ဆီစွတ်ပါ
ဒီဇယ်ဈေးက ကြီးလှသည်
ဘေးကင်းရာမှာ သွားလွှတ်ပါ
(ဒါမှမဟုတ်)
မီးသတ်ကားကို ခေါ်ထားပါ
ရပ်ကွက်ထဲမှာ ဓနိတဲများရှိသည် ...။

ရဲစခန်းက ရဲတစ်ချို့
ကင်းလှည့်နေကြသည်
ဗျောက်အိုး ဖောက်သူများ အရေးယူမည်
ဆိုင်များတွေ့က အကုန်သိမ်းကြသည်
(ဒီည)
ရဲစခန်းဝင်းထဲ ဗျောက်သံညံကြတော့မည် ...။

ကိုရုပ်ဆိုး ဘာလုပ်နေသလဲ
သီတင်းကျွတ်အတွက် ပြင်ဆင်နေသည်
ရမည့်အိမ်ကို ကန်တော့ပြီးမှ
ပေးရမည့်အိမ်ကို သွားရမည်
ဒါမှ လိမ့်ပါတ်လည်မည် ဖြစ်ပါသည် ...။

ကိုရုပ်ဆိုး
၁၃-အောက်တိုဘာ-၀၈ (၁၅း၅၉)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

အချစ်, Love, l’amour

ပြင်သစ်ကမ္ဘာကျော် စာရေးဆရာ “ဗစ်တာဟူးဂိုး” (Victor Hugo) ကပြောတယ် …

အချစ်ဆိုသည်မှာ “ပြည့်စုံခြင်း၊ အတိုင်းအဆမဲ့” ဆိုပေမယ့် …
လူတစ်ယောက်ထံ အချစ်ဆိုတာ စတင်မိတ်ဆက် သိကျွမ်းလိုက်ရတဲ့အချိန်မှာ သူ့ဘ၀ထဲသို့ “လှို့ဝှက်မှုတွေ၊ စိတ်ဝမ်းကွဲမှုတွေ” ၀င်ရောက်လာတတ်တယ် တဲ့။

အချစ်ဆိုတဲ့အရာက ဘ၀မှာ ရှိသင့်တဲ့ “အပေါင်းအသင်း၊ ဆွေမျိုး နဲ့ ကန့်သတ်ချက်” ဆိုတဲ့အရာတွေကို ထိန်းသိမ်းဖို့အတွက် နေရာလွတ်ရှိလောက်အောင် မကြီးမားလို့ပါတဲ့ ….။
(၁)

ပြင်သစ်စာရေးဆရာ “ပေါ လေအိုးတိုး” (Paul Léautaud) က ဒီလို ဆိုထားသေးတယ် ...

“လက်ထပ်ခြင်းမှာ အချစ်က မပါမဖြစ်လိုအပ်တဲ့အရာ၊ လုပ်ရမယ့်အရာတဲ့ ... ဒါပေမယ့် ချစ်ခြင်းမှာတော့ အချစ်သာ လိုတယ်”တဲ့ (၂)

အချစ်ကို အတန်းအစားအမျိုးမျိုး၊ အလွှာအမျိုးမျိုကလူတွေ သူ့ဘ၀နှင့်ထင်ဟပ်တဲ့ အဓိပ္ပါယ်တွေကို အမျိုးမျိုး ဖွင့်ဆိုခဲ့ကြတာ ယနေ့အထိပါပဲ …။ အချစ်နဲ့ ပါတ်သက်တဲ့ မဆုံးနိုင်တဲ့ ပုံပြင်တွေ၊ ခံစားချက်တွေ၊ အခြေအနေတွေ အမျိုးမျိုးကို တွေ့ဆုံကြုံတွေ့ဖူးကြတယ်။ ဖတ်မှတ်ဖူးကြတယ်။ ခံစားဖူးကြတယ်။ အချစ်ဆိုတာ ဘာလဲ ? ဘယ်နေရာက ထွက်လာပြီး … ဘယ်နေရာကို ၀င်ရောက်ပျောက်ကွယ်သွားကြလဲ … အချစ်မှာမွေးဖွားခြင်း၊ သေဆုံးခြင်း ရှိသလား …. မေးခွန်းပေါင်းများစွာ ရှိသလို၊ အဖြေပေါင်းများစွာလည်း ရှိခဲ့ကြတယ်။ ကိုယ့်ခံယူချက်နဲ့ ကိုယ် ယူဆထားကြပေမယ့် …. ကျနော့အတွက် အချစ်ဆိုတာကတော့

ချစ်နေသူနှင့် အချစ်ခံရသူ နှစ်ဦးတည်းသာ ခံစားနားလည်လို့ရတဲ့ အရာဝတ္ထု သေးသေးလေးတစ်ခုပါ။

လူတွေက ၅၂၈ အချစ်က အေးမြတယ်၊ ၁၅၀၀ အချစ်က ပူလောင်တယ်လို့ ပြောကြတယ်။ ကျနော့အတွက်တော့ အပေါ်မှာ ပြောခဲ့သလို ၅၂၈ ပဲဖြစ်ဖြစ်၊ ၁၅၀၀ ပဲဖြစ်ဖြစ်၊ အေးမြခြင်း ပူလောင်ခြင်းတွေကို ချစ်နေသူနှင့် အချစ်ခံရသူ နှစ်ဦးနှစ်ဖက်ပေါ်မှာသာ သက်ဆိုင်တဲ့ကိစ္စပါ။

အချစ်ဆိုတာ နက်နက်နဲနဲ အဓိပွါယ်ဖွင့်ဖို့ အင်မတန်ခက်တဲ့ စိတ္တဇနာမ်လေး တစ်ခုပါ။ အဓိပ္ပါယ်ဖွင့်ဖို့ မကြိုးစားပါနဲ့။ ကမ္ဘာပေါ်မှာရှိတဲ့ တချို့ကိစ္စတွေက အဓိပ္ပါယ်ဖွင့်လေလေ ရလဒ်က ဆိုးကျိုးများလေလေပါပဲ။ အချစ်နဲ့ တွေ့ခဲ့ဖူးသူကော … အချစ်ကို တွေ့ဖို့ကြိုးစားနေသူကော … ကျနော် မှာချင်တာက “ချစ်ပါ၊ အချစ်ကြီး ချစ်ပါ၊ အဓိပ္ပါယ်မဖွင့်ပါနဲ့

-----------------------------------------------------------------------------
(၁) : L'amour, c'est l'absolu, c'est l'infini ; la vie, c'est le relatif et le limité. De là tous les secrets et profonds déchirements de l'homme quand l'amour s'introduit dans la vie. Elle n'est pas assez grande pour le contenir. Victor Hugo

(၂) : Dans le mariage, on fait l'amour par besoin, par devoir. Dans l'amour, on fait l'amour par amour.Paul Léautaud
-----------------------------------------------------------------------------

ကိုရုပ်ဆိုး
၁၃-အောက်တိုဘာ-၀၈ (၁၅း၅၀)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Wednesday, October 8, 2008

ဖြစ်သလိုလား ... ဘာမှမဖြစ်သလိုလား ... စားလိုက်တာပဲ

ဖြစ်သလို စားသောက်ခြင်း ... (ညီငယ်မဟုတ်တဲ့) ညီမငယ် နန်းညီ က TAG ထားတာလေးကို ဖြေရမယ်ဆိုရင်ဖြင့် ...

ဟိုး .. လွန်ခဲ့သော, ငယ်ငယ်ကအကြောင်း ပြန်ပြောင်းပြောဆိုရမယ်ထင်ပါတယ်။ အမေ ခရီးသွားခါနီးတိုင်း မှာတတ်တဲ့, ပြောတတ်တဲ့ စကားတစ်ခွန်းက “ငါ့သားအတွက် စိတ်မပူရဘူးတဲ့၊ သူက ဖြစ်သလို စားတတ်တယ်တဲ့”။

ကျနော် ... ငယ်ငယ်က အစားအသောက် ဂျေးမများတတ်ဘူး။ ဘ၀မှာ အကြိုက်ဆုံးအစားအစာ မရှိသလို၊ အမုန်းဆုံး အစားအစာလည်း မရှိပါ။ အဲ ... အဲဒီမှာ တစ်ခုဖြတ်ပြောရဦးမယ် ... ငယ်ငယ်က ကျနော်တို့အိမ်နားမှာ အသုတ်ရောင်းတဲ့ “ခါလာကြီး” အသုတ်ကိုတော့ စွဲစွဲလမ်းလမ်းစားမိတယ်။ အခုထိ ခေါက်ဆွဲနဲ့ ထမင်းသုတ်ကို နှစ်ခြိုက်မိတုံးပဲ။ အကြိုက်ဆုံးအစားအစာတော့ မဟုတ်ဘူး။

လမ်းသွားရင်းနဲ့ ဗိုက်ဆာရင် အကြော် (သို့) ငှက်ပျောသီး စားလိုက်တယ်။ အရင်တုန်းကတော့ ရေခဲရေပေါ့နော် .. အဲဒါသောက်လိုက်တယ်။ လက်ရှိကုမ္ပဏီမှာ အလုပ်စလုပ်ခါစက မြန်မာ့လေကြောင်းမှာ ဧည့်သည်တွေအတွက် လေယာဉ်လက်မှတ်သွားဝယ်ရတယ်။ တနေကုန် အဲဒီရုံးမှာပဲ နေရတာ။ ကမ်းနားလမ်းက မြန်မာ့လေကြောင်းရုံးချုပ်မှာပေါ့။ အိမ်က စသွားကတည်းက အဲဒီရုံးကို အရင်သွား လိုအပ်တဲ့စာရွက်စာတမ်းတင်, ပြီးရင် ခဏအချိန်ရတဲ့အခါ ပန်းဆိုးတန်း စာအုပ်အဟောင်းတန်းသွား၊ လိုအပ်တဲ့စာအုပ်တွေဝယ်၊ စာပေဗိမာန်ကိုဝင် .. စာအုပ်တွေဝယ်၊ နေ့လည် ဗိုက်ဆာတဲ့ အချိန်ရောက်လို့ ပိုက်ဆံများများရှိရင် ထမင်းပေါင်းစားတယ်။ ရေနည်းနည်းခမ်းနေရင် ... အကြော်ဝယ်စားတယ်။ ဖြစ်သလိုစားတယ်လို့ ဆိုရမှာပေါ့။ ထမင်းချိုင့်ယူပြီး အလုပ်ဆင်းရတာလည်း အဆင်မပြေတော့၊ ကြုံသလိုစား ... ၀င်သလိုစား ... ဗိုက်ဝအောင်စား .... အရေးကြီးတာက ဗိုက်က ပြသနာမရှာဖို့ပဲ ..။ အဆင်ပြေတယ်။ ဘာမှမဖြစ်။ ကြုံသလိုစားတယ်၊ ဖြစ်သလိုစားတယ်။ ခရီးထွက်ရင် ဘာမှ ယူဆောင်သွားလေ့မရှိ။ ကြုံတဲ့အရပ်က ကြုံတာဝယ်စားတယ်။ (၀မ်းပျက်မယ်ထင်တဲ့ ယင်နားစာတော့ ရှောင်တယ်။ အများအားဖြင့် ရယ်ဒီမိတ် ပူတင်းပေါင်မုန့် .. အဲဒါမရှိရင် ငှက်ပျောသီး.. စတာတွေကို အစားများတယ်။)

ဒါပေမယ့် ... အချိန်ကာလ ရွေ့လျားလာတာနဲ့အမျှ အကျင့်နည်းနည်းပျက်သွားတယ်။ အခုဆိုရင် ဖြစ်သလို စားသောက်ရခြင်းကို သိပ်မနှစ်သက်တော့ပါဘူး။ လက်ရှိ ကျနော် အမဲသားမစားပါ။ ဟင်းထဲ အရွက်ထည့်ချက်ရင် မစားပါ။ ဒါဟာလည်း ပြောလို့ရလို့, လုပ်လို့ရလို့ လုပ်တဲ့ ကိစ္စလေးတစ်ခုပါပဲ။ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ မိသားစုနဲ့ပဲ ဖြစ်ဖြစ် ကြေးအိုးသွားသောက်တဲ့အခါ “အရွက်ထည့်တာ”ကို လုံးဝ (လုံးဝ) မစားပါ။ ငါးဟင်းချက်လို့ ပင်စိမ်း (သို့) နံနံပင် ထည့်လည်း မစားပါ။ ရှမ်းခေါက်ဆွဲစားတဲ့အခါ “ကြက်သွန်မြိတ်”ထည့်ရင် မစားပါ။ ဆိတ်သားဟင်းချက်တဲ့အခါ ဆီသတ်ရွက်ထည့်တာ မစားပါ။ တို့ဟူးသုတ် စားတဲ့အခါ ရှောက်ရွက်ထည့်မစားပါ။ အဲ ... ကွေ့သယိုအပြုတ်စားတဲ့အခါတော့ ပဲပင်ပေါက် ထည့်စားတယ်။ ယိုးဒယားကွေ့သယိုအပြုတ် (အသုတ်ကိုတော့ သိပ်မကြိုက်ပါ) မှာထည့်တဲ့ ပဲပင်ပေါက်ကတော့ စံပါပဲဗျာ ..။ တော်တော်ကြီးတဲ့ ပဲပင်ပေါက်တွေ .. မယုံရင် ညီတော်မောင်မျိုး ကိုမေးကြည့်။

ကျနော့အကျင့်ကတစ်မျိုးဗျ ....၊ အဲဒီလို အရွက်တာရှောင်တာ နံနံပင် တို့စားတယ်။ ရှောက်ရွက် တို့စားတယ်။ အရွက်ကိုမကြိုက်တာမဟုတ်ဘူး။ ဟင်းထဲ ထည့်ချက်ရင် အဲဒီအရွက်က ထွက်လာတဲ့ စိမ်းရွှေရွှေအနံ့ကို မကြိုက်တာ။

ဒါကလည်း အမေအိမ်သွားတဲ့အခါ၊ အိမ်သူသက်ထား ချက်ကျွေးတဲ့အခါ၊ ဆိုင်မှာ ၀ယ်စားတဲ့အခါ ဂျီးများလို့ရလို့ ဂျီးများတာ ထင်ပါတယ်။ တခါတရံ မလွှဲမရှောင်သာ အလှူအိမ်မှာ ဒီလိုမျိုးချက်ထားတဲ့အခါ စားလိုက်ရတာပဲ။ နည်းနည်းတော့ အောင့်သက်သက်ပေါ့။ အမျိုးသမီးရဲ့ မျက်စောင်းကိုလည်း ရင်မဆိုင်ရဲတာနဲ့ လိမ့်ပိတ်မျိုချ ရတာပေါ့ဗျာ ....။

ကဲ .... နန်းညီရေ ... TAG ထားတာနဲ့ ... ဖြေလိုက်တာ တမျိုးစီ ဖြစ်နေရင်လည်း ဆောရီးဗျာ ...။

ဆက်ဖတ်မယ်ဆိုရင်...

Monday, October 6, 2008

အသိလွယ် - အကျင့်ခက်

အကောင်းဆုံးနေ့ .................. ဒီနေ့
အသိဆုံးပုဂ္ဂိုလ် ..................... မြတ်စွာဘုရား
အကြီးဆုံးအရာ ..................... မေတ္တာ
အကြီးကျယ်ဆုံးအချိန် ............. သေခြင်း
အကြီးဆုံးအဟန့်အတား .......... အကြောက်တရား
အလွယ်ဆုံးအလုပ် ................. တဖက်သားကို အပြစ်ရှာခြင်း
အသုံးမကျဆုံးပိုင်ဆိုင်မှု ........... မာန
အကြီးဆုံးပိတ်ဆို့မှု ................. အတ္တ
အကြီးဆုံးအမှား .................... လက်လျှော့အရှုံးပေးခြင်း
စိတ်ချမ်းသာစရာအကောင်းဆုံး .. အလုပ်တစ်ခုကို ကောင်းကောင်းလုပ်ပြီးတဲ့အချိန်
အငြင်းပွားရဆုံးလူ .................. အမြဲတမ်းညည်းတွားနေတဲ့သူ
အဆိုးဆုံးဆင်းရဲမှု ................... စိတ်မပါ၊ လက်မပါဖြစ်ခြင်း
အလိုအပ်ဆုံး ......................... အများတွေးသလို မြင်သလို တွေးတတ်, မြင်တတ်မှု
အညံ့ဖျင်းဆုံးစိတ်ထား .............. သူတစ်ပါးကောင်းစားတာကို မနာလိုခြင်း
အကောင်းဆုံးလက်ဆောင် ........ ခွင့်လွှတ်ခြင်း
အကောင်းဆုံးအချိန် ................ လက်ရှိအချိန်

မှတ်ချက် --- အိမ်, ဆိုင်, ကား စသည်တို့မှာ ချိတ်ဖို့ လမ်းဘေးမှာချရောင်းတဲ့ဆောင်ပုဒ် စာရွက်ကလေးမှ တဆင့် ကူးယူဖော်ပြခြင်းဖြစ်သည်။

ကိုရုပ်ဆိုး
၀၆-အောက်တိုဘာ-၀၈ (၁၇း၅၆)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

ပီတိ တစ်ထုပ်ရယ် ... ငါးတစ်ကောင်ရယ် ... ကိုရုပ်ဆိုးရယ်

ဘလော့ဂ်ဂါသူငယ်ချင်းများ ...
ကျနော့ သူငယ်ချင်းများရဲ့ ပို့သတဲ့မေတ္တာကြောင့် ကိုရုပ်ဆိုးတစ်ယောက် လမ်းခရီးချော့မွေ့စွာနဲ့ ရန်ကုန်သို့ ကောင်းမွန်စွာ ပြန်လည်ရောက်ရှိလာပြီခင်ဗျား ...။

အားလုံးရဲ့မျက်စိထဲ ခရီးစဉ်လေးကိုမြင်သာ ထင်သာဖြစ်သွားအောင် ကျနော်ပြောပြမယ်။ စနေနေ့ (၀၄-အောက်တိုဘာ-၀၈)က ကျနော် မနက် ၅း၀၀နာရီလောက် အိပ်ယာကထပြီး၊ ၀၅း၄၅မိနစ်မှာ Bus ကားစီးပြီး ပန်းဆိုးတန်းဆိပ်ကမ်းကိုသွားတယ်။ ၀၆း၀၀နာရီမှာ ဖယ်ရီဘုတ် (ရန်ကုန်-ဒလ)က စထွက်ပြီး ၁၀မိနစ်လောက်စီးပြီးတာနဲ့ ဒလဘက်ကမ်းရောက်သွားတာ။ အဲဒီမှာပဲ မနက်စာကို ထမင်းကြော်နဲ့ လဘ္ကက်ရည်တစ်ခွက် စားသောက်ပြီး၊ ၀၆း၄၅ လောက်မျာ ကျနော် လိုင်းကား (ဗန်ကား)နဲ့ ဒေးဒရဲကို သွားတာ။ ကားခက တစ်ယောက်ကို ခေါင်းခန်း ၄၀၀၀ကျပ်၊ အလယ်ခန်း ၃၀၀၀ကျပ်၊ နောက်ခန်း ၂၀၀၀ကျပ်နှုံးဗျ။ လမ်းမှာ တွံတေး၊ ကော့မှုး၊ ကွမ်းခြံကုန်းစတဲ့ ရန်ကုန်တိုင်းပိုင်မြို့နယ်တွေကိုဖြတ်သွားပြီး၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကို ဆက်စပ်ပေးထားတဲ့ ဒေးဒရဲတံတားကို ကျော်ဖြတ်ပြီး မနက် ၈း၃၀ လောက်မှာ ဒေးဒရဲကို ရောက်တယ်။ အခု လမ်းတွေက တစ်ခါသွား တစ်ခါဆိုးနဲ့ ကြုံနေရတယ်။ မိုးတွင်းဆိုတော့ ချိုင့်တွေအကြီးကြီးပဲ၊ ပုံမှန် လိုင်းကားတွေ ရန်ကုန်-ဒလကို ၁-နာရီ ၁၅မိနစ်မောင်းတာ အခု ၁-နာရီ ၄၅-မိနစ်လောက်မောင်းရတယ်။ ကျနော် ဒေးဒရဲရောက်တော့ ဆိုက်ကားနဲ့ သစ်ဆိုင်တွေကိုသွား အရင်ကျန်ရှိတဲ့ ငွေတွေကိုချေ၊ နောက်ဝယ်မယ့်သစ်စာရင်းတွေလုပ်နဲ့ ၁၀နာရီ ကျော်ကျော်လောက်မှာ ရွာကလာကြိုတဲ့လှေရောက်လာတာနဲ့ ရွာကိုသွားတယ်။ ပုံမှန်အားဖြင့် ၄၅-မိနစ် သို့ ၁-နာရီလောက် မြစ်ကြောင်းအတိုင်းသွားရတယ်။ ရေတက်၊ ရေကျပေါ်မူတည်တာပေါ့။ ရာသီဥတုကတော့ သာယာလျက်ပါပဲ။ ရွာကိုရောက်ရောက်ချင်း သူတို့ဆောက်လုပ်နေတဲ့ လှေဆိပ်နဲ့ နားနေဆောင်ကို ဓါတ်ပုံရိုက်၊ အဲဒီကလူတွေနဲ့ စကားစမြည်ပြောပြီး ရွာထဲကို သဲအိတ်တွေခင်းထားတဲ့ တာရိုးပေါ်ကနေ လမ်းလျှောက်ဝင်သွားတာပေါ့။ တွေ့သမျှလူတွေ၊ အိမ်တွေကို အော်ဟစ်နှုတ်ဆက်ပြီးပေါ့။




ကျနော်တို့သွားတိုင်း အမြဲတမ်းတည်ခိုနေကျအိမ်လေးကိုရောက်တော့ လှေ ၂-စီးတည်ဆောက်ဖို့နဲ့ လိုအပ်တာလေးတွေကို ရွာကလူတွေနဲ့ ဆွေးနွေးကြတယ်။ ပြီးတော့ နောက်ထပ် လှေ လိုအပ်တဲ့လူတွေစာရင်းကိုလည်း တစ်ခါတည်း မှတ်ခဲ့လိုက်တယ်။ နောက်အလှူရှင်တွေရလာတဲ့အခါ သူတို့ကို လှူအုံးမလို့။ လှေတစ်စီးက သစ်ဖိုးနဲ့ လက်ခပေါင်း ၂သိန်းခွဲလောက်ကုန်မှာ၊ တပ်မယ့်အင်ဂျင်ရယ်၊ ရှပ်တန်း+အထိုင်ရယ်က ၂ သိန်းကျော်ကျော်လောက်ကုန်မှာ။ ဆောက်မယ့် လှေပုံစံက အောက်က ဓါတ်ပုံထဲက အလယ်ကလှေလေးအတိုင်းပါ။ ၁၈ ပေအရှည်၊ လှေဝမ်းအကျယ်က ၂ပေ ၇လက္မ၊ အပေါ်ဗျက်အကျယ်က ၃ပေခွဲ ရှိတယ်။ ပုံမှန်အားဖြင့် လူ ၈-ယောက်လောက် အသာလေးစီးလို့ရတယ်။ ဆန်အိတ်ဝန်အနေနဲ့ပြောမယ်ဆိုရင် တစ်တင်းခွဲအိတ် ၃၀ လောက် အသာလေးတင်လို့ရတယ်။



သူတို့နဲ့ဆွေးနွေးအပြီးမှာ ... ရွာလယ်မှာရှိတဲ့ ဆောက်လက်စကျောင်းလေးကို ဓါတ်ပုံသွားရိုက်တယ်။ အမိုးရယ်၊ အခင်းရယ် ပြီးပြီ၊ အချောသတ်နေတာရယ်၊ ကာမယ့်ထရံကို ရွာသားတွေကိုယ်တိုင် ခရောင်းဝါးနဲ့ ရက်နေလို့ အပြီးမသတ်သေးတာ။ နောက်အပါတ်လောက်ဆိုရင် အလုံးစုံပြီးပြီ။ ကျောင်းရဲ့ပါတ်လည်မှာလည်း အရိပ်ရမယ့်အပင်တွေစိုက်ထားတယ်။

အဲ ... တစ်ခုပြောဖို့ ကျန်သေးတယ်။ ကျောင်းရှိရာကိုမသွားခင်၊ ထမင်းစားခဲ့သေးတယ်။ စားကောင်းတယ်ဗျ။ ဘဲဥမွကြော်ရယ်၊ ၀က်သားဟင်းရယ်၊ ငါးဒန်ဟင်းရယ်၊ ငပိရည် အတို့အမြုပ်နဲ့ပေါ့။ ထမင်းစားပြီးလို့ လေတဖြူးဖြူးနဲ့ မျက်လုံးက စင်းလာပေမယ့် အိပ်ဖို့အချိန်မရှိတော့တာကြောင့် ကမန်းကတန်းပဲ အထုပ်ဆွဲပြီးထွက်ရတာပေါ့။



ပြီးတော့ .... ဆရာမနဲ့ ကျောင်းသား/သူလေးတွေဆီကိုသွားပြီး၊ ၀ယ်လာတဲ့ မုန့်လေးတွေကို ဝေ၊ ပြီးတော့ သူတို့အားလုံးကို ဓါတ်ပုံရိုက်လာခဲ့တယ် (နောက်တစ်ခေါက်သွားမှ အဲဒီ ဓါတ်ပုံလေးကို ပေးရမယ်)။ ပြုံးပျော်နေတဲ့ ကလေးတွေကို စလိုက်၊ နောက်လိုက်နဲ့ သူတို့ ဘာတွေလိုအပ်သေးလဲလို့ မေးမြန်းတဲ့အခါ “ဗလာစာအုပ်ရယ်၊ ခဲတံရယ်၊ ပုံဆွဲစာအုပ်ရယ်”လိုတယ်တဲ့။ နောက်တစ်ခေါက် ဦး လာရင်၊ ၀ယ်လာခဲ့မယ်နော်ဆိုတော့ သံပြိုင်ပါပဲ “ဟုတ်”တဲ့။



ကျနော်လည်း အားလုံးကိုနှုတ်ဆက်၊ လှေပေါ်တက်ပြီးရွာက ပြန်ထွက်တော့ ၂-နာရီ ကျော်နေပြီ။ ဒေးဒရဲရောက်တာနဲ့ “သမာဓိ”သစ်ဆိုင်ကိုဝင်၊ သစ်ဖိုးငွေရှင်း၊ သင်္ဃန်းသားသစ်တွေကိုစစ် (အမှန်က ကိုယ်လည်း သစ်အကြောင်း မသိ၊ နားလည်သလိုလိုနဲ့ ... အမ, သစ်တွေက အနာအဆာကင်းပစေနော်၊ လှေလုပ်မှာ အရေးကြီးတယ်၊ ရေလည်ကျမှ မြုပ်လို့မဖြစ်ဘူးဗျ ... ဘာညာဆိုပြီး ခပ်တည်တည်နဲ့ ဖြီးခဲ့တယ် ဘာရမလဲ ... ရုပ်ဆိုးပဲဟာ :)) ပြီးတော့ ဒေးဒရဲမြို့ထဲပါတ်ပြီး လိုအပ်တဲ့ အောက်ခံသုတ်ဆေး၊ မူလီ၊ ရေနံချည်း၊ ပွဲညှက် စတာတွေကိုဝယ်ပေးလိုက်တယ်။ ပြီးတော့ လိုအပ်မယ့် လက်သမားပစ္စည်းလေးတွေကိုလည်း ၀ယ်ခဲ့ပေးသေးတယ်။ ဘော်ဒါနေတဲ့ ၁၀-တန်းကျောင်းသူလေးကို ဓါတ်ပုံသွားရိုက်မလို့ပါပဲ။ အချိန်ကလည်းနည်း၊ သွားရင်းလာရင်း ကားဂိတ်က ကားတစ်စီးက ကျနော့်ကို လိုက်ရှာနေတာတွေ့တာနဲ့ ရန်ကုန်ကို ပြန်လာခဲ့ရတယ်။

ဒေးဒရဲမှာက ညနေ ၃း၀၀နာရီဆိုရင် လိုင်းကားဂိတ်က ပိတ်ပြီ။ လူရမှ ကားထွက်တာ။ အဲဒီတုန်းက အချိန်က ၄း၀၀နာရီ၊ လူက ၃-ယောက်ကအသင့်စောင့်နေတယ်ဆိုတော့၊ ကားဆရာက ဒေးဒရဲမြို့ထဲမှာ ကျနော့ကို လိုက်ရှာတာ။ မနက်ကတည်းက ကျနော်ပါလာတာကို သိတဲ့ ကားသမားတစ်ယောက်က၊ အဲဒီလူ ဒီနေ့ ရန်ကုန်ပြန်မှာ ငါ, ဈေးထဲမှာ သူ့ကိုတွေ့လိုက်တယ်၊ သွားရှာဆိုလို့ ရောက်လာတာ။ ရုပ်ဆိုးတို့ ကံကောင်းချက်များ ... အပြန်ကားခကတော့ ခေါင်းခန်း ၆၀၀၀ကျပ်၊ အလယ်ခန်းကို ၅၀၀၀-ကျပ်နဲ့ စီးလာရတာ။ တစ်လမ်းလုံး မိုးတွေ သည်းချည်းမဲချည်း ရွာလိုက်တာဗျာ မပြောနဲ့တော့၊ ဒလ ဆိပ်ကမ်းကို ညနေ ၆-နာရီ ၁၅-မိနစ်မှရောက်တယ်။ မိုးအရမ်းရွာတော့ ကားဆရာကလည်း သိမ်းမမောင်းရဲဘူး။ လမ်းကကျဉ်း၊ လမ်းဘေးတစ်လျှောက် ရွာစဉ်ရှိနေတော့ ကားလမ်းပေါ် ကျွဲတက်၊ နွားတက်၊ ကလေးတွေ၊ ဆိုက်ကားတွေ၊ ဆိုင်ကယ်တွေနဲ့ဆိုတော့ ... အန္တာရယ်များတယ်ဗျ။

အပြန် ရွာက ငါးဒန်တစ်ကောင် လက်ဆောင်ပေးလိုက်တယ်။ မနေ့က အဲဒီငါးကို အိမ်မှာချက်စားတယ်။ အဟဲ ... ကောင်းတယ်ဗျ။ အမျိုးသမီးကလည်း ဟင်းချက်ကောင်းဆိုတော့ (မယုံရင် ရွာသားလေးမေးကြည့်)၊ ထမင်းစားလိုက်၊ အိပ်လိုက်နဲ့ လူတောင် နည်းနည်းဝလာသလိုပဲ။

မှတ်ချက်။ ရွာကလူငယ်တွေ မအားတာနဲ့ (ငါးရှာ၊ လယ်လုပ်)နေကြတာနဲ့ သူတို့နဲ့ ဓါတ်ပုံမရိုက်ခဲ့ရဘူးဗျ။


ကိုရုပ်ဆိုး
၀၄-အောက်တိုဘာ-၀၈ (၁၉း၁၂)မိနစ်
ခရီးသွားမှတ်တမ်းမှ ကောက်နှုတ်ချက်

ဆက်ဖတ်မယ်ဆိုရင်...

Friday, October 3, 2008

ကွန်ဒိုင်းသို့

ကဲ ... စာမေးပွဲပြီးပြီဆိုတော့ အလှူအတန်းကိစ္စလေးတွေ ဆက်လက်ဆောင်ရွက်ဖို့ အလှည့်ကြလာပြီပေါ့ဗျာ။ မနက်ဖြန် ကျနော် ဒေးဒရဲ - ကွန်ဒိုင်းသွားမယ်။ အခုကိစ္စက လှေ တည်ဆောက်ပေးဖို့ကိစ္စ။ လက်ရှိတော့ များများမလှူနိုင်သေးဘူး။ ၂-စီးပဲ လှူဦးမှာ။ နောက်ထပ်အလှူရှင်တွေလည်း ရှိပါသေးတယ်။

၁၈-ပေအရှည် လှေတစ်စီး (၆.၅ အင်ဂျင်)နဲ့ တစ်စီးကို လေးသိန်းခွဲ / ငါးသိန်းလောက် ကုန်ကျမယ်။ သင်္ဃန်းသား/တောင်ပိန်းရယ်၊ ပျဉ်းကတိုးရယ် ရောစပ်ပြီးလုပ်မှာ။ ဆောက်မယ့် လက်သမားဆရာကလည်း ရွာမှာ အသင့်ရှိတော့ သိပ်မခက်ဖူး။ မနက်ဖြန် ဒေးဒရဲမှာ သစ်ဝယ်ပေးမယ်၊ သံဝယ်ပေးမယ်၊ ရေနံချေးဝယ်မယ်၊ တခြားလိုအပ်တာလေးတွေကောပေါ့။ ပြီးမှ ရွာကို သစ်တစ်ခါတည်းသယ်သွားမယ်။

ဟိုရောက်ရင် စာသင်ကျောင်း လက်စ သတ်ထားတာကိုကြည့်မယ်။ ရွာလည်လမ်းမ ဖောက်ထားတာ၊ လှေဆိပ်တည်ဆောက်မယ့်နေရာ၊ ဘုန်းကြီးကျောင်းဆောက်လုပ်မယ့်နေရာ၊ ကျောင်းသား/သူလေးတွေကို သွားတွေ့မယ်၊ ဆရာမ ဘာလိုလည်း သွားမေးမယ်။ အာ ... ကလေးတွေအတွက် မုန့်ဝယ်သွားရမယ် :) သူတို့လေးတွေ လာမယ့်နှစ်မှာ စတင်တက်ရောက်ပညာသင်ကြားရမယ့် ကျောင်းအသစ်ရှေ့မှာ ဓါတ်ပုံခေါ်ရိုက်ပေးလိုက်ဦးမယ်။ နဂိုသွားတုန်းက ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကို ဝေပေးရအုံးမယ်။

ရွာက ကာလသားတွေအတွက် ၀ယ်ပေးထားတဲ့ နိုင်ငံခြားဖြစ်ဘောလုံးအသစ် ၂-လုံးနဲ့ သူတို့ကို ဓါတ်ပုံပေးရိုက်လိုက်ဦးမယ်။ (သူတို့က မှော်ဘီဘောလုံးအစား နိုင်ငံခြားဖြစ်လေးများ ဖြစ်နိုင်ရင် ၀ယ်ပေးပါလားလို့ ပူဆာနေတာကြာပြီ၊ ကိုယ်လည်း မရောက်ဖြစ်တာ ကြာပြီကိုး၊ စပါးရိတ်သိမ်းပြီးမှ ရွာသားနဲ့ ရန်ကုန်သား ဘောလုံးချိန်းပွဲလည်းရှိတယ်။) ရွာရဲ့ တိုးတက်လာတာလေးတွေကိုလည်း မှတ်တမ်းတင်ရဦးမယ်။ ကာလသားတွေနဲ့လည်း စကားဝိုင်းဖွဲ့ပြောရမယ်။ မသွားဖြစ်တဲ့ အခိုက်အတန့်မှာ ပြောင်းလဲမှုကတော့ တစ်ခုပဲရှိတယ်။ အဖွားအိုတစ်ယောက် ကွယ်လွန်သွားတာ။ အသုဘပို့မသွားလိုက်ရဘူး အဲဒီနေ့က စာမေးပွဲဖြေနေတုန်းမို့လို့ :( ကျနော်တို့သွားတိုင်း အဲဒီအဖွားက အမြဲတမ်း ကျေးဇူးတင်ကြောင်းပြောနေကျ။ ဟဲ့ ထမင်းထည့်စားပါအုံး၊ စားမကောင်းလို့လားလို့ မေးမယ့်လူတစ်ယောက်တော့ လျော့သွားတာ စိတ်မကောင်းဘူး။

အပြန်တော့ စောစောပြန်နိုင်အောင် ကြိုးစားရမယ်။ ဒေးဒရဲမှာ ကျောင်းထားပေးထားတဲ့ ၁၀-တန်းကျောင်းသူကလေးကိုလည်း ၀င်တွေ့ရဦးမယ်။ ဒေးဒရဲ - ရန်ကုန်ကားတွေက ညနေ ၃း၃၀ နောက်ဆုံးဆိုတော့ စောစောပြန်နိုင်မှ အဆင်ပြေမှာ။ ဒီတစ်ခေါက် သွားမှာက ကျနော် တစ်ယောက်တည်းပါ။

ကိုရုပ်ဆိုး
၀၃-အောက်တိုဘာ-၀၈ (၁၂း၄၄)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Wednesday, October 1, 2008

Don't be angry

Forward Email လေးက ရတာပါ။ Don't be angry တဲ့။ မူရင်းအတိုင်း တင်ပေးလိုက်တယ်။

==============================
သူငယ်ချင်းတို့ရေ...
ဒီစာလေး ဖတ်ပေးပါအုံး.... သိပ်ကောင်းတဲ့ စာလေးပါ....သူငယ်ချင်းတစ်ယောက်ဆီကရတာပါ... ဒီစာလေးဖတ်ပြီ ဒဏ်ရာတွေများရှိနေလို့ ပျောက်ခဲ့မယ်ဆိုရင်..............
ဒီစာလေးကို ကျေးဇူးပြုပြီ ဆုံးအောင်ဖတ်ပေးပါ..........

ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။

အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့ သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။

အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။ ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်.. အဖေရေ.. သားတော့ စိတ်ကို ထိန်းနိုင်သွားပြီဗျ..

အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော.. မင်းကိုယ်မင်း ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်း နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို ပြောနိုင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။

သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။ ၀င်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။ အေး.. သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်။
အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။ ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။ သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့ မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။ ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့။ သူတို့ကိုသံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ်မရောက်ပါစေနဲ့။


ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ် ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်းပြောကြားပေးပါ။ ဒါကြောင့်ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ ဒီအတိုင်းပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ ပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေရှိနေတာကို အလိုလိုခံစားနိုင်မှာပါ။

ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။ ရေးတဲ့သူက ဆရာအတ္တကျော်ပါ။
အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျက်.....

ကိုရုပ်ဆိုး
၀၁-အောက်တိုဘာ-၀၈ (၁၄း၁၅)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, September 30, 2008

“G-talk ဦးတည်ချက် (၄)ရပ်”

ဒီနေ့ သူငယ်ချင်းတစ်ယောက် အီးမေးလ်ကနေပို့လိုက်တာ “G-talk ဦးတည်ချက် (၄)ရပ်” တဲ့။ ဖတ်ကြည့်တာ ရယ်ရလို့ တင်ပေးလိုက်တယ်။

ဆက်ဖတ်မယ်ဆိုရင်...

Monday, September 29, 2008

ကျေးဇူးတင်လွှာ ...

ကျနော် စာမေးပွဲဖြေတဲ့ရက်များအတွင်း လာလည်ကြတဲ့ ဘလော့ဂ်ဂါသူငယ်ချင်းများ၊ စာမေးပွဲဖြေနိုင်စေရန်အတွက် ဆုတောင်းပေးကြတဲ့ သူငယ်ချင်းများအားလုံးအား ကျေးဇူးအထူးတင်ပါကြောင်း
ကဲ ... ကဲ ... ကျေးဇူးတင်လွှာက အစားအသောက်မပါရင် မပြည့်စုံဘူးထင်လို့ 
(အမှန်က တောင်းဆိုသူတွေများလို့ :)) 
တည်ခင်းဧည့်ခံလိုက်ပါတယ်ခင်ဗျာ။ 
မြန်မာစာကို မစားရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေ အတွက်ပါ ...

ကိုရုပ်ဆိုး
http://koyokesoe.blogspot.com

ဆက်ဖတ်မယ်ဆိုရင်...

ပထမဆိုပါလား .....

ညီငယ်မောင်မျိုးလေး TAG ထားတယ်ဆိုလို့ ... ဘာများလည်း ကမန်းကတန်းသွားကြည့်လိုက်တာ ဟိုက် ရှာလပတ်ရည် “ပထမဆုံး”များဆိုပါလား။ ပထမဆုံးဆိုတာ ပြန်မရွေးနိုင်လို့ ပထမတစ်ခေါက်ကတည်းက ဆုံးသွားတာလား၊ ဘာ လား ဆိုပြီး သေချာဖတ်ကြည့်တော့မှ သြော် .... ဒါတွေကို ဖြေရမှာကိုး။ စာမေးပွဲဖြေပြီးတာမှ မကြာသေးဘူး ... မင်းသားကို မအားမှန်းသိလို့ မေးခွန်းစာရွက် အိမ်မှာလာပေးသွားတဲ့ အင်တာဗျုးဆရာလိုလို ဘာလိုလို မောင်မျိုးက လုပ်ချသွားတယ်။ ကဲ ... ကိုယ်ဆိုတဲ့ ကောင် ကလည်း ဒါမျိုးဖြေရမယ်ဆိုရင် ကွန်ပျူတာရှေ့ကနေတောင် ထချင်တာမဟုတ်တော့ခက်တယ်။ ကဲ .. ကဲ .. မောင်မျိုးလေး ဖတ်ကြည့်ကွာ ...။

ပထမဆုံးတက်ရသည့်ကျောင်း.....
အ.လ.က (၃) တာမွေ။ သူငယ်တန်းမှ ရှစ်တန်းအထိ တက်ခဲ့ရတာ။

ပထမဆုံးအတန်းပိုင်ဆရာမ
အင်း … ရေးတေးတေးပဲ။ ဆရာမဆံပင် အရမ်းရှည်တာကိုပဲ မှတ်မိတော့တယ်။ ကြိမ်လုံးလည်းမကိုင်ဘူး။ စကားပြောလည်း အရမ်းနူးညံ့တယ်။

ပထမဆုံးသူငယ်ချင်း
သူငယ်ချင်းလို့ စစ်စစ်မှန်မှန်စတင်ခံစားလိုက်ရတဲ့ သူငယ်ချင်းက ပဲခူးက။ ကျောင်းပိတ်ရက်တိုင်း ပဲခူးမှာ သွားနေရတဲ့ ကျနော့အဖို့ ပဲခူးသူ ညီအမ သုံးယောက်နဲ့ သူငယ်ချင်းဖြစ်ခဲ့တယ်။ အဓိကကတော့ “စန္ဒာ”ဆိုတဲ့ ယောက်ျလျာလေးပါ။ ပြီးတော့ သူ့အထက်က မာလာ။ စန္ဒာနဲ့က ပိုရင်နှီးတယ် …။ သူကလည်း ကျောင်းပိတ်ရက်ရောက်ပြီဆို ကျနော့ကို အမြဲမျှော်တယ်။ မျှော်မှာပေါ့ သားရေကွင်းပစ်တိုင်း၊ ကစားတိုင်း သူပဲ နိုင်တယ်။ အရင်တုန်းက သားရေကွင်းဝယ်ရင် လက်တိုဂျင် နို့မုန့်ဘူးနဲ့ထည့်ပြီးရောင်းတာဗျ။ တစ်ဘူးဆို ၅ ရက် ပဲခံတယ်။ သူ့ဆီအကုန်ရောက်သွားတာချည်းပဲ။ ကျနော့ကို သူက ငယ်နိုင်ကြီးလို့ ခေါ်တယ်။ ကျနော့အပေါ် အနွံအတာခံတယ်။ မာလာကာသီးစားချင်ရင် အပင်မတက်တတ်တဲ့ ကျနော့အတွက် သူက ဒိုင်ခံခူးပေးနေကြ။ တခြားလူတွေ ရန်စရင် သူက အမြဲ ဒိုင်ခံ ရန်ဖြစ်ပေးနေကြ။ အခုထိ သူ့ကို ကျနော် အမြဲတမ်းသတိတယရှိနေတတ်ပြီး၊ ပဲခူးသွားတိုင်း သူတို့ ပြောင်းသွားတဲ့နေရာကို စုံစမ်းတုန်း။ မတွေ့ရတာ တော်တော်ကြာသွားပြီ။ အခုလောက်ဆို သူလည်း ကလေးတွဲလောင်း ဖြစ်နေလောက်ပြီ :)

ပထမဆုံးဖတ်မိတဲ့ စာအုပ်
အဲဒီလောက် မှတ်ဉာဏ်က မကောင်းဘူးဗျ။ (မင်းသား၊ မင်းသမီးတွေ မေ့ရင် ပြောနေကြအတိုင်း ပြောရရင်) အင်း … ဘယ်လိုပြောရမလဲပေါ့နော်၊ အဲဒီစာအုပ်လေးပေါ့နော် … အဟဲ

ပထမဆုံးပျော်ပျော်ရွှင်ရွှင်ဖတ်မိတဲ့ ကျောင်းစာ....
ကျနော်တို့တုန်းက (၁)တန်းရောက်မှ အင်္ဂလိပ်စာ စ, သင်ရတာဆိုတော့
မြန်မာစာပဲ ရွတ်ရတာပေါ့
က ...ကလေးငယ် ကျနော်တို့အရွယ်
ဆ … ဆော့ကြ ယမ်းပုံမီးကျ
ထ … ထမင်းပွဲ ကျနော့အတွက်ပဲ
မ .. မုန်ဖိုး ပေးပါအုံး
အ … အ, တယ်ဗျ၊ စာမရ :)

သင်္ချာကို ငယ်ငယ်ကတည်းက တော်တာဗျ။ အမေကလည်း မှာတယ်လေ ဘယ်အရာကိုမှ လျှော့မတွက်နဲ့တဲ့။ ဘယ်ရမလဲ ကျနော်ကလည်း သုံး သုံးလီ တစ်ဆယ် ဆိုပြီး ပိုတွက်လိုက်တာ။ ဆရာမှက နားရွက်ဆွဲပြီး ထိုင်ထ (၁၀)ခါလုပ်ခိုင်းလို့ နောက်ဘယ်တော့မှ ပိုမတွက်ရဲတော့ဘူး …။

ပထမဆုံးရဖူးသောဆု....
စာနဲ့လား။ ပန်းချီလား။ အားကစားနဲ့လား။ ဘာနဲ့ ရတဲ့ဆုကို ပြောရမှာလည်း ???
ရန်ဖြစ်လို့ အဖေ ပေးတဲ့ ဆု အနေနဲ့ ဗျောတီးတော့ ခံဖူးတယ်။ တခြားဆုကတော့ ….. အင်း ….

ပထမဆုံးစီးသော ဘတ်စ်ကား....
ငယ်ငယ်တုန်းက လှည်းတန်းဘက်မှာရှိတဲ့ ယောက်ျား၊ မိန်းမ ခွဲစီးရတဲ့ ဘတ်စ်ကားတော့ စီးဖူးတယ်။ ကျနော်က ငယ်လို့ဆိုပြီး မိန်းကလေးတွေ အခြမ်းမှာ အဒေါ်နဲ့ စီးရတာ … အဟိ ပျော်စရာကြီး။
(အဲဒါကို … ကိုင်ဇာက သီချင်းတောင် လုပ်ဆိုဖူးတယ် ….။ “ကျောင်းပိတ်ရက်မှာ ၉ ကားကိုစီးစဉ် သံဇကာတွေ စီးကားထား၊ ဟိုး ဟိုး ဆရာ .. ရှေ့မှတ်တိုင်မှာ ဆင်းစို့အချစ်ရာ … လမ်းလျှောက်တာ ကောင်းပါတယ်” ဆိုတာလေ…)

ပထမဆုံး ဆိုဖူးတဲ့သီချင်းက
ရေ၊ မြေခြား သွားရတော့ မင်းလေးကို သော့ခတ်ချင်တယ် ဆိုတဲ့ သီချင်းလေ … အဲ့ မဟုတ်ပါဘူး။
ချိုမိုင်မိုင် ချိုစို့ … ချိုမိုင်မိုင် ချိုစို့ (ရတနာမိုင် ကတော့ ချစ်စရာလေးဗျ။)

ပထမဆုံး ရေးခဲ့သော ရည်းစားစာ
အဟား …. ပြန်ပြောင်းပြောရမှာတောင် ရှက်စရာကြီး။ ကိုယ့်အတွက်မဟုတ်ပဲ သူများအတွက် ရေးပေးဖြစ်ခဲ့တာလေ။ ဒီမှာ ဖတ်ကြည့်

ပထမဆုံးရေးခဲ့ဖူးတဲ့ ကဗျာ
အရမ်းချစ်တဲ့ သူငယ်ချင်းဆုံးတုန်းက ရေးခဲ့ဖူးတာပါ။ သူရဲ့ တစ်လပြည့်ဖိတ်စာလေးမှာ ထည့်သုံးဖြစ်ခဲ့တယ်။ ဒီမှာ ဖတ်ကြည့်ပေါ့

ပထမဆုံး ရောက်ဖူးတဲ့အခြားမြို့ 
ပဲခူးမြို့။ အဲဒီတုန်းက လမ်းမှာ ကားကအကြာကြီးရပ်လို့ အမေကို မေးကြည့်တော့ “နိုင်ငံတော် သမ္မတကြီး ဦးနေ၀င်း”လာနေလို့တဲ့။ အဲဒီတုန်းက ရှိသမျှကားတွေက လမ်းဘေးအကုန်ထိုးရပ်ပေးရတာဗျ။

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား
မောင်မျိုးလိုပါပဲ။ ဈေးပေါပေါနဲ့  အဲရိုးပလိန်း မစီးပဲသွားလို့ရတဲ့ “မဲပြီး ဆောက်နက်တဲ့ မြ၀တီ ဟိုဖက်ကမ်း ယိုးဒယားနယ်စပ်က မဲဆောက် မြို့”။

ပထမဆုံး သောက်ဖူးသော ဆေးလိပ်
ဟား ဟား။ ငါ့ညီ မောင်မျိုးနဲ့ တူသွားပြန်ပြီ။ ပွတ်ချွန်းဆိုတာ အရင်တုန်းက ရန်ကုန်မှာ လူကြီးပိုင်း (အထူးသဖြင့် ကုလားအဘိုးကြီးတွေ သောက်တဲ့ဆေးလိပ်)။ လက်သန်းထက်တောင် သေးအုံးမယ်။ ကျနော်လည်း အဲဒါကို မီးညှိရင်းနဲ့ တစ်ဖွာဖွာခဲ့ဖူးတယ်။

ပထမဆုံး သောက်ဖူးသော အရက်
မှတ်မှတ်ရရ ဒဂုံတက္ကသိုလ်မှာ အဝေးသင် ပထမဆုံး စဖွင့်တဲ့နှစ်မှာ ကျနော်တို့တက်ရတာဗျ။ လွင်ပြင်တီးခေါင်ကြီးမှာ။ ပထမနှစ်ပြီးခါနီး နှုတ်ဆက်ပွဲလုပ်ကြတော့ ကျနော်တို့အဖွဲ့က တီးဝိုင်းငှားပြီး ကျောင်းမှာ အဆိုတော်လုပ်ကြတာ။ အဲဒီရက်မတိုင်မီညက ကျောင်းမှာ သွားအိပ်တုန်း၊ ကျောင်းကိုဆောက်နေတဲ့ အလုပ်ကြမ်းသမားတွေကို ရောင်းတဲ့ဆိုင်က ဘီအီးဝယ်ပြီး လက်တည့်စမ်းကြတာ။ သောက်လို့ မကောင်းပါဘူးဗျာ။ မသောက်တတ်တော့ ကုလားမော့ မော့ပြစ်လိုက်တာ လည်ချောင်းပူပြီး ချောင်းဆိုတာပဲ အဖတ်တင်တယ်။ အခုနေများဆိုရင်တော့ အဟင်း ….

ပထမဆုံး ပစ်ဖူးသော သေနပ်
ငါ့ရဲ့ နှလုံးသားကိုထည့်လို့ မင်းဆီကိုရောက်အောင် သေနပ်နဲ့ ပစ်ထည့်လိုက်ပြီ၊ ဖမ်းပေတော့ကွာဆိုပြီး ရင်ကိုကော့ လက်ညိုးနှစ်ချောင်းရှေ့ပစ်ပြီး မင်းသားစတိုင် အချစ်သေနပ်ပစ်လိုက်တာ၊ ကောင်မလေးကို မမှန်ပဲ ဆရာမတွေ့သွားလို့ ရုံးခန်းရောက်သွားသေးတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အချစ်အကြောင်းစဉ်းစားလို့တဲ့။ ကျနော်က ငယ်ငယ်တည်းက အဲဒီလို ရူးတာဗျ။

ပထမဆုံး ဘလော့ပို့စ်
လွမ်းချင်းဆိုတဲ့ ကဗျာလေးတစ်ပုဒ် …

ပထမဆုံး ထိုင်ဖူးသော လက်ဖက်ရည်ဆိုင် ..
ကိုးတန်းကျောင်းသားတုန်းက ကျောက်မြောင်းတစ်ခွင် လှည့်လည်ပြီး ထိုင်ဖူးတယ်။ အထိုင်ဆုံးက သြဘာလမ်းက “ဖက်တီး”လက္ဘက်ရည်ဆိုင်။ လက္ဘက်ရည်ထက် မျက်စိ အစာကြွေးတာပါ။

ပထမဆုံး ၀င်ငွေရှာသော အလုပ်
အိမ်မှာ ငယ်ငယ်တုန်းက အဖေက ပရိဘောဂလုပ်ငန်းလုပ်တော့ ၀ိုင်းလုပ်ပေးဖူးတယ်။ ဒါပေမယ့် ၀င်ငွေရတဲ့ အလုပ်တော့ မဟုတ်ဘူး။ အင်း … ပြောရရင်တော့ (၆)တန်းကျောင်းသားလောက်မှာ ကျောင်းပိတ်တိုင်း “ကန်တော်ကြီး”မှာ ကားရေးဆေးတဲ့ အလုပ် လုပ်ဖူးတယ်။ တစ်နေ့ ငါးကျပ်ရတယ်။ အဲဒီတုန်းက ရေးဆေး၊ ဆီထိုးဆိုတဲ့ လုပ်ငန်းတွေ မြန်မာပြည်မှာ မပေါ်သေးဘူးဗျ။ ကျနော်တို့က ခေတ်ဦး တီထွင်သူတွေ။ မနက်ဆို ရေပုံးတစ်ပုံးရယ်၊ ရေခွက်ရယ်၊ ဆပ်ပြာရည် (အမှုန့်ထုပ်ကို အရည်ဖျော်ထားတာ)ရယ်၊ ကျနော့ရဲ့ လက်နှစ်ဖက်ရယ်ပေါ့။ တစ်နေ့ ငါးကျပ် ရဖို့အရေးဗျာ … ကန်တော်ကြီးထဲက အလကားရတဲ့ ရေတွေကို သုံးပြီးရှာရတာတောင် တော်တော်ပင်ပန်းတာ။ သူငယ်ချင်းယောက်ျားလေးတွေ ကန်တော်ကြီးထဲ လာရင် ရှက်လို့ ပုန်းရတာကလည်း တစ်ဒုက္ခလေ။ လက်တွေကဆို ကားဘီးကြားထဲ့ နှိုက်ရတဲ့အတွက် ပေါက်ပြဲနေလို့ ကျောင်းပိတ်ရက် တစ်ရာသီပဲ လုပ်လိုက်ရတယ် … အမေမျက်ရည်ကျတာနဲ့ ဆက်မလုပ်ဖြစ်တော့ပဲ … မင်္ဂလာဈေးကြီးဆောက်ပြီးလို့ အဲဒီမှာ ဆေးလိပ်သွားရောင်းတယ်။ ဒူးယားရမယ်၊ ခပေါင်းရမယ်နဲ့ပေါ့ (အဲဒီတုန်းက ပြည်တွင်းဖြစ်စီးကရက်တွေပဲရှိသေးတယ်။) ဆေးလိပ်တစ်ဘူးကုန်ရင် ၃-ကျပ်မြတ်တယ်။ ကျနော်က အတွက်အချက်တော်လို့ မှားအမ်းတာနဲ့၊ ရှက်ရွံ့ရွံ့ဖြစ်နေတာနဲ့ပဲ အမြတ်က ဘယ်တော့မှ အများကြီး ကျန်တယ်ဆိုတာမရှိ။

ပထမဆုံး ဝယ်သော သီချင်းခွေ
လက္ဘက်ရည်ဆိုင်တွေ ရှိနေသရွေ့ အခွေ ဘယ်တော့မှ မ၀ယ်ဘူးဆိုပြီး သံဓိဌာန်ချထားတော့ တစ်ခါမှ မ၀ယ်ဖူးဘူး :)။ အခုထိလည်း အိမ်မှာ ကက်ဆက်မရှိ …။ ဘယ်ရမလည်း မိန်းမရေ … လေးဖြူအခွေအသစ်ထွက်တယ် လက္ဘက်ရည်ဆိုင်မှာ သွားနားထောင်လိုက်ဦးမယ် ဆိုပြီး လစ်ဖို့ တစ်ကွက်ချန်ထားတာ …. (ရှုး … သွားပြန်မပြောနဲ့နော် …)

ပထမဆုံးကြိုက်နှစ်သက်ခဲ့သောသီချင်း
ရေဒီယိုက လွှင့်တဲ့ ကုလားလေး ခင်မောင်ချိုရဲ့ “ကျနော့်ရည်မှန်းချက်”၊ အဲဒီအတိုင်းဖြစ်အောင်လုပ်မယ်ကွလို့ အိပ်မက်, မက်ခဲ့ရတဲ့ သီချင်းလေးပေါ့။ လူတော်တော်များများကတော့ အဲဒီ သီချင်းကို သန်းထွန်းလေး ဆိုတယ်လို့ပဲ သိကြတာ။ မူရင်းက ကုလားလေးခင်မောင်ချိုရဲ့ သီချင်းပါ။ အဲဒါနဲ့ မြန်မာ့အသံ ဓာတ်ပြားဆု ရထားတာ။

ပထမဆုံး အကြိမ် အတန်းရှေ့ စာထွက်ဆိုရခြင်း
မပြောပါရစေနဲ့တော့ဗျာ။ တွေးမိတိုင်း “--င်ကြိမ်း”လို့ပါ။ ဆရာမ မလာခင်အထိ အကုန်အလွတ်ရ။ ဆရာမက အတန်းထဲဝင်ဝင်ခြင်း စားပွဲပေါ်ကို ထားဝယ်ကြိမ် သုံးလုံးပြူးနဲ့ ရိုက်လိုက်လို့ ထွက်လာတဲ့အသံ “ဗျန်း”ဆိုတာကို ကြားကတည်းက တစ်တန်းလုံး (အဆင့်တစ်အမြဲရတဲ့ ကောင်မလေးကလွဲလို့) အရိုက်ခံလိုက်ရတာ သနားပါတယ် ဆရာမခင်ဗျာ အပြန် ကြိမ်လုံးတောင် ပြန်ပါမသွားရှာဘူး။

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ်
အဟဲ … မဖြေပါရစေနဲ့ဗျာ။ ဒီလို အနှောင့်အသွားမလွတ်တဲ့ မေးခွန်းတွေ။
တရားသူကြီးမင်းခင်ဗျား … ဒီမေးခွန်းဟာ တရားခံရဲ့ အနာဂါတ်အတွက် အကြီးအကျယ် ထိခိုက်ဖွယ်ရာရှိတဲ့အတွက် ပယ်ဖျက်ပေးပါ ခင်ဗျား …။

ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့
ရွာသားလေး-၀ိုင်တီယူ ရဲ့ ဘလော့ဂ် (အဟား … သူက လာလည်လှည့်ပါဆိုလို့ လာလည်ရင်း ဒီဘလော့ဂ်လောကကို ရောက်လာတာ။)

ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂါ
ညီမငယ် ရွှေပြည်သူ

ကိုရုပ်ဆိုး
၂၉-စက်တင်ဘာလ-၀၈ (၀၈း၅၂)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Saturday, September 27, 2008

ဘ၀ကို အဆိပ်ခတ် သတ်ပစ်လိုက်ခြင်း

ငါ့ညီ မောင်မျိုးရေ ... ဘ၀အတွက်လည်းရေးပါဆိုလို့ ရေးလိုက်တာ ... ဘ၀အရှုံးသမားဇာတ်မဟုတ်ပဲ၊ ဘ၀ကိုနင်းကန် ဇွတ် စိန်ခေါ်တဲ့ ကဗျာ ဖြစ်သွားတယ်။ သည်းခံ ငါ့ညီမောင်မျိုး ....။ စာမေးပွဲပြီးတဲ့ အထိမ်းအမှတ်ကို (၁၉)လမ်းမှာ လုပ်နေရာကနေ စိတ်ကူးပေါက်လို့ ကဗျာထရေးပြီး တင်လိုက်တော့ နည်းနည်း ... ဒေါသသံပါသွားတယ်။ ဖတ်ကြည့်ပေတော့ မောင်မျိုးရေ ....။

ဘ၀မှာ …
ခါးသက်ခြင်း
ချိုမြိန်ခြင်း
မိန်းမောခြင်း
တွေဝေခြင်း
သာယာခြင်း
နာကျည်းခြင်း
…………………
………………..
သူမတူတဲ့အရာများစွာနဲ့
ဖွဲ့စည်းနေတာ “ဘ၀”

ဒါပေမယ့် …
ဘ၀ဆိုတာ
လက်မပါ, ခြေမပါ
ဦးဏှောက်မပါတဲ့
စိတ္တဇနာမ်တစ်ခု

ငါ,ဆိုတာ
စဉ်းစားတတ်တယ်
ဆင်ခြင်တတ်တယ်
တွေးတောတတ်တယ်
ကျော်ဖြတ်တတ်တယ်

ဒီလို လူတစ်ယောက်က
ဘ၀ကို အရှုံးပေးဖို့ဆိုတာ :(

ဘယ်လောက်ပဲ ခက်ခဲပါစေ
ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ
လှိုင်းဘယ်လောက် ထန်ထန်
လေဘယ်လောက် ကြမ်းကြမ်း
ဖြတ်သန်းဖို့ တွေဝေ
ရင်ဆိုင်ဖို့ နောက်တွန့်
ကြောက်ရွံ့နေခဲ့မယ်ဆိုရင် …

ငါ့ကို ဖိနှိပ်
တရိပ်ရိပ်တက်လာမယ့် အရာတွေ

ဟေ…………………
နင်လားဟဲ့ လောကဓံ
လူပြောမသန်
လူသန်မပြောတဲ့ငါ

“ဘ၀”
လာစမ်းဟဲ့ ငါ့ရှေ့
ဘ၀မေ့စေမယ့်
အဆိပ်တစ်ခွက်နဲ့
ပွဲတော်ကိုတည်ခင်း
ခုချက်ချင်း နင် လည်စင်းစေရမယ် …။

ငါဆိုတာ … ငါကွ။

ကိုရုပ်ဆိုး
၂၇-စက်တင်ဘာ-၀၈ (၁၇း၃၂)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Friday, September 26, 2008

မြန်မာတိုင်းမ်မှ ဆောင်းပါးအား ဝေမျှခြင်း

၂၀၀၈ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက် (သောကြာနေ့)ထုတ် The MYANMAR TIMES မှ ပြည်တွင်းဆောင်းပါး၊ စာမျက်နှာ (၁၁)မှ မောင်ရေစင် ရေးသားတဲ့ “အိုင်စီအက်စ်များအတွက် မြန်မာစာ”ကို ဖော်ပြပေးခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော လောကဓာတ်ကျောင်းခေါ် အရပ်သားဆရာများပို့ချသည့် စာသင်ကျောင်းသည် ၁၈၅၆ ခုနှစ်တွင် ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ခဲ့သည်။ ဖွင့်လှစ်သည့် အဖွဲ့အစည်းမှာ ထိုခေတ်အခါက မြန်မာပြည်အောက်ပိုင်းကို အုပ်ချုပ်နေပြီဖြစ်သော အင်္ဂလိပ်ကိုလိုနီအစိုးရဖြစ်ပေသည်။ သက်ငယ်မိုး၊ ထရံကာ၊ သစ်သား မြေစိုက်တစ်ထပ်ကျောင်းတွင် ခရစ်ယာန်ဘုန်းတော်ကြီး ရို့စ် (Rev Rose)က ကျောင်းအုပ်အဖြစ် ဆောင်ရွက်ပြီး၊ လက်ထောက်ဆရာနှစ်ယောက် ခန့်ထားခဲ့၏။ မြန်မာစာဖြင့်သာ ပို့ချပြီး အင်္ဂလိပ်စာသင်ယူမည့် ကျောင်းသားဦးရေကို ၃၅ ဦးထိသာ ကန့်သတ်ထားခဲ့သည်။ ထိုကျောင်းမှာ ၁၈၆၀-၆၁ စာသင်နှစ်အထိသာ ရပ်တည်ခဲ့၏။

ခရစ်ယာန်သာသနာပြုအဖွဲ့များ၏ စာသင်ကျောင်းများ

ခရစ်ယာန်ဘုန်းတော်ကြီ ဘီဂန်းဒတ် (Bishop Bigandet) နှင့် လက်ထောက်ဆရာသုံးဦးတို့ စတင်ဖွင့်လှစ်သော စိန်ပေါကျောင်း (St. Paul’s School)ကို ၁၈၅၉ ခုနှစ်တွင်လည်းကောင်း၊ အမေရိကန်နှစ်ခြင်းသာသနာပြုအဖွဲ့မှ မစ္စတာဗင်တန် (Mr Vinton)ဦးစီးသော စာသင်ကျောင်းကို ၁၈၆၁ ခုနှစ်တွင် ကြည့်မြင်တိုင်တွင်လည်းကောင်း ဖွင့်လှစ်ခဲ့ကြသည်။ အင်္ဂလီကန်ခရစ်ယာန် သာသနာပြုအဖွဲ့၏ ဒိုင်အိုဆီဇင် ကျား-မ ကျောင်းများ (Diocesan boy’s and girl’s schools)ကို ၁၈၆၂ ခုနှစ်တွင် စတင်တည်ထောင်လိုက်ပြီး၊ ခရစ်ယာန်ဘုန်းတော်ကြီး ဂျေအီမာ့ခ် (Rev. J.E.Mark)၏ စိန်ဂျွန်းကောလိပ် (St. John’s College)မှာ ၁၈၆၄ ခုနှစ်တွင် ရပ်တည်လာခဲ့သည်။ ထို့နောက်တွင် မစ္စကွတ် (Miss Cook)ဦးစီးသော စိန်မေရီ မိန်းကလေးကျောင်း (St. Mary’s girls school) ၁၈၆၆ ခုနှစ်၊ နှစ်ခြင်းခရစ်ယာန်အဖွဲ့၏ အလုံ တန်းမြင့်ကျောင်း၊ ၁၈၇၂ နှစ် စိန်ဂျွန်တိုးချဲ့ကျောင်း၊ ကြည့်မြင်တိုင် စိန်မိုက်ကယ် (St. Michael’s school)တို့သည် အသီးသီး ပေါ်ပေါက်လာခဲ့ကြပါသည်။ ထိုကျောင်းမှာ ၁၈၇၈ တွင် ဖွင့်လှစ်နိုင်ခဲ့သည်။

အစိုးရလေ့ကျင့်ရေးကျောင်း

အစိုးရကတည်ထောင်သော ၀န်ထမ်းလေ့ကျင့်ရေးကျောင်းသည် ၁၈၆၇ ခုနှစ်တွင် ပေါ်ပေါက်လာပြီး၊ ၁၈၇၄ ခုနှစ်တွင် ယောက်ျားလေးတန်းမြင့်ကျောင်းအဖြစ် ပြင်ဆင်ဖွင့်လှစ်ကာ လေ့ကျင့်ရေးကျောင်းကို ပူးတွဲထားရှိခဲ့သည်။ မိန်းကလေးတန်းမြင့်ကျောင်းမှာ ၁၈၇၃ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုခေတ်အခါတွင် ရှိနေပြီးဖြစ်သော စာသင်ကျောင်းအသီးသီးတွင် သင်ကြားရန် ယေဘုယျသတ်မှတ်ထားသော ဘာသာရပ်များမှာ အင်္ဂလိပ်စာ၊ မြန်မာစာစီစာကုံး၊ ကမ္ဘာ့သမိုင်း၊ ပထ၀ီဝင်၊ ဂဏန်းသင်္ချာ၊ အက္ခရာသင်္ချာနှင့် ဂဲအော်မစ်ထရီ ဘာသာရပ်တို့ ဖြစ်ကြပေသည်။

မြန်မာနိုင်ငံပညာရေးဌာန

၁၈၆၆ ခုနှစ်တွင် ကိုလိုနီအစိုးရသည် ထိုခေတ်အခေါ် ပညာမင်းကြီး (Director of Public Instruction) တစ်ဦးကို ခန့်ထားပြီး ပညာရေးဌာနကို စတင်ဖွဲ့စည်းခဲ့သည်။ ထိုအချိန်တွင် ဖွင့်လှစ်ပြီးသည့် စာသင်ကျောင်းအရေအတွက်မှာ လွန်စွာ နည်းနေသေးပေသည်။ သီပေါမင်း ပါတော်မူပြီးနောက် ပညာရေးဌာန တိုးချဲ့ဖွဲ့စည်းသည့်အခါ တောင်ပိုင်း၊ အလယ်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ ဒေသသုံးခု သတ်မှတ်ခဲ့သည်။ ဒေသတစ်ခုချင်းစီတွင် အထက်တန်း ပညာဝန် (Senior Inspector of Schools) တစ်ဦး၊ ပညာဝန် (Inspector of Schools) တစ်ဦးစီ ခန့်ထားကာ လက်အောက်မြို့နယ်များတွင် ပညာအုပ် (Deputy Inspector of Schools) တစ်ဦးစီတို့ကို တာဝန်ပေးခန့်အပ်ခဲ့သည်။ စာသင်ကျောင်းများ နိုင်ငံအနှံ့ တိုးချဲ့ဖွင့်လှစ်လာသည့်အခါ အိန္ဒိယကျောင်းများ၏ ပုံစံကိုအခြေခံသည့်စနစ် ကျင့်သုံးကြောင်းတွေ့ရ၏။ ထိုစနစ်မှာ ၁၈၃၃ ခုနှစ် အိန္ဒိယ ပညာရေးပုံစံ ပြင်ဆင်ရေးဆွဲစဉ်က အကြံပေးပုဂ္ဂိုလ် မက်ကောလေး (Mr. MacCauley)၏ အကြံပြုစာတမ်းနှင့် ၁၈၅၄ ခုနှစ်၊ အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန် ဆာချားလ်စ်ဝုဒ် (Sir Charles Wood)တင်ပြသော စာသင်ကျောင်းပုံစံများ ဖြစ်ပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ထိုခေတ်အခါက စာသင်ကျောင်းသုံးမျိုးရှိခဲ့သည်။ ပထမအမျိုးအစားမှာ ဘာသာရေးမဖက် ပညာရေးသက်သက် အတွက် မြန်မာဘာသာဖြင့် သင်ကြားပို့ချသည့် ကျောင်းများ (Secular Vernacular Schools)၊ ဒုတိယ အမျိုးအစားမှာ အင်္ဂလိပ်စာရော မြန်မာဘာသာဖြင့်ပါ ရောနှော ပို့ချသည့်ကျောင်းများ (Anglo Vernacular Schools)နှင့် တတိယအမျိုးအစားမှာ ဥရောပ ပညာရေးပုံစံနှင့် စည်းမျဉ်းများအတိုင်း ပို့ချသောကျောင်းများ (European Code English Schools) ဖြစ်ကြသည်။ မြန်မာနိုင်ငံ စစ်ကြိုခေတ်ကာလတွင် ရန်ကုန်ရှိ ဒိုင်အိုဆီဇင်ကျောင်း၊ ပြင်ဦးလွင်ရှိ အင်္ဂလိပ်တန်းမြင့်ကျောင်းနှင့် တောင်ကြီး ကမ္ဘောဇကောလိပ်တို့မှာ တတိယကျောင်းအမျိုးအစားနှင့် အတိအကျ ဘောင်ဝင်သည်ဟု သိရပါသည်။

အင်္ဂလိပ်များနှင့် မြန်မာစာ

ကိုလိုနီခေတ်ဦးကာလ ၁၉-ရာစု အစောပိုင်းမှစ၍ အင်္ဂလိပ်များအဖို့ မြန်မာစာ မြန်မာစကားသည် အိန္ဒိယနိုင်ငံသုံး ဟင်ဒူစတန်နီ ဘာသာစကားလောက်ပင် အရေးမပါဟု ထင်မှတ်ခဲ့ကြသည်။ ၁၈၈၆ ခုနှစ် အစောပိုင်းတွင် အိန္ဒိယဘုရင်ခံချုပ် လော့ဒပ်ဖရင့် (Lord Dufferin)က ရုံးတွင်းညွှန်ကြားစာတစ်စောင် ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ရန် သွားကြမည့် အိုင်စီအက်စ် (Indian Civil Service) များ အပါအ၀င် အင်္ဂလိပ် အဆင့်မြင့်အရာရှိများသည် မြန်မာစာ၊ မြန်မာစကားနှင့် မြန်မာမှုဓလေ့ထုံးစံများကို လေ့လာထားကြရန် လိုအပ်ကြောင်း၊ နောင်တွင် ကျင်းပမည့် အိုင်စီအက်စ် စာမေးပွဲများတွင်လည်း မြန်မာမှုဆိုင်ရာ ဗဟုသုတများ မေးခွန်းတွင် ထည့်သွင်းမေးမြန်းမည်ဖြစ်ကြောင်းဖြင့် ပါရှိပါသည်။ ထိုအချိန်မှစ၍ အင်္ဂလိပ်အရာရှိများအနေဖြင့် မြန်မာစာပေကို အနည်းအများဆိုသလို လေ့လာစပြုလာကြသည် ဆိုပါသည်။ ထို အချိန်အခါတွင် လိုအပ်ချက်အခြေအနေကိုလိုက်၍ ပညာရှင်အချို့ကလည်း မြန်မာစာ၊ မြန်မာသဒ္ဒါရေးထုံးနှင့် ပတ်သက်သော စာအုပ်စာတမ်းအချို့ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေလာခဲ့ကြသည်။

ဗျည်းအက္ခရာ၏ပုံသဏ္ဌာန် မြန်မာအမည်တို့ကို ဖော်ပြပြီး၊ ဗျည်းအက္ခရာ၏ အခြေခံအသံထွက်နှင့် အမည်၏ အဓိပ္ပါယ်ကို အင်္ဂလိပ်ဘာသာဖြင့် ရှင်းပြသည့်ဇယားအား PDF File အနေနဲ့ ဒီမှာ ဆွဲချလို့ရပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ကိုရုပ်ဆိုး
၂၆-စက်တင်ဘာ-၀၈ (၁၆း၂၉)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Thursday, September 25, 2008

အရှုံးသမားဆိုတာ ....

စာကျက်ရတာစိတ်ကမဖြောင့် ...။ ဘယ်သူတွေ လာ TAG ပြီးတော့ ... ဘယ်သူတွေ ဘာတွေ တင်ထားသလဲပဲ ခေါင်းထဲ ရောက်ရောက်နေတယ်ဗျာ ...။ သြော် ဘလော့ဂ် .. ဘလော့ဂ် ... တရစ်ပြီး တရစ် တိုးတိုးလာတဲ့ သံယောဇဉ် ဘလော့ဂ်ကြိုးက ... ဖြတ်ဖို့ကလည်းခက် ... စာကျက်နေရင်းတောင် ဘလော့ဂ်မှာ တင်ဖို့ ကဗျာတစ်ပုဒ်က ခေါင်းထဲရောက်လာတယ်။ ကဲ ... တင်လိုက်တယ်ဗျာ။
TAG အကြွေးတွေ၊ ဖတ်စရာအကြွေးတွေ နောက်မှ အေးအေးဆေးဆေး လာဖတ်မယ်။ စာမေးပွဲက စနေနေ့မှ ပြီးမှာ၊ ဒီကြားထဲ ကွန်ဒိုင်းရွာကိုသွားဖို့ လူတွေကလည်းစောင့်၊ နှစ်ကိုယ်ခွဲရုပ်ရှင်ရိုက်ရမလိုဖြစ်နေပြီဗျ။ ကဲ အားလုံးပဲ ... A Lundi. တနင်္လာနေ့ကြမှ တွေ့ကြစို့ ...။

အရှုံးသမားဆိုတာ

ထားခဲ့ပေါ့ …
ငါ့မျှော်လင့်ချက်တွေ
အကုန်စုပြုံသိမ်းလို့
ညတစ်ညရဲ့ အမှောင်မှာ
ငါ, ခိုဝင်နားရုံပေါ့ …။

သွားလိုက်တော့ …
ငါနဲ့ ဝေးရာကိုပေါ့
လက်မပြနဲ့ …
နှုတ်မဆက်နဲ့ …
အရိပ်တစ်ခုကိုတောင်
တန်ဖိုးထားခွင့်မရမှတော့
နေရောက်အောက်က
ငါ, ဖယ်ခွာရုံပေါ့ …။

မရှိုက်နဲ့တော့ …
ငါ့ရဲ့ရှေ့မှာပေါ့
တခြားသူကို ပြုံးပြဖို့အတွက်
(မျက်ရည်တွေ …)
မင်းရဲ့ အဆိပ်ရည်တွေကို
ငါ့ထံပါး မထားခဲ့ပါနဲ့
ပုခုံးငှားပိုင်ခွင့် မရှိမှတော့
မင်းရှေ့မှောက်ကနေ
ငါ, တိတ်တဆိတ် လွင့်ပါးပါရစေ ….။

ကိုရုပ်ဆိုး
၂၀-စက်တင်ဘာ-၀၈ (၁၁း၄၄)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Wednesday, September 24, 2008

“ သူမတူခြင်း ”

လူတို့သည်
ကမ္ဘာပေါ်တွင်
အရာဝတ္ထုတစ်ခုအား စွဲလန်းသည်ဆိုရာ၌
ယင်းအရာသည် ...
ကမ္ဘာပေါ်တွင် တစ်ခုတည်းရှိခြင်း၊ သူမတူခြင်းတို့ကြောင့်မဟုတ် ...

မိမိ ချစ်ခင် စွဲလန်းခြင်းကြောင့်သာလျှင်
ယင်းအရာသည်
သူ မတူခြင်း ဖြစ်ပေ၏ ...။

Saint Ex-Supèrey

ဆက်ဖတ်မယ်ဆိုရင်...

Saturday, September 20, 2008

ကျနော်တို့ခေတ်က ရည်းစားစာ ...

ဒီနေ့တော့ ... ငယ်ငယ်က သူငယ်ချင်းတွေကို ဒိုင်ခံရေးပေးဖူးတဲ့ ရည်းစားစာ တစ်စောင်ကို ဘလော့ဂ်လေးမှာ တင်ချင်တယ်ဗျာ...။ ကိုယ်က ရုပ်ဆိုးတော့ ကိုယ့်အတွက်မဟုတ်ပဲ၊ သူငယ်ချင်းတွေကိုချည်းပဲ ဒိုင်ခံရေးပေးရတာ :) ဟဲ ဟဲ ... ကိုယ်က တစ်ကွက်ချန်ထားပြီး၊ ကိုယ့်အလည့်ကျတော့ ကဗျာတွေရေးပြီး လိမ့်ပေးလိုက်တယ်။ ဘယ်ရမလဲ ...။
အခုတလော ဦးဏှောက်မှတ်ဥာဏ်က သိပ်မကောင်းတော့ မှတ်မိတာလေးတွေပဲ တင်ပေးလိုက်တယ်။ မောင်မျိုးရေ ... ငါ့ညီလိုချင်တဲ့ ရည်းစားစာ အကို တင်ပေးလိုက်တယ်။ လာကူးဦးကွ။

....................................................................................

ချစ်သူ ...

သူ့ဆီက အချစ်တွေ မရရှိခင်မှာပဲ “ချစ်သူ”လို့ ခေါ်တာကိုတော့ နားလည်ပေးပါ။ ကိုယ့် ဘ၀မှာ ချစ်ရတဲ့သူမို့ ချစ်သူလို့ အမြတ်တနိုးခေါ်လိုက်တာပါ ...။

ချစ်သူ ...

ဗုဒ္ဓကဟောခဲ့တယ် ...။

- မချစ်မနှစ်သက်သူနဲ့ နေရခြင်းသည် “ဒုက္ခ” တဲ့
- ချစ်ရသူနဲ့ ကွေကွင်းရခြင်းသည်လည်း “ဒုက္ခ” တဲ့

ဒီတော့ .. သူ့ကို “ချစ်သူ”လို့ ခေါ်ခွင့်ရဖို့အရေး ကိုယ်မျှော်လင့်မိနေတာကို သူ နားလည်နိုင်မယ်လို့ ထင်ပါတယ်။

ချစ်သူ ...

သူ့အနေနဲ့ အချစ်ဆိုတာကို ဘယ်လိုဖွင့်ဆိုချင်လဲ ? ကိုယ်ကတော့ ...

“အချစ်ဆိုသည်မှာ မိမိ၏ ပျော်ရွှင်မူအားလုံးကို ချစ်သူထံသို့ နေရာရွှေ့ထားခြင်းပင်ဖြစ်သည်။” တဲ့

ချစ်သူ ပျော်ရွှင်ပါစေ ...

ချစ်သူအတွက် ကို ကဗျာလေးတစ်ပုဒ် အမှတ်တယအနေနဲ့ ထည့်ပေးလိုက်တယ်။

ရေသောက်မြစ်

စိမ်းစိုဝင့်ကြွား
လှပတင့်တယ်
ပန်းကလေးတစ်ပွင့်နှယ်
လောကရဲ့အလယ်
ဂုဏ်တင့်တယ်ဖို့

မြေအောက်က
ရေသောက်မြစ်လို
သူ့ရဲ့ …
နှလုံးသွေးတွေကို ပေးပို့
ပန်းကလေးတစ်ပွင့်
လှပစေဖို့ပေါ့လေ …။

ဒီလိုပဲ …
ချစ်သူရဲ့ ဘဝ
လှပပွင့်လန်း
တင့်ဆန်းစေဖို့
မြေအောက်က
ရေသောက်မြစ်ဘဝ
“ကို” ဖြစ်ပါရစေ
“ချစ်သူ” ရယ် …။

ချစ်သူရဲ့ အရိပ်ပမာ .... ကို


ကိုရုပ်ဆိုး
၂၀-စက်တင်ဘာ-၀၈ (၁၃း၄၀)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Thursday, September 18, 2008

?????? ....

လွမ်းတယ်ဗျာ ...
ရင်ထဲမှာ ဟာတာတာနဲ့
ဘာကိုလွမ်းမှန်းမသိ။

ချစ်တယ်ဗျာ ...
ရင်ထဲမှာ ဒိန်းတလိန်းနဲ့
ဘယ်သူ့ကိုမှန်းမသိ။

မျှော်လင့်တယ်ဗျာ ...
ရင်ထဲမှာ ဖလန်းဖလန်းနဲ့
ဘာအရာလည်းမသိ။

ကြည်နူးတယ်ဗျာ ...
ရင်ထဲမှာ တစိမ့်စိမ့်နဲ့
ဘာကြောင့်လည်းမသိ။

ကြောက်တယ်ဗျာ ...
ရင်ထဲမှာ တလှပ်လှပ်နဲ့
ဘာကိုမှန်းတော့မသိ။

အဲဒီ ...
ဘာမှန်းမသိတဲ့ အရာလေးက ???

ကိုရုပ်ဆိုး
၁၈-စက်တင်ဘာ-၀၈ (၁၇း၀၀)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

“ထွက်ဆို့”

Bonjour mes amis, (မင်္ဂလာပါ သူငယ်ချင်းများ) မင်္ဂလာဆောင်ပါတော့ မဟုတ်ဘူးနော် ... :)

ကဲ ... ကျနော့်ညီ မောင်မျိုးလေးကလည်း ခွင့်ပြုပါတဲ့။ ဘာကိုလည်းဆိုတော့ ဘလော့ဂ်ရေးခြင်းကို နားပါဦးမယ်ခင်ဗျာတဲ့။ ဘလော့ဂ်တော့လည်မယ်တဲ့....။ အင်း ... ငယ်ငယ်က ဂျင်ပေါက်တန်းကစားတာကို သွားပြီးအမှတ်ရမိတယ်။ ကိုယ်က ကစားဝိုင်းက ခဏနားချင်ရင် “ထွက်ဆို့” လို့အော်ပြီး၊ ပြန်ဝင်ချင်ရင်တော့ “၀င်ဆို့” .. အသံထွက်ကတော့ “၀င်ဆုတ်” “ထွက်ဆုတ်”လို့ အော်ကြတာပဲ...။ သူလည်း “ထွက်ဆို့”လို့ အော်သလို ကျနော့ကိုလည်း အော်ခွင့်ပေးပါ။ ဒါပေမယ့် တစ်ပါတ် (၇)ရက်တည်းပါ။

စာမေးပွဲရှိတယ်ဗျ။ (၇)နှစ်လုံးလုံး <မှတ်ချက် = ၃ နှစ်က အနားတောင်းထားတာ> သင်ယူလေ့လာခဲ့တဲ့ ပြင်သစ်ဒီပလိုမာ နောက်ဆုံးနှစ်၊ နောက်ဆုံး စာမေးပွဲ ဖြေရမှာ။ လာမယ့် တနင်္လာနေ့ (၂၂-စက်တင်ဘာလ-၂၀၀၈)။ ကျနော်လည်း သူ့လိုပဲ အလည်တော့ လာဖြစ်မယ်။

Au revoir, (နှုတ်ဆက်တယ်၊ ပြန်တွေ့မယ်)

A bientôt. (မကြာခင်ပေါ့)

ဆက်ဖတ်မယ်ဆိုရင်...

Wednesday, September 17, 2008

ရွှေပြည်သူ (သို့) စကားလုံးဖြင့် လောကကို အလှဆင်သူ

ညီမငယ် ရွှေပြည်သူ က ကျနော့တင်ထားတဲ့ ပို့စ်တစ်ခုကိုဖတ်ပြီး ကွန်မန့်မှာ ကဗျာလေးတစ်ပုဒ် လက်ဆောင်ပေးသွားခဲ့တယ်။ အမှတ်တရ ရေးပေးသွားခဲ့တဲ့ကဗျာလေးကို မှတ်မှတ်ရရ ဖော်ပြပေးချင်တဲ့စိတ်နဲ့ တင်ပေးလိုက်တယ်။

ညီမငယ်ရေ ဒီနေရာကနေ ရာပြည့်ကျေးဇူးတင်လွှာ လေးအတွက်ကော၊ မှတ်မှတ်ရရ စာမူခ ကဗျာလေးအတွက်ကော ကျေးဇူးပါဗျာလို့ ပြောပါရစေ....။

မပျက်မလွဲပြီ
လက်တွဲချည်လို့
ညီညာကြွမြန်း
မွန်မြတ်လမ်းသို့
သွားခဲ့ကြသည်
သွားကြသည်တဲ့
ကူညီကမ်းဆက်
ရွှေလက်များကို
ရင်ဝယ်လေးစားမိပါသည်...

(၁၇.၀၉.၀၈ ~ မနက် ၁း၀၂ နာရီ)

အမြဲတမ်းအလှူတွေ မရပ်မနားလုပ်နေတဲ့ အစ်ကိုတို့တွေကို လေးစားစိတ်နဲ့ အစ်ကို့ကဗျာလေးကရတဲ့ Inspiration ပေါင်းပြီး ဆက်ရေးကြည့်လိုက်တာပါ။ အားလုံးကို လေးစားပါတယ်။ အားလုံးအတွက် ဂုဏ်လည်းယူပါတယ်...

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, September 16, 2008

နာကျင်မှုမှသည် ... ကြင်နာမှုဆီသို့

ကျနော် ဒီကဗျာလေးကို ၄-၃-၂၀၀၁ ခုနှစ်မှာ ရေးခဲ့တာပါ။ အဲဒီနေ့က ကျနော့ သမီးလေး မွေးတဲ့နေ့လေ ...။ သမီးလေး နာမည်ကို ”မေသူကို”လို့ ပေးထားတယ်ဗျ။ အခုခေတ်အခေါ် Grade-3 (ဒုတိယတန်း)တက်နေတယ်လေ။ ကျနော်နဲ့ အကျင့်စရိုက်တော်တော်များများတူတဲ့ သမီးလေးပါ (ဟဲ ... ဟဲ .. ကြော်ငြာဝင်တာ :))


ချစ်ဇနီး သို့

မိသားစုဘ၀လေးအတွက်
ချစ်သမီးလေးတစ်ယောက်နဲ့
ကိုယ်တို့ဘ၀ထဲဖြစ်တဲ့ နေ့လေးတစ်ရက်
အမှတ်တရ ရှိနေပေါ့ကွယ် ....။

မလေးရေ ...
ကိုယ့်အတွက်
အဖိုးမဖြတ်နိုင်တဲ့ ရတနာ
သမီးအလှကညာကို
နာကျင်ခြင်းဝေဒနာ ခံစား
ခက်ခဲစွာမွေးဖွား (ပေးတဲ့အတွက်)
တို့မိသားစုဘ၀ သာယာအောင်
မတူနိုင်တဲ့ တူနိုင်မဲ့အရာကို
ကိုယ်လေ ဖွေရှာပေးပါ့မယ်(လို့)
ဆန္ဒပြုရင်း .....။

ကိုရုပ်ဆိုး
၎ ရက်၊ မတ်လ၊ ၀၈ (၁၅း၂၀)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

ရင်ဘတ်နှင့် ရေးဖြစ်ခြင်း

မင်္ဂလာအပေါင်းနဲ့ ခညောင်းကြပါစေ ဘလော့ဂ်ဂါ ညီအကိုမောင်နှမ သူငယ်ချင်းများ ...။

ကျနော်တို့ သွားလှူနေကြ ဧရာဝတီတိုင်းက “ကွန်ဒိုင်း”ဆိုတဲ့ရွာကလေးကို ရောက်တုန်းရောက်ခိုက် ရေးဖြစ်ခဲ့တဲ့ ကဗျာတိုလေးပါ။ သူတို့ကို ပေးခဲ့တာပါ။ အမှတ်တရအနေနဲ့ ကျနော့ ဘလော့ဂ်လေးပေါ်မှာ တင်ထားလိုက်တယ် ...။ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်ကလေးပါ။ စိတ်ထဲ ကြည်နှုးတာနဲ့ ရေးဖြစ်သွားတာပါ။ ဖတ်ကြည့်ပေးပါဦး ....။

ဆက်ဖတ်မယ်ဆိုရင်...

Saturday, September 13, 2008

အလွမ်းဆုံးကတော့ ....

ဒါကတော့ ကျနော့ရဲ့ ကိုယ်ပိုင်ကဗျာမဟုတ်ပါ ...။ ကြိုက်လွန်းလို့ ကူးယူသိမ်းထားပြီး ... ကိုယ်ကိုတိုင်ရေးသလိုနဲ့ ပေးခဲ့တာ ... :)

တို့နှစ်ယောက်ရဲ့ အနာဂတ်ကို
လွမ်းကြရအောင် မလေးရေ။
မင်းရဲ့အတိတ်၊ အဆိပ်သင့် ...ည
ထိုကာလကို
အိပ်ခွင့်ထာဝရ ပေးလိုက်ပါ။
ဒီညတော့
မင်းရဲ့အိပ်မက်၊ မင်းရဲ့ ...အတွေး
မင်းရဲ့ ...ရင်ခွင်၊ သံယောဇဉ်တွေကြားမှာ
ကိုယ့်ကို
ခိုနားခွင့်ပြုပါ။
ကိုယ့်ရဲ့ ရင်ခွင်ကတော့
မင်းပြုသမျှ နားလည်ပြဖို့အတွက်
လှပစွာ ရဲဝံ့နေလိမ့်မည်(မယ်)
မင်းမှာ ...
နာကျင်စရာတွေ
ကျန်ရှိနေဦးမယ်ဆိုရင်
ကိုယ့်ကို လက်ဆောင်ပေးပါ။
မင်းဟာ ...
ကိုယ့်ရဲ့ လရောင်နွေး။
မင်းဟာ ...
ကိုယ့်ရဲ့ နေရောင်ခြည်။
မင်းဟာ ...
ကိုယ့်ရဲ့ နွေးထွေးဖော်။
မင်းဟာ ...
ကိုယ့်အတွက် ....
ရာသက်ပန် ကဗျာတစ်ပုဒ်ပါပဲကွယ်။

မင်း ...
အိပ်မက်တွေ မက်နေသလား။
ဒါ ...
အာရုံများကို လှည့်စားခြင်းဖြစ်တယ်။
မင်းရဲ့ အိပ်မက်တွေ
လှပစေဖို့
ကိုယ့်ရဲ့ အသည်းနှလုံးကို
ခေါင်းအုံးပြီးအိပ်ပါ။
မင်းရဲ့ ... စကားသံချိုချိုလေးတွေကို
ကိုယ် ... နားထောင်ချင်ပါတယ်။
ကိုယ့်ရဲ့ စကားသံတွေကိုလည်း
မင်း ... ကြားယောင်နေစမ်းပါ။

ဒါဟာ ....
(ကိုယ့်ရဲ့မျှော်လင့်ခြင်း မဟုတ်ခဲ့ရင်တောင်)
မင်းရဲ့ အနာဂတ်အတွက်
ကိုယ့်ရဲ့
ချစ်ခြင်းလက်ဆောင်ဖြစ်လိမ့်မယ်။
ပျော်ပါရဲ့လား ... မလေး
တွေးကြည့်စမ်းပါကွယ်။
ဝေးလွင့်ခြင်းနဲ့ မကြုံရဖို့
မင်း....
ဘာဆုတွေ တောင်းသလဲ။
မင်းရဲ့
ဆုတောင်းခြင်း နောက်တော်ပါးက
ကိုယ့်ရဲ့ တမ်းတခြင်းကတော့
အနာဂတ်ကို လွမ်းဆွတ်ခြင်းပဲ ဖြစ်တယ်။
မင်းနဲ့ ပတ်သက်မှ
ကိုယ် ...
မနက်ဖြန်ကို စိတ်ဝင်စားခဲ့ပြီ။
ဘာပဲဖြစ်ဖြစ်
မနက်ဖြန်မှာ မျက်နှာသစ်ဖို့
မင်းရဲ့ ချစ်ခြင်းတွေ လိုအပ်တယ်။

မောင် ... အလွမ်းဆုံးကတော့
မလေးရဲ့
မနက်ဖြန်တွေကိုပါပဲ ....။

ဆက်ဖတ်မယ်ဆိုရင်...

ချစ်သူအတွက် ....

ဒီလို ကဗျာလေးတွေနဲ့ ကြွေခဲ့တာဗျ ... အားပေးကြပါအုံး။

ချစ်သူအတွက်

ချစ်သူအတွက်
မမောမပန်း
စိတ်ရွှင်လန်းအောင်
သံစဉ်ချိုမြ
တေးဂီတနှင့်
ဖျော်ဖြေသူလေး
ဖြစ်ချင်တယ် ...။

ချစ်သူအတွက်
နာဖျားမကျန်း
စိတ်ပင်ပန်းက
နီးကပ်ပြုစု
စောင့်ရှောက်မှုဖြင့်
ချွေးသိပ်သူလေး
ဖြစ်ချင်တယ် ...။

ချစ်သူအတွက်
သောကပြည့်လျှမ်း
ခရီးကြမ်းဝယ်
လိုက်ပါစောင့်ရှောက်
အားကိုးလောက်တဲ့
ကိုယ်ရံတော်လေး
ဖြစ်ချင်တယ် ...။

ချစ်သူအတွက်
ယုယုယယ
ကြင်နာပြလျက်
သစ္စာတရား
နားလည်ထားတဲ့
ချစ်သူတစ်ယောက်
ဖြစ်ချင်တယ် ...။

ချစ်သူအတွက်
ချစ်စစ်ချစ်မှန်
မေတ္တာဟန်ကို
ဖွဲ့နွဲ့ရသ
ညွှန်းဆိုပြတဲ့
ကဗျာရှင်လေး
ဖြစ်ချင်တယ် ...။

ရင်ထဲအချစ်
မေတ္တာစစ်ကို
ဖွင့်ဟညွှန်းဆို
ချစ်သူတစ်ယောက်
သိစေလို ...။

ကိုရုပ်ဆိုး
၁၉၉၅ ပါတ်ဝန်းကျင်

ဆက်ဖတ်မယ်ဆိုရင်...

Friday, September 12, 2008

ဆယ်ရက်နှင့် ကျနော် နပမ်းလုံးခြင်း ...

ဒီနေ့ .... စိတ်ကူးကမ္ဘာလေးထဲက ညီမငယ် ဝေလေး က ကိုရုပ်ဆိုး ဘ၀မှာနေထိုင်ဖို့ (၁၀)ရက်ပဲကျန်တော့ရင် ဘာတွေလုပ်မလဲတဲ့ .... အမေးရှိလာတော့လည်း၊ အဖြေရှိရမှာပေါ့ ....။ အသက် (၃၀)ကျော်လာတဲ့အထိ ဘ၀မှာ ဘာမှ ရေရေရာရာ မလုပ်လာတဲ့လူက (၁၀)ရက်ပဲကျန်ရင် ဘာလုပ်ရမလဲဆိုတဲ့ မေးခွန်းကို ဖြေဖို့ တော်တော်ကြိုးစားရတယ်။ ကိုယ့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်း ဘလော့ဂ်ဂါတွေကိုလည်း အာဖျံကွီး မလုပ်ချင်ဘူး။ ညီငယ် ရင်တွင်းဖြစ်မောင်မျိုး လို နေ့စဉ် ဘာလုပ်ရမယ်ဆိုတာလည်း မသိဘူး ဖြစ်နေပြန်တယ်။ လူတွေ ငယ်ကျပေမယ့် အရာရာကို (သေခြင်းတရားကိုတောင်) ရင်ဆိုင်ဖို့ အစီအစဉ်ဆွဲနိုင်တဲ့ ဒီလိုကလေးတွေကို အားကျမိပါရဲ့ ...။
ကဲ အောက်မှာ ဆက်ဖတ်ပါဗျာ ...။ အဖြေက နည်းတယ်ဆိုရင်တောင်မှ ရင်ဘတ်ထဲက၊ နှလုံးသားထဲက ဆန္ဒအတိုင်း ရေးထားတာလို့ နားလည်ပြီး ဖတ်ပေးကြပါဗျာ ...။

မသေခင် (၁၀)ရက်စလုံး ..........
(၁) အမေ့ဆီသွားပြီး အမေ့ရဲ့ ပေါင်ပေါ်မှာ (သို့မဟုတ်) လက်မောင်းပေါ်မှာ တရေးလောက်ဖြစ်ဖြစ် သွားအိပ်မယ်။ အမေကို နင်းပေး၊ နှိပ်ပေးမယ်။ (တခါတရံမှ လုပ်ပေးဖြစ်တဲ့ကိစ္စမို့ .. မသေခင် (၁၀)ရက်လုံး လုပ်ပေးချင်တာ။)

(၂) ည အိပ်ယာဝင်တိုင်း ကျနော့ရဲ့ နေတိုင်းလုပ်နေကျဖြစ်တဲ့ ဘုရားဦးတင်ခြင်း (ဘုရားစာရွတ်ပြီးရှိခိုးတာမဟုတ်) ကိစ္စလုပ်မယ်။ ဒီနေရာမှာ တစ်ခုဖြတ်ပြောပါရစေ ... ကျနော်က အရက်သောက်ပြီး အိပ်ယာဝင်မယ်ဆိုရင်တောင် ဘုရားဦးချတယ် (အနန္တော၊ အနန္တငါးပါးကို ရှိခိုးဦးတင်ပါ၏။ ၇-ရက်သားသမီးများ ကျန်းမာ၊ ချမ်းသာကြပါစေ ဆိုပြီးတော့ ကန်တော့တယ်။)။ အမျိုးသမီးကတောင် နင် အရက်သောက်လာတဲ့ ပါးစပ်နဲ့ ဘုရားရှိခိုးတာ စိတ်ထဲဘယ်လိုမှ မနေဘူးလားတဲ့။ (ကျနော်ကတော့ ဆိုင်တယ်မထင်။ အရက်သောက်တာ သက်သပ်၊ ဘုရားရှိခိုးတာ သက်သပ်၊ မဟုတ်ဘူးလားဗျ ...နော့) အဲဒီမှာ တစ်ခုဖြည့်စွက်ပြီး “ခင်ပွန်းကြီး (၁၀)ပါးအား ပြစ်မှားမိတဲ့ အပြစ်များရှိခဲ့ရင် ရှိခိုးဝန်ချတောင်းပန်အပ်ပါသည်”လို့။

(၃) အလုပ်ချိန်ပြီးလို့ အိမ်ပြန်ရမယ့်အချိန်မှာ အရင်လို ဝေလေလေမလုပ်တော့ပဲ၊ အိမ်စောစောပြန်မယ်။ ကျနော့ရဲ့ သားလုပ်ချင်တာတွေ၊ သမီးလုပ်ချင်တာတွေ၊ ကျနော့အမျိုးသမီး ဖြစ်ချင်တဲ့ဆန္ဒတွေ အကုန်လုပ်ပေးမယ်။ အကြွေးဆပ်မယ်ဆိုတဲ့ သဘောပေါ့ဗျာ...။ သားသမီးတွေကို ဘ၀ကို ဘယ်လိုရင်ဆိုင်ရမယ်၊ တွေ့ကြုံလာတဲ့ ဒုက္ခတွေကို ဘယ်လိုကျော်ဖြတ်ရမယ် စသဖြင့် ညတိုင်း ပို့ချချက်တွေ ပေးမယ်...။
ပုံမှန်မဟုတ်လို့ အိမ်က ဘာဖြစ်လဲလို့ မေးလာရင်တော့ ဘယ်လိုဖြေရမယ်မသိ ... :)

(၄) ကျန်ရှိနေသေးတဲ့ ဘလော့ဂ်အကြွေးတွေကို ကုန်အောင်ဆပ်မယ် .. (ဥပမာ ... Buddhist Terms Dictionary ကို ပြီးပြတ်အောင်တင်တာမျိုး၊ “ဒို့မြန်မာပြည်”ဆိုပြီး ဖွင့်ထားတဲ့ ဘလော့ဂ်မှာ ကိုယ်သိထားတဲ့၊ ကိုယ့်အိမ်မှာ ရှိတဲ့ သမိုင်းစာအုပ်တွေကိုးကားပြီး လာဖတ်သူတွေ နည်းနည်းစိတ်ကျေနပ်လောက်တဲ့အထိ တင်ခဲ့မယ်။) အခုတော့ ဖွင့်ပြီးကတည်းက ၀င်တောင် မ၀င်နိုင်သေးဘူး။ :(

(၅) အခု သွားရောက်လှူဒါန်းနေတဲ့ ရွာကလေးမှာ စာကြည့်တိုက် (၁)ခု လုပ်ပြီး၊ ကိုယ့်မှာရှိနေတဲ့ စာအုပ်၊စာတမ်း တချို့ကို သွားထားပေးထားမယ်။ (တချို့က သားသမီးတွေအတွက် အမွေ ပေါ့) ဗဟုသုတ ရစေမယ့် စာအုပ်ကလေးတွေပါ ၀ယ်ပြီးတော့ပေါ့...။

(၆) ကဲ ... သူငယ်ချင်း ဘလော့ဂ်ဂါများ၊ သူငယ်ချင်းကကော ကိုယ်မသေခင် (၁၀)ရက်မှာ ကိုယ်က သူငယ်ချင်းအတွက် ဘာလုပ်ပေးစေချင်လဲ။ အတတ်နိုင်ဆုံး ကိုယ် ဖြည့်ဆည်းပေးသွားအုံးမယ်။

ဟုတ်ပြီဗျာ ...(၁၀)ရက်ပြည့်လို့ သေမယ်ဆိုရင် ပြုံးပြုံးကြီးသေချင်တာဗျ (နဂိုက ရုပ်ဆိုးရတဲ့အထဲ ရှုံ့မဲ့ပြီး မသေချင်ဘူးဗျ)။ ဒါပေမယ့် ဘယ်လိုသေမယ်မှန်းမှ မသိတာ ... ဟုတ် တယ် ဟုတ်။


ကျနော်လည်း အောက်ပါသူငယ်ချင်းတွေဆီကနေ သိချင်တယ်ဗျာ...။
၁) အတွေးအရေးကောင်းတဲ့ ရွာသားလေး-၀ိုင်တီယူ
၂) ရွှေပြည်သူ (အလုပ်အားမှ ရေးပေးပါညီမငယ်...)
၃) ညီမငယ် မေမိုး

ကိုရုပ်ဆိုး
၁၂ စက်တင်ဘာ၊ ၀၈ (၁၇း၁၂ မိနစ်)

ဆက်ဖတ်မယ်ဆိုရင်...