Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, November 4, 2008

ရေသူမသို့ လွမ်းချင်း

ဤကဗျာအား ကျနော်၏ နောင်တော်၊ ကျနော့ဘလော့ဂ်အား နေ့စဉ်ရက်ဆက် စောင့်ဖတ်ပေမယ့် ဘာမှ အသစ်မတွေ့လို့ စိတ်ညစ်နေသူ “ကိုဖြူတုတ်”အား ကျေနပ်နှစ်သိမ့်စေခြင်းငှာ ... ညီတော် ”ကိုရုပ်ဆိုး”မှ တင်ဆက်လိုက်ခြင်းဖြစ်ပါသည်။ နောင်တော် အပန်းပြေပါစေ ... ။

ရေသူမသို့ လွမ်းချင်း

ပြန်မပြောချင်တဲ့
သံယောဇဉ်မဲ့
စကားလုံးတွေနဲ့
ငါ့ရင်ကို ထိုးခွဲ
ဝုန်းဒိုင်းကြဲခဲ့သူရေ …။

ကျောချမှ ဓါးပြမှန်းသိတဲ့
ဟော့ဒီက ငမိုက်သား
အစိတ်ပြားလေးနဲ့ဖြေသိမ့်
လှေဆိပ်မှာ ခွေအိပ်လို့
မင်းပြန်လာမယ့်ရက်
တာလီချိုးကာ တွက်ခဲ့ပေမယ့်
ထရံတစ်ချပ်သာ ကုန်ခဲ့ …။

အခုတော့ …

ငါ့ခန္ဓာကိုယ်က
အရိုးပေါ်အရေတင်
ငါးကြပ်တင်နဲ့ မှားလောက်ရဲ့
မျက်ကွင်းကဟောက်ပက်
အရက်နံ့ တစ်ထောင်းထောင်းထွက်တဲ့
ဟော့ဒီက ငမိုက်သား
ဗိုက်သားက မကျန် …။

အခုနေများ …
ငါ့ကို ဈေးတင်လို့
အလေးချိန်ကြည့်မယ်ဆိုရင်တောင်မှ
“မော်လ်ဒယ်”ဈေးရဖို့တောင် အနိုင်နိုင်

အို … ရေသူမလေးရေ
ရေပေါ်ကို ခုန်တက်
အမြီးလေး တစ်ချက်လောက်ဖြစ်ဖြစ်
လှုပ်ပြ ခဲ့ပါကွယ် …။


အစိတ်ပြား = အရက်လေးပက်ပါဝင်သော ပုလင်းပြား။
မော်လ်ဒယ် = အလေးချိန် လေးဆယ်သားအောက် ရှိသောငါးသလောက်မျိုး။ ငါးထဲတွင် မော်လ်ဒယ်ထုံးစံအတိုင်း အရိုးများ၍ ဈေးအနိမ့်ဆုံးဖြစ်။


ကိုရုပ်ဆိုး
၀၄-နိုဝင်ဘာလ-၀၈ (၁၁း၂၁)မိနစ်

ပုံနှိပ်စာလုံးရယူရန်

9 comments:

  1. အင်း တစ်ခါမှမသိတဲ့ စကားလုံးတွေနဲ့ ကဗျာကို ဆင်ထားတာ. :P
    ကောင်းတယ်အစ်ကိုကြီးရ....... ရေသူမကိုစောင့်နေတာလား.. :D

    ReplyDelete
  2. အဲ့ဒီအစ်ကိုကြီးက လှေလုပ်သားလား အစ်ကိုရေ့ ဘ၀သရုပ်ဖော်ကဗျာလေးးးး ကောင်းလိုက်တာ။

    ReplyDelete
  3. Thank you Ko Yokesoe, I'd like alot.
    I love this poem verymuch.
    Phyutoke

    ReplyDelete
  4. မင်းပြန်လာမယ့်ရက်
    တာလီချိုးကာ တွက်ခဲ့ပေမယ့်
    ထရံတစ်ချပ်သာ ကုန်ခဲ့ …။

    ဒါလေးကိုခိုက်တယ်ဗျ။

    ReplyDelete
  5. စကားလုံးတွေ မိုက်တယ်။ ကာယကံရှင် ခိုက်လောက်ပါတယ်။

    ReplyDelete
  6. အစ်ကိုရုပ်ဆိုးရေ... စကားလုံးတွေကလည်း ဆန်းသစ်သလို ကဗျာကလည်း သွက်သွက်လက်လက်နဲ့ တကယ်ကို ကောင်းပါတယ်။း)

    ReplyDelete
  7. ရေသူမကို လွမ်းတမ်းတမိလို့  အစိတ်ပြားလေးပိုက်ပြီး လှေဆိပ်မှာ တာလီချိုးခဲ့ရတယ် ဆိုပါ့လား အစ်ကိုရေ။ ဖတ်ရင်းက မျက်လုံးထဲမှာ မြင်ယောင်နေမိတယ်။ အလုပ်တွေရှုတ်ပြီး ပင်ပန်းနေပေမယ့် အရေးအဖွဲ.တွေကတော့ လန်းနေဆဲပါပဲဗျာ။ ကျနော်လည်း မတွေ.ရ အဲ မှားလို့  မစားရတာကြာတဲ့ ငါးသလောက်ကို တော်တော်လေး လွမ်းသွားပါတယ်

    ReplyDelete
  8. ဟာဗျာ.... ရှလွတ်... လေးပက်ပြားလေး.... ရေသူမနဲ့ မြည်းမှ... ဟိးးး စတာ... ကိုလူချောကြီး... အရေးအသား လန်းတယ်ဗျာ..
    အားပေးနေမယ်.. :)

    ကိုမျိုးရဲ့ အသည်းကြော် ညီပိကျိ

    ReplyDelete
  9. အစ်ကိုရုပ်ဆိုး တင်စားချက်က ကဘောကျစရာဗျာ ၊၊ အစိတ်ပြားလေး ကို မမြင်ရတာ ကြာပီဗျာ ၊၊

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။