Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Showing posts with label အကြိုက်ဆုံးကဗျာ. Show all posts
Showing posts with label အကြိုက်ဆုံးကဗျာ. Show all posts

Wednesday, December 17, 2008

စွဲလမ်းမိတဲ့ ကဗျာ...........

ညီငယ်မောင်မျိုးက TAG ထားတဲ့ အကြိုက်ဆုံးကဗျာတဲ့ ......... အောက်မှာပါ ... မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ပြောရရင် ကျနော့ဘ၀ရဲ့ ပြယုဂ်လေးပါ။

ပြယုဂ်

ချစ်သူ
မခုံမမင်၊ မယုံချင်သော်
ပုံပြင်တစ်ခု ဆိုပါတော့ …
ချောင်းတစ်ဖက်ကမ်း၊ ခမ်းလှမ်းလှမ်းတွင်
စိမ့်စမ်းရေကြည်၊ ခွေရစ်လည်လျက်
မြညှာယှက်၍၊ ချိုမြွက်သီးနှံ
ပေါပြည့်လျှံသည့်
တောယံ တောအုပ် ရှိသတဲ့ …။

သည်တစ်ဖက်ကမ်း၊ ချောင်းရိုးတန်းမှ
ဖြတ်သန်းကျော်လွှား၊ လူတိုင်းသွားရန်
တံတားနှစ်ခု ရှိတယ်ထား၊
တံတားတစ်ခု
ထုထည်ခိုင်ခံ့
ကြံ့ကြံ့မားမတ်၊ သစ်ဝါးညှပ်၍
သပ်ရပ်တည်ရှိနေပါ၏ …။

ကျန်တံတားက
ဝါးတိုင်ယိမ်းနွဲ့ ယိုင်ယဲ့ယဲ့နှင့်
လေသွဲ့တိုင်းခါ၊ လေလာတိုင်းလှုပ်
ပြုတ်ကျမလား၊ ပြိုမလားနှင့်
ချောက်ချား ရင်တုန်စရာပေါ့ …။

လူအများက
မြသားစိမ်းစို တောအုပ်ကိုသွား
သစ်တံတားမှ ကျော်လွှားနေကျ
စိတ်လက်ချ၏
ဘာမျှ ခက်ခဲပုံမပေါ်
တံတားအိုမှ ဖြတ်ကျော်ရလျှင်
ချော်ကျနိုင်သေး၊ စိတ်မအေးပါ
သွားလိုရာကို
ဘယ်မှာ လွယ်လွယ်ရောက်မှာလဲ …။

ကဲ …. ချစ်သူ
လူတိုင်းမသွား စိတ်ချောက်ချားသည့်
တံတားအိုမှ ဖြတ်ကျော်ကြရန်
ဆန္ဒလည်းရှိ သတ္တိလည်းဖက်
ယုံကြည်ချက်မြဲ စိတ်ရဲရဲနှင့်
မင်းလည်း သွားဝံ့ပါသလား …

မခုံမမင်၊ မယုံချင်မင့်
ပုံပြင်ပဲထား မင်းစဉ်းစားပါ
တံတားအိုက …
ကိုယ့်ဘ၀၏
“ပြယုဂ်”တစ်ခု ဆိုပါတော့ …။

မောင်စိန်ဝင်း (ပုတီးကုန်း)

ဆက်ဖတ်မယ်ဆိုရင်...

Wednesday, September 17, 2008

ရွှေပြည်သူ (သို့) စကားလုံးဖြင့် လောကကို အလှဆင်သူ

ညီမငယ် ရွှေပြည်သူ က ကျနော့တင်ထားတဲ့ ပို့စ်တစ်ခုကိုဖတ်ပြီး ကွန်မန့်မှာ ကဗျာလေးတစ်ပုဒ် လက်ဆောင်ပေးသွားခဲ့တယ်။ အမှတ်တရ ရေးပေးသွားခဲ့တဲ့ကဗျာလေးကို မှတ်မှတ်ရရ ဖော်ပြပေးချင်တဲ့စိတ်နဲ့ တင်ပေးလိုက်တယ်။

ညီမငယ်ရေ ဒီနေရာကနေ ရာပြည့်ကျေးဇူးတင်လွှာ လေးအတွက်ကော၊ မှတ်မှတ်ရရ စာမူခ ကဗျာလေးအတွက်ကော ကျေးဇူးပါဗျာလို့ ပြောပါရစေ....။

မပျက်မလွဲပြီ
လက်တွဲချည်လို့
ညီညာကြွမြန်း
မွန်မြတ်လမ်းသို့
သွားခဲ့ကြသည်
သွားကြသည်တဲ့
ကူညီကမ်းဆက်
ရွှေလက်များကို
ရင်ဝယ်လေးစားမိပါသည်...

(၁၇.၀၉.၀၈ ~ မနက် ၁း၀၂ နာရီ)

အမြဲတမ်းအလှူတွေ မရပ်မနားလုပ်နေတဲ့ အစ်ကိုတို့တွေကို လေးစားစိတ်နဲ့ အစ်ကို့ကဗျာလေးကရတဲ့ Inspiration ပေါင်းပြီး ဆက်ရေးကြည့်လိုက်တာပါ။ အားလုံးကို လေးစားပါတယ်။ အားလုံးအတွက် ဂုဏ်လည်းယူပါတယ်...

ဆက်ဖတ်မယ်ဆိုရင်...

Saturday, September 13, 2008

အလွမ်းဆုံးကတော့ ....

ဒါကတော့ ကျနော့ရဲ့ ကိုယ်ပိုင်ကဗျာမဟုတ်ပါ ...။ ကြိုက်လွန်းလို့ ကူးယူသိမ်းထားပြီး ... ကိုယ်ကိုတိုင်ရေးသလိုနဲ့ ပေးခဲ့တာ ... :)

တို့နှစ်ယောက်ရဲ့ အနာဂတ်ကို
လွမ်းကြရအောင် မလေးရေ။
မင်းရဲ့အတိတ်၊ အဆိပ်သင့် ...ည
ထိုကာလကို
အိပ်ခွင့်ထာဝရ ပေးလိုက်ပါ။
ဒီညတော့
မင်းရဲ့အိပ်မက်၊ မင်းရဲ့ ...အတွေး
မင်းရဲ့ ...ရင်ခွင်၊ သံယောဇဉ်တွေကြားမှာ
ကိုယ့်ကို
ခိုနားခွင့်ပြုပါ။
ကိုယ့်ရဲ့ ရင်ခွင်ကတော့
မင်းပြုသမျှ နားလည်ပြဖို့အတွက်
လှပစွာ ရဲဝံ့နေလိမ့်မည်(မယ်)
မင်းမှာ ...
နာကျင်စရာတွေ
ကျန်ရှိနေဦးမယ်ဆိုရင်
ကိုယ့်ကို လက်ဆောင်ပေးပါ။
မင်းဟာ ...
ကိုယ့်ရဲ့ လရောင်နွေး။
မင်းဟာ ...
ကိုယ့်ရဲ့ နေရောင်ခြည်။
မင်းဟာ ...
ကိုယ့်ရဲ့ နွေးထွေးဖော်။
မင်းဟာ ...
ကိုယ့်အတွက် ....
ရာသက်ပန် ကဗျာတစ်ပုဒ်ပါပဲကွယ်။

မင်း ...
အိပ်မက်တွေ မက်နေသလား။
ဒါ ...
အာရုံများကို လှည့်စားခြင်းဖြစ်တယ်။
မင်းရဲ့ အိပ်မက်တွေ
လှပစေဖို့
ကိုယ့်ရဲ့ အသည်းနှလုံးကို
ခေါင်းအုံးပြီးအိပ်ပါ။
မင်းရဲ့ ... စကားသံချိုချိုလေးတွေကို
ကိုယ် ... နားထောင်ချင်ပါတယ်။
ကိုယ့်ရဲ့ စကားသံတွေကိုလည်း
မင်း ... ကြားယောင်နေစမ်းပါ။

ဒါဟာ ....
(ကိုယ့်ရဲ့မျှော်လင့်ခြင်း မဟုတ်ခဲ့ရင်တောင်)
မင်းရဲ့ အနာဂတ်အတွက်
ကိုယ့်ရဲ့
ချစ်ခြင်းလက်ဆောင်ဖြစ်လိမ့်မယ်။
ပျော်ပါရဲ့လား ... မလေး
တွေးကြည့်စမ်းပါကွယ်။
ဝေးလွင့်ခြင်းနဲ့ မကြုံရဖို့
မင်း....
ဘာဆုတွေ တောင်းသလဲ။
မင်းရဲ့
ဆုတောင်းခြင်း နောက်တော်ပါးက
ကိုယ့်ရဲ့ တမ်းတခြင်းကတော့
အနာဂတ်ကို လွမ်းဆွတ်ခြင်းပဲ ဖြစ်တယ်။
မင်းနဲ့ ပတ်သက်မှ
ကိုယ် ...
မနက်ဖြန်ကို စိတ်ဝင်စားခဲ့ပြီ။
ဘာပဲဖြစ်ဖြစ်
မနက်ဖြန်မှာ မျက်နှာသစ်ဖို့
မင်းရဲ့ ချစ်ခြင်းတွေ လိုအပ်တယ်။

မောင် ... အလွမ်းဆုံးကတော့
မလေးရဲ့
မနက်ဖြန်တွေကိုပါပဲ ....။

ဆက်ဖတ်မယ်ဆိုရင်...

Saturday, August 30, 2008

“အရည်အချင်း”

ကျနော် အထက်တန်းကျောင်းသားတုန်းက ခင်တဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ တနေ့ သူ့ဆီကနေ ကဗျာလေးတစ်ပုဒ်ရတယ်။ ကျနော် ကြိုက်လွန်းအားကြီးလို့ သိမ်းထားပါရစေဆိုပြီး တောင်းထားတာ အခုဆိုရင် အဲဒီ ကဗျာလေးရဲ့သက်တမ်းဟာ (၁၄)နှစ်လောက် ရှိတော့မယ် :) ဟောင်းနေပေမယ့် ကောင်းနေဆဲပါ အဟဲ ...။ အဲဒီထဲမှာ တစ်ပိုဒ်ကိုတော့ ခေတ်နဲ့ညီအောင် ကျနော်ပြင်ထားတယ်။ တခါက အဲဒီသူငယ်ချင်းနဲ့ ပြန်ဆုံတော့ ခွင့်တောင်းလိုက်ပါသေးတယ်။ “သူငယ်ချင်းတဲ့ ... အခုထိ မှတ်မှတ်ရရ သိမ်းထားတာကိုက ကျေးဇူးတင်ပါတယ်တဲ့။ ဘ၀အမောမှာ ရေစုန်မျှောနေတော့ ကဗျာဆိုတာ ငါ့အတွက်တော့ ဖြတ်သန်းခဲ့ဖူးတဲ့ လမ်းကလေးတခုအဖြစ်နဲ့ပဲ ကျန်ခဲ့ပြီတဲ့.....။ မင်း ကြိုက်သလိုပြင်ပြီး၊ အသုံးပြုပါ”ဆိုတာနဲ့ ကျနော့ဘလော့ဂ်မှ အဲဒီ သူငယ်ချင်းအတွက် အမှတ်တရ အနေနဲ့ တင်ပေးလိုက်တယ်။ ဒီလို အစချီထားပေမယ့် ကဗျာလေးက .... (အင်း) ဖတ်ကြည့်ပေါ့ဗျာ ...။

ကျနော် အောက်ဖော်ပြပါ အရည်အချင်းမျိုးရှိသော မိန်းမလှလေးတစ်ယောက် အလိုရှိနေပါသ၍ အရည်အချင်း ပြည့်မီသူများ လာရောက်လျှောက်ထားနိုင်ပါသည်။

ဥစ္စာလည်းပေါ ရုပ်လည်းချော
သဘောကောင်းသူ ဖြစ်ရမည် ...။

ဈေးနားနီးနီး ကျောင်းနီးနီး
တိုက်ကြီးကြီးလည်း ရှိရမည် ...။

ဟိုနား ဒီနား ခရီးသွား
ကိုယ်ပိုင်ကားလည်း ရှိရမည် ...။

ဟိုဆက် ဒီဆက် ဖီလင်တက်မယ့်
ဟန်းဖုံးလေးလည်း ရှိရမည် ...။

ကိုယ်၏ ဆန္ဒ လိုသမျှ
ခေါင်းငြိမ့်နိုင်သူ ဖြစ်ရမည် ...။

အထက်ပါအချက် မပျက်ကွက်မှ
သူမလို လူကို
ကျွန်တော် စဉ်းစား ပေးနိုင်မည် ...။

အထက်တန်းကျောင်းသားဘ၀သို့ အမှတ်တယ ပြန်လည်တမ်းတမိလျှက် ... ကိုရုပ်ဆိုး

ဆက်ဖတ်မယ်ဆိုရင်...

Wednesday, July 16, 2008

ခရုခွံ ခဏငှားဝတ်တဲ့ ၀င်ကစွတ် ကျနော်

တခါတရံ ကိုယ်ကိုတိုင် ခံစားခဲ့ရပါလျက်နဲ့ ပြန်မပြောပြတတ်၊ သရုပ်မဖော်တတ်ခဲ့တာတွေ အများကြီးပါ။
ဒါပေမယ့် ...... တိုက်ဆိုင်စွာ နာမည်ကြီးစာရေးဆရာ ၀တ္ထုထဲမှာ ပြန်လည်ဖတ်မိလို့၊ ထင်ရှားတဲ့ ကဗျာဆရာ/မ ကြီးတွေရဲ့ ခံစားမှု ကဗျာလေးများနဲ့ တိုက်ဆိုင်သွားတာမို့၊ အဖြစ်အပျက်က ကြာခဲ့ရင်တောင်မှ (မေ့ခဲ့ရင်တောင်မှ) အသစ်တဖန်ပြန်လည် ခံစားစေခဲ့တဲ့ အစွမ်းအစတွေ ရှိခဲ့တယ်ဆိုတာ သူငယ်ချင်းများ လက်ခံကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒီလိုပဲ ကျနော်ကိုယ်တိုင် တနုံ့နုံ့ ခံစားနေရပါလျက်နဲ့ မြင်သာအောင် မရေးဖွဲ့နိုင်၊ မပြောပြနိုင်ခဲ့ပေမယ့် ”ဝေလေး” တယောက်က “ငါ့အဖြစ်…..ငါ့အတွေး”ဆိုပြီး သူ့ရဲ့ ဘလော့ မှာတင်ထားတာလေးကို ကျနော် ဖတ်လည်း ဖတ်မိကော .....

ငါ့အဖြစ်…..ငါ့အတွေး

ငါ့အတွက်တဲ့လား
လူတွေရဲ့စိတ်ထဲမှာ
ပုံသေဖြစ်နေတဲ့
စိတ်ထားတွေ
အတ္တကြီးကြပုံများ
လူတစ်ယောက်ဖြစ်ရင်
လုပ်ရမယ့်အလုပ်ကိုတောင်
မမြင်နိုင်ကြတော့
လူတစ်ယောက်ရဲ့
ဝတ္တရားတွေ
လျစ်လျူရှုပစ်လိုက်ကြပြီ
ငါ့အတွက်
ငါကောင်းစားဖို့
ငါစိတ်ချမ်းသာဖို့
ငါ………ငါ………..ငါ
ငါတွေထပ်နေတဲ့
လောကထဲမှာ
သူများအတွက်
စဉ်းစားပေးမိလို့
လူအကြီးတစ်ယောက်လို
မေးငေါ့လက်ညိုးထိုးခံရပေါင်းလဲများပြီ
ဒါလည်းအမှတ်မရှိ
သူများအတွက်စဉ်းစားပေးတုန်း
ငါ့စိတ်ထားကိုပဲပြောင်းရတော့မလား
ငါ…….တွေများတဲ့လောကကြီး
ငါ…..တစ်ယောက်ထပ်တိုးရင်………………………….

မူရင်းကဗျာဆရာမရဲ့ blog ကို လည်ချင်တယ်ဆိုရင်ဖြင့် ဒီမှာ

ဆက်ဖတ်မယ်ဆိုရင်...

Friday, June 27, 2008

ကဗျာများအား ခံစားခြင်း (၂)

ဘ၀ကို ထင်ဟပ်စေတဲ့ ကဗျာလေး နောက်တပုဒ်ပါ။ “သောတအာရုံ”ရဲ့ လက်ရာလေးပါပဲ။
အားပေးကြပါဦး ...။

တန်ဖိုးဖြတ်မရတဲ့ ရေတစ်စက်ထက်
တန်ဖိုးသတ်မှတ်ထားတဲ့ ဆီတစ်စက်ကို
ဘာကြောင့် ပိုတန်ဖိုးထားကြတာလဲ ?
ဒါ လူ့သဘာဝလေ။

အနားမှာရှိရင် မေ့နေတတ်ကြတာ ...
တန်ဖိုးကြီး အ၀တ်အစားတွေနဲ့
ကော့နေအောင် ပြင်ဆင်ကြ
ဖိနပ်အစုတ်တစ်ရံရဲ့ တန်ဖိုးကို
ဘာကြောင့် မေ့နေကြတာလဲ ?
ဒါ လူ့သဘာဝပဲနော်။

နိမ့်ကျရင် အထင်သေးတတ်တာ ...
အဖိုးတန်ကားထဲက အထီးကျန်မှုကို
ဘတ်စ်ကားထဲက သက်ဝင်ယိမ်းနွဲ့မှုထက်
ပိုတွယ်တာကြတာ ဘာကြောင့်လဲ ?
ဒါလည်း လူ့သဘာဝပဲလေ။

အပေါ်ယံလွှာ ချမ်းသာမှုအောက်က
ပဋိဒေ၀မီးတွေကို မမြင်တတ်ကြတာ ...
ကိုယ့်ခြေထောက်ကို
မယုံကြည်ရဲတဲ့ ဘ၀မှာ
သဟဇာတဆိုတဲ့ ဝေါဟာရကို
ငါ လျစ်လျူရှုခဲ့တယ်
သေချာပါတယ်။
ဒါပေမယ့် ...
ငါလည်း လူသားတစ်ဦးပဲလေ ...။

သောတအာရုံ

ဖေဖော်ဝါရီ ၂၇၊ ၂၀၀၆ ထုတ်
“ကကြိုးမဲ့ မယ်လိုဒီ” ကဗျာစာအုပ်ငယ်မှ ကူးယူဖော်ပြသည်။

ဆက်ဖတ်မယ်ဆိုရင်...

ကဗျာများအား ခံစားခြင်း

“သောတအာရုံ”ဆိုတဲ့ ကလောင်အမည်လေးနဲ့ ကဗျာလေးတွေ ရေးနေတဲ့ ညီမငယ်တစ်ယောက်ရဲ့ ကဗျာလေးပါ။ ထူးထူးခြားခြား သူက သူ့ရဲ့ကဗျာများကို ဘယ်တော့မှ ခေါင်းစဉ်တပ်လေ့မရှိဘူး။ ခံစားချက်တွေကို ခေါင်းစဉ် တခုအောက်မှာ ဘောင်မခတ်ထားချင်ဘူးနဲ့ တူပါတယ်။
ကျနော့ရဲ့ ဘလော့ဂ် သယ်ရင်းများ ခံစားအားပေးကြပါဦးဗျာ ...

မင်းရှေ့မှာ ဒူးထောက်ဝံ့တယ်လို့
ငါမပြောပါရစေနဲ့
ငါဟာ မာနရှိတဲ့ လူသားတစ်ဦးမို့ပါ ...

မင်းကို အချစ်ဆုံးလို့
ငါ မပြောပါရစေနဲ့
ပုထုဇဉ် လူသားဖြစ်တဲ့ငါ
ကိုယ့်ကိုယ်ကို အချစ်ဆုံးမို့ပါ ...

မင်းမရှိရင် အသက်မရှင်နိုင်ဘူးလို့
ငါ မပြောပါရစေနဲ့
လောကကြီးအတွက်
ငါ ရပ်တည်ပေးရမှာမို့ပါ ...

ဒါပေမယ့် ချစ်သူ ...
ငါ ဦးထိပ်ထားတဲ့ ငါ့နှလုံးသားဟာ
မင်းလက်ထဲမှာ ကျဆုံးသွားခဲ့တာကိုလည်း
ငါ ... မပြောပါရစေနဲ့တော့ကွာ ...။

သောတအာရုံ

ဖေဖော်ဝါရီ ၂၇၊ ၂၀၀၆ ထုတ်
“ကကြိုးမဲ့ မယ်လိုဒီ” ကဗျာစာအုပ်ငယ်မှ ကူးယူဖော်ပြတယ်။

ဆက်ဖတ်မယ်ဆိုရင်...

Sunday, June 15, 2008

မျက်ပြေကဗျာ

Capricorn ရဲ့ ဒုတိယမြောက် ကဗျာလေးပါ။ မူရင်းက ခေါင်းစဉ် မပါပေမယ့် ကျနော်ပေးလိုက်တဲ့ ခေါင်းစဉ်လေးက သဟဇာတ ဖြစ်မယ်လို့ထင်ပါတယ်။ ရုပ်ဆိုး

ဤဘ၀၏ … ?
ဘယ်ကာလ ဘယ်ဋ္ဌာန၌
အသင့်အား ရန်ငြိုးမည်မျှ ရှည်စေခဲ့ပြီမသိ …

ဤသံသရာ၏
ကျင်လည်ပြီးသမျှသော ကာလပတ်လုံး
အသင့်အား မည်မျှ အပြစ်ပြုမိခဲ့ပြီမသိ …

ဖေးမမှုမရှိသော ကံကြမ္မာ၏ အောက်ဝယ်
မြတ်နိုးခြင်း အတိုင်းအဆအကုန်ဖြင့်
ပေးအပ်ပြီးဖြစ်ရာ …

အကျွန့်နှလုံးသားအား
မေတ္တာတရားအတိဖြင့် ပြီးစေပြီး
ဤဘ၀၏ …
ကျရှုံးခြင်းနောက်ကွယ်၌
အသင် … အမျက်တော်ပြေပါစေသား

capricorn

ဆက်ဖတ်မယ်ဆိုရင်...

capricorn ရဲ့ကဗျာ

ကဗျာတွေကို အရှုးအမူးဖြစ်နေတဲ့ ညီမငယ်လေး (Capricorn) ရေးထားတဲ့ ကဗျာလေးတွေကို စိတ်ကြိုက်ခံစားမိလို့ ကျနော့ရဲ့ ဘလော့ဂ်မှာ ဖော်ပြချင်နေခဲ့တာ ကြာပြီ။ သူ့ဆီကခွင့်တောင်းဖို့ ဖုန်းလှမ်းဆက်လိုက်တော့ စင်္ကာပူမှာ ကျောင်းသွားတက် နေတယ်တဲ့။
စင်္ကပူရောက်နေတဲ့ ညီမငယ် Capricorn ကျေနပ်လိမ့်မယ်လို့ ယူဆရင်း ဖော်ပြပေးလိုက်ပါတယ်ဗျာ....။ ရုပ်ဆိုး


သူ၏
ရွေးချယ်ခြင်းဖြစ်စေ မရွေးချယ်ခြင်းဖြစ်စေ
ငါ၏
လက်ဝဲဘက်ဖြစ်စေ လက်ယာဘက်ဖြစ်စေ
…. မည်သို့မျှ မသက်ဆိုင်
အားပေးတိုက်တွန်းခြင်း တစ်စုံတစ်ရာ မရှိခဲ့သလိုပင်
တားဆီးပိတ်ပင်ခြင်း တစ်ခုတစ်လေမျှ ငါမပြုခဲ့ ….

ကိုယ်တိုင်ကိုယ်ကျ အသက်ရှုနေရသော ဘ၀၌
မှားယွင်းမှုဖြစ်စေ မှန်ကန်မှုဖြစ်စေ
ကိုယ့်ရဲ့ လုပ်ဆောင်ချက်ဖြစ်လာမည်
ကိုယ်တိုင်ကိုယ်ကျ ဖောက်ခဲ့သော လမ်းပင်မဟုတ်ပါလား

ဆေးရောင်နီနီတွေ ဆိုးပစ်လိုက်ဖို့ မပြောမိသကဲ့သို့
ဆေးဖြူဖြူဖြင့် သုတ်ပစ်ရန်လည်း အကြံမပေးမိ …

တစ်ခုသာ …

ဖြစ်ပြီးသမျှသော ကိစ္စရပ်တိုင်းအတွက်
အကောင်းအဆိုးအကုန်၏
ဘေး၌ရပ်တည်ပေးနိုင်မည့်သူအဖြစ် ။ ။


capricorn

ဆက်ဖတ်မယ်ဆိုရင်...