Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, June 28, 2008

လင်းယုန်ပုံပြင် ......တဲ့

တင်ပြသူ (ရွာသားလေး)က ဒီလို ညွှန်းထားတယ်ဗျ ...။
ပြီးခဲ့တဲ့အပတ်က စိတ်ဓာတ်အကြီးအကျယ်ကျနေတဲ့ ကျနော် ဒီစာကိုဖတ်ပြီးခွန်အားတွေရရှိခဲ့ပါတယ်။ ကျနော့မိတ်ဆွေတွေ အားလုံးပဲ ကျနော့လို ခွန်အား ရရှိပါစေဗျာ။”

မူရင်း Post လေးက ဒီနေရာ ကို သွားလည် ဖတ်ရှုလို့ရတယ်ဗျ။ ကျနော့ဆီမှာ ရှိတဲ့ မူရင်း Power Point Presentation File လေးကိုလည်း ဒီနေရာ မှာ download ယူလို့ရတယ်ဗျ။

ဆက်ဖတ်မယ်ဆိုရင်...

Friday, June 27, 2008

Blogger သယ်ရင်းများသို့ ...


ကျနော့မှာ A Dictionary of BUDDHIST TERMS “ဗုဒ္ဓဒေသနာတော် ဝေါဟာရ အဘိဓာန်” ဆိုတဲ့စာအုပ်လေး ရှိတယ်ဗျ။ မြန်မာ-အင်္ဂလိပ်-ပါဌိ ဗျ။ အဲဒါကို ကျနော့ blog တခုဖွင့်ပြီးတင်ချင်တယ်။ ဒါပေမယ့် ကျနော်က Blog တွေ လည်ပတ်တာ အားနည်းတော့ တခြားတယောက် တင်ထားတာ ရှိ မရှိ သူငယ်ချင်းများသိရင် ပြောပေးပါ။ မရှိရင် တင်ချင်တယ်။ ရေရှည်ကိစ္စဖြစ်တဲ့အတွက် အချိန်ကြာကြာယူပြီး လုပ်ရမှာဆိုတော့ ရှိပြီးသားဆိုရင် မတင်ချင်ဘူး။
ကူညီကြပါဗျာ...။

..... ရုပ်ဆိုး

ဆက်ဖတ်မယ်ဆိုရင်...

ကဗျာများအား ခံစားခြင်း (၂)

ဘ၀ကို ထင်ဟပ်စေတဲ့ ကဗျာလေး နောက်တပုဒ်ပါ။ “သောတအာရုံ”ရဲ့ လက်ရာလေးပါပဲ။
အားပေးကြပါဦး ...။

တန်ဖိုးဖြတ်မရတဲ့ ရေတစ်စက်ထက်
တန်ဖိုးသတ်မှတ်ထားတဲ့ ဆီတစ်စက်ကို
ဘာကြောင့် ပိုတန်ဖိုးထားကြတာလဲ ?
ဒါ လူ့သဘာဝလေ။

အနားမှာရှိရင် မေ့နေတတ်ကြတာ ...
တန်ဖိုးကြီး အ၀တ်အစားတွေနဲ့
ကော့နေအောင် ပြင်ဆင်ကြ
ဖိနပ်အစုတ်တစ်ရံရဲ့ တန်ဖိုးကို
ဘာကြောင့် မေ့နေကြတာလဲ ?
ဒါ လူ့သဘာဝပဲနော်။

နိမ့်ကျရင် အထင်သေးတတ်တာ ...
အဖိုးတန်ကားထဲက အထီးကျန်မှုကို
ဘတ်စ်ကားထဲက သက်ဝင်ယိမ်းနွဲ့မှုထက်
ပိုတွယ်တာကြတာ ဘာကြောင့်လဲ ?
ဒါလည်း လူ့သဘာဝပဲလေ။

အပေါ်ယံလွှာ ချမ်းသာမှုအောက်က
ပဋိဒေ၀မီးတွေကို မမြင်တတ်ကြတာ ...
ကိုယ့်ခြေထောက်ကို
မယုံကြည်ရဲတဲ့ ဘ၀မှာ
သဟဇာတဆိုတဲ့ ဝေါဟာရကို
ငါ လျစ်လျူရှုခဲ့တယ်
သေချာပါတယ်။
ဒါပေမယ့် ...
ငါလည်း လူသားတစ်ဦးပဲလေ ...။

သောတအာရုံ

ဖေဖော်ဝါရီ ၂၇၊ ၂၀၀၆ ထုတ်
“ကကြိုးမဲ့ မယ်လိုဒီ” ကဗျာစာအုပ်ငယ်မှ ကူးယူဖော်ပြသည်။

ဆက်ဖတ်မယ်ဆိုရင်...

ကဗျာများအား ခံစားခြင်း

“သောတအာရုံ”ဆိုတဲ့ ကလောင်အမည်လေးနဲ့ ကဗျာလေးတွေ ရေးနေတဲ့ ညီမငယ်တစ်ယောက်ရဲ့ ကဗျာလေးပါ။ ထူးထူးခြားခြား သူက သူ့ရဲ့ကဗျာများကို ဘယ်တော့မှ ခေါင်းစဉ်တပ်လေ့မရှိဘူး။ ခံစားချက်တွေကို ခေါင်းစဉ် တခုအောက်မှာ ဘောင်မခတ်ထားချင်ဘူးနဲ့ တူပါတယ်။
ကျနော့ရဲ့ ဘလော့ဂ် သယ်ရင်းများ ခံစားအားပေးကြပါဦးဗျာ ...

မင်းရှေ့မှာ ဒူးထောက်ဝံ့တယ်လို့
ငါမပြောပါရစေနဲ့
ငါဟာ မာနရှိတဲ့ လူသားတစ်ဦးမို့ပါ ...

မင်းကို အချစ်ဆုံးလို့
ငါ မပြောပါရစေနဲ့
ပုထုဇဉ် လူသားဖြစ်တဲ့ငါ
ကိုယ့်ကိုယ်ကို အချစ်ဆုံးမို့ပါ ...

မင်းမရှိရင် အသက်မရှင်နိုင်ဘူးလို့
ငါ မပြောပါရစေနဲ့
လောကကြီးအတွက်
ငါ ရပ်တည်ပေးရမှာမို့ပါ ...

ဒါပေမယ့် ချစ်သူ ...
ငါ ဦးထိပ်ထားတဲ့ ငါ့နှလုံးသားဟာ
မင်းလက်ထဲမှာ ကျဆုံးသွားခဲ့တာကိုလည်း
ငါ ... မပြောပါရစေနဲ့တော့ကွာ ...။

သောတအာရုံ

ဖေဖော်ဝါရီ ၂၇၊ ၂၀၀၆ ထုတ်
“ကကြိုးမဲ့ မယ်လိုဒီ” ကဗျာစာအုပ်ငယ်မှ ကူးယူဖော်ပြတယ်။

ဆက်ဖတ်မယ်ဆိုရင်...

Thursday, June 26, 2008

အမြင် ...

အတွေးဆိုတာ တိုက်ဆိုင်မှုရှိလို့ လက်ခံရတာလည်းရှိတယ်။ မတိုက်ဆိုင်လို့ အငြင်းပွားစရာ ဖြစ်လာစရာလည်း ရှိတယ်။ ကျနော်အခုတင်တဲ့ ပို့စ်လေးက ကျနော့ရဲ့ စိတ်ခံစားချက် တခုသာဖြစ်တဲ့အတွက်၊ မတိုက်ဆိုင်ခဲ့ရင်တောင်မှ ကျနော့ရဲ့မကြွယ်ဝသေးတဲ့ အတွေးအခေါ်ကြောင့်သာ ဖြစ်လိမ့်မယ်လို့ ဦးစွာ အထွန့်တက်ရင်း …

@@@@@@@


ရှေးကတည်းက စာဆိုလေးရှိဖူးပါတယ်။ “အရာရာကို အမြင်နဲ့ မဆုံးဖြတ်နဲ့တဲ့”။ သိပ်ကောင်းတဲ့ စကားစုလေးပါ။ လူတိုင်း လူတိုင်းမှာ လူတိုင်း လူတိုင်းအပေါ် အမြင်အမျိုးမျိုးရှိကြတယ်။ ဒါပေမယ့် အမြင်ကို ”ပကာသနတွေ၊ ပညာဂုဏ်တွေ၊ ချစ်ခြင်းတွေ၊ မုန်းခြင်းတွေ”နဲ့ ပေါင်းစပ်ပြီးကြည့်တဲ့အခါမှာ …

ဘ၀မှာ မလိုလားအပ်တာတွေ၊ မဖြစ်သင့်တာတွေ … စတာတွေပေါ်လာတယ်။ အမြင်ရဲ့အောက်မှာ လည်စင်းခံသွားရတဲ့ လူတွေလည်း အများကြီးရှိတယ်။ မကောင်းတာလုပ်စားတဲ့အမျိုးသမီး (သို့) အမျိုးသား တယောက်ရဲ့ သားသမီးပေါ်မြင်တဲ့အမြင်ဆိုရင်၊ အမြင်မကောင်းဘူးပေါ့လေ။ အဲ့ဒီ သား၊ သမီးတွေကိုကြည့်တဲ့အခါ ဘာကြောင့် သူ့မိဘတွေကို အမြင်ထဲမှာ ပေါင်းထည့်ကြတာလဲ ??? ဒီလိုပဲ ချမ်းသာတဲ့မိသားစုက ပေါက်ဖွားလာတဲ့ သား၊ သမီးတွေကိုကြတော့ အကောင်းမြင်တဲ့ အမြင်နဲ့ ကြည့်ကြတယ်။

ကိုယ် ကိုယ်တိုင် ပိုင်ဆိုင်တဲ့အမြင်ကို ဘာကြောင့် ”ဂုဏ်ဒြပ်တွေ၊ ပကာသနတွေ၊ ချစ်ခြင်း … မုန်းခြင်းတွေ ပေါင်းထည့်ကြတာလဲ ??? ရိုးရိုးရှင်းရှင်းလေး ဘာ့ကြောင့် မမြင်နိုင်ကြတာလဲ။ လူတယောက်ကို မြင်တဲ့အခါ သူ့အပေါ်မှာ လွှမ်းခြုံထားတဲ့ (ပိုက်ဆံပေးပြီးဝယ်လို့ရတဲ့) အရာဝတ္ထုတွေကို ခဏလောက်ဖယ်ပြီးမှ သူ့ရဲ့ စိတ်သဏ္ဍာန်ကို ဖတ်ကြည့်၊ မြင်ကြည့်ရင် ပိုမကောင်းဘူးလား။ ဒါဟာ ခက်ခဲတယ်ဆိုပေမယ့် အချိန်က သင်ပေးပါလိမ့်မယ်။

သိပ္ပံပညာအရမ်းတိုးတက်တဲ့ ဒီခေတ်ကြီးမှာ ဘယ်ပညာရှင်ကမှ အဲဒီလိုအမြင်ပိုင်ဆိုင်ဖို့ ဆေးကောင်းတလက်၊ ကိရိယာတစုံ ထွင်လို့ရမှာ မဟုတ်ဘူး။ ဘာကြောင့်လည်းဆိုတော့ အဲ့ဒီအမြင်တွေရဲ့ အခြေခံက “စိတ်” ဖြစ်နေလို့ပဲ။

ဒီအတွေးတွေ ကျနော့မှာ ပေါ်လာခဲ့တာကြာပေမယ့် အဲဒီအမြင်ကို ပိုင်ဆိုင်ဖို့အတွက်၊ မြင်တတ်ဖို့အတွက် ကျနော်ကိုယ်တိုင် မရရှိသေးတာ ၀န်ခံပါရစေ။

လူတိုင်း လူတိုင်း က လူတိုင်း လူတိုင်းအပေါ် အမြင်ရှင်းကြပါစေ ….။
ရုပ်ဆိုး (၂၆-ဇွန်-၀၈) နေ့လည် ၁၂း၄၅မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

ချစ်သူသိစေဖို့ (၂)

ချစ်သူ ...

အလွမ်းဆိုတာ
ကုစားဖို့ခက်၊ ဖြေဖျောက်ဖို့ခက်
အိပ်မက်ဆိုးတွေ မက်ခဲ့တာလည်း
အကြိမ်ကြိမ်ကွယ် ...။

မမက်ချင်တော့ဘူးရယ်လို့
အိပ်ယာကနိုးထ
အတွေးတစရှိလာလည်း မင်းအကြောင်းပဲ
ဘာကြောင့်များ
ငါ့အတွေးတွေကို မင်းပိုင်စိုးတာလဲ ...။

ချစ်သူ ...

(တခုတည်းသော) မင်းအကြောင်းသာ
ပြည့်နှက်နေတဲ့ ငါ့နှလုံးသား
မင်းကြိုက်သလို စီမံဖို့အတွက်
ငါ ... ပို့ဆောင်လိုက်ပါပြီ။
မင်းမရှိကတည်းက
သေဆုံးသွားတဲ့ ဒီနှလုံးသားကို
ငါ ... မပိုင်ချင်တော့ဘူးကွယ်။

ရုပ်ဆိုး
(၂၆-ဇွန်-၀၈) ၁၀း၃၀မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, June 24, 2008

ဥစ္စာ ....

ဥစ္စာလိုလို့
ဥစ္စာ ရှာ ...

ဥစ္စာရတော့
ဥစ္စာခြောက် ...

ပြီးတော့ ... အပြောခံရသေးတယ်

ဥစ္စာစောင့် တဲ့။

ရုပ်ဆိုး (၁၅း၁၀မိနစ် - ၂၄ ဇွန်၊ ၂၀၀၈)

ဆက်ဖတ်မယ်ဆိုရင်...

Friday, June 20, 2008

အနာဂါတ် မြန်မာပြည်

သယ်ရင်းတို့ရေ ...။ အင်တာနက်ပေါ်က ရထားတဲ့ "Wonderful Myanmar" ဆိုတာလေးပါ။ အားလုံးကို မျှဝေခံစားစေချင်တဲ့အတွက် တင်ပြလိုက်တယ်။

"Wonderful Myanmar"

ဘာပြောတယ် လော်ရာ!

စိတ်မ၀င်စားဖူးလို့ ပြောတာပါ ဒယ်ဒီ။

မရဘူးသမီး။ ဒီခေတ်ကြီးမှာ မင်း ဗမာစာ၊ ဗမာစကား မတတ်လို့မရဘူး။

ဒါဆိုလည်း နောင်မှသင်မယ်ဒယ်ဒီ။ အခု သမီး အင်္ဂလိပ်စာသင်တန်းနဲ့ ဂျပန်ယဉ်ကျေးမှုအတန်းတွေ တက်ရဦးမယ်။

အဲဒါခက်တာပဲ။ ဘာကအရေးကြီးလည်းဆိုတာ မင်းတို့ကလေးတွေ မဝေခွဲနိုင်ဘူး။ ဗမာစကားတတ်ရင် ကမ္ဘာမှာ မင်းသွားချင်တဲ့ဆီ သွားလို့ရပြီ။ မင်းလုပ်ချင်တဲ့အလုပ် လုပ်လို့ရပြီကွ။

အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ဦးမလား ဒယ်ဒီရာ။

အသုံးဝင်ပြီလား သမီးရယ်။ ကဲ ... မင်း ဗမာစာ၊ ဗမာစကားတတ်ပြီးဆိုပါစို့ ... ပထမဆုံး မင်း ဗမာပြည်က မာစတာတန်းတွေ တက်ခွင့်ရမယ်။ မင်းဘူးဦးသြဘာသရဲ့ စာကောင်းစာခန့်တွေ မင်းဖတ်လို့ရမယ်။ ပြီးတော့ ...

ရှိတ်စပီးယားထက်ပဲ ကောင်းဦးမလားဒယ်ဒီရာ ...။ ဒါထက် ဂျာမန်လူမျိုး အဖေက ဒီလို ပြောတာကို အံ့သြမိပါရဲ့။

ဘာကွ။ အေး ၂၀၀၀ ပြည့်နှစ်လောက်ကဆို ငါ ပြောတာ မှားချင်မှားလိမ့်မယ်။ အခုလိုအချိန်မှာတော့ မင်း ဗမာစကားမတတ်ရင် ဘာဖြစ်မယ်ထင်လဲ။

သိပ်တော့မထူးပါဘူး။

ဟာ ... သိပ်ထူးတာပေါ့ သမီးရယ်။ ကဲ ... ဒယ်ဒီပြောမယ် နားထောင်။ ဗမာစာ မတတ်ရင် နောက်နှစ်ဆန်းမှာ ထွက်လာမယ့် Microsoft ရဲ့ Window Popa (၀င်းဒိုး ပုပ္ပါး)ကို မင်းဘယ်လို သုံးမလဲ။ ထားပါတော့ မင်းက Open Source လို့။ Linux ရဲ့ “ဟင်္သာရောင် အပိုင်း (၆)” Hintha Shine Code 6 ကိုရော ဘယ်လို ကိုင်တွယ်မလဲ။ အလုပ်လုပ်လို့မကောင်းတော့တဲ့ Window Vista နဲ့ နေခဲ့ချင်ရင်တော့ မင်းအမေရိကကိုသွား။ ခေတ်ရှေ့ပြေးနေတဲ့ အရှေ့တောင်အာရှကိုတော့ မလာလေနဲ့။ နောက်ပြီး Cellphone နဲ့ မြေပုံစနစ်တွေမှာဆိုရင် မင်းဗမာစာမတတ်တာနဲ့သုံးရခက်ပြီ။

ဘာဆိုင်လဲဒယ်ဒီရာ...။

ဆိုင်တာပေါ့ ... On Touch Screen နဲ့ Voice Command တွေ သုံးထားတဲ့ (ဆသရ)အမျိုးအစားဖုံးတွေကို မင်းဘယ်လိုအသုံးချမလဲ။ မြေပုံက စာတန်းတွေကလည်း ဗမာလိုလေ...။

Sony နဲ့ Nokia ကတော့ အင်္ဂလိပ်လို သုံးပါသေးတယ်။

ဒယ်ဒီသိပြီ။ ငါ့သမီးက ၀ိဇ္ဖာတန်းတက်ပြီး ခေတ်နဲ့မျက်ခြည်ပြတ်နေတာကိုး ...။ မင်းပြောတဲ့ တံဆပ်တွေက နည်းပညာပိုင်းမှာ ဆသရ ကို မမီတော့ဘူးကွ။ စစ်ကိုင်းမှာလုပ်သွားတဲ့ ဆသရ အရောင်းမြှင့်တင်ရေးပွဲကို MRTV-23 က တိုက်ရိုက်လွှင့်လို့ ဒယ်ဒီကြည့်လိုက်ရတယ်။ သိပ်ကိုကောင်းတဲ့ လက်ကိုင်ဖုန်းတွေပဲသမီး။ Nokia ဆိုတာ ကလေးကစားတာပါကွာ။ ကဲ ... ဒီတော့ သမီး ဗမာစာသင်တန်းသွားတက်။ ပြီးရင် နောက်လထဲ ဒယ်ဒီ ဗမာပြည်သွားရင်လိုက်ခဲ့တော့။ ဟုတ်ပြီလား ... ?

ဗမာပြည်ဝင်ခွင့်ဗီဇာက ထင်သလောက်မလွယ်ဘူးလို့ ကြားတယ်နော်။ နောက်ပြီး ဒယ်ဒီက ဘာသွားလုပ်မှာလဲ။

ဒယ်ဒီက တောင်ငူမှာလုပ်မယ့် လေယာဉ်ပြပွဲကိုသွားမယ်။ ဗမာပြည်လုပ် ”မိုးယံဆင်” ငါးထပ်လူစီးလေယာဉ်ကို အဓိက ကြည့်ချင်လို့ပါ။ အဲဒီလေယာဉ်က ပြေးလမ်းမလိုဘူး။ ပြီးတော့ အတောင်ပံတွေကို ခေါက်သိမ်းနိုင်သတဲ့။ သမီးပါရင်တော့ ရန်ကုန် မြကျွန်းသာပန်းခြံထဲက ရေအောက်ပြခန်းမှာလုပ်မယ့် စက်ရုပ်အလေးမပြိုင်ပွဲပါ ၀င်ကြည့်မလားလို့လေ....။

စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ။ ဒါနဲ့ အစားအသောက်က အဆင်ပြေပါ့မလားဒယ်ဒီ။

ဟားဟားဟား .... ငါ့သမီးလည်း သမီး အမေနဲ့တူလာပြီ။ ကြံဖန်ပူတတ်လာတယ်။ ဒီမှာ င့ါသမီး ... ဗမာပြည်မှာ မရတာမရှိဘူး။ သမီးဘာစားချင်သလဲ။ အဆူးမပါ အနံ့ကင်းတဲ့ ၂၀၀၄ခုနှစ်စတိုင် ဒူးရင်းသီးလား။ သယ်ယူရလွယ်ကူတဲ့ လေးထောင့်ပုံ ကြက်ဆင်ဥလား။ လေဆာနဲ့ အရိုးတွေကိုချေပြီး တကောင်လုံးဝါးလို့ ရအောင်လုပ်ထားတဲ့ ငါးသလောက်ပေါင်းလား။ ဥရောပသားတွေအတွက် သီးသန့်လုပ်ထားတဲ့ အဖြူရောင် ပုန်းရည်ကြီးလား။ ဒါမှမဟုတ် ...

တော်ပြီဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ။ သွားရေးလာရေးနဲ့ ဆက်သွယ်ရေးက ...

သမီး...။ သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ။ ဗမာပြည်သွားမယ်ဆို ဒါတွေကို ထည့်စဉ်းစားဖို့ မလိုဘူးလေ။ လေယာဉ်ပေါ်ကဆင်းတာနဲ့ အောက်ဆီဂျင်စစ်စစ်ထည့်ထားတဲ့ လေရှုဘူးတွေပေးမယ်။ နေရောင်ခြည်ကာတဲ့ ဦးထုပ်နဲ့ မျက်မှန်လည်းပေးမယ်။ ရာသီဥတုကြောင့်တော့ သမီးမပူရတော့ဘူး။ သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးလာတဲ့ကားတံခါးကိုလာကပ်မည့် Tube တွေရှိတယ်။ အဲဒီအပေါ် ခြေထောက်ချလိုက်ရုံနဲ့ အလိုအလျှောက်ရွေ့လျားပြီး၊ သမီးကို reception counter ကို ပို့ပေးလိမ့်မယ်။ အဲဒီမှာ ဘာသာစကား အနည်းဆုံး ၅၉၀လောက်ပြောတတ်တဲ့ ဟိုတယ်ဝန်ထမ်းတွေ စောင့်နေလိမ့်မယ်။ နောက်ဘာတဲ့ ... ဆက်သွယ်ရေးဟုတ်လား ...၊ ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ့ အင်တာနက် ကွန်နက်ရှင် ရပြီ။ GSM တွေသယ်လာရင် ပြောလို့ရပြီ။ အဲ ... ကိုယ်ဖုံးကို ယူလာဖို့မေ့ခဲ့ရင်လည်း မပူပါနဲ့။ လေဆိပ်မှာ လက်ကမ်းစာစောင်ဝေသလို GSM တွေ လိုက်ဝေနေတဲ့ ချာတိတ်တွေရှိတယ်။ ကြိုက်တဲ့ SIM Card ရွေးယူ။ Hand Set ကတော့ ထုတ်ထားတာ ၂-ပတ်ကြာတဲ့ မော်ဒယ်ဆိုရင် အလကားယူလို့ရတယ်လေ။ အများစုကတော့ ”ဆသရ” လို့ခေါ်တဲ့ ဆက်သွယ်ရေးတံဆိပ်တွေပေါ့လေ။

အော် ... ကောင်းလိုက်တာနော်။ ဒါနဲ့ အစိုးရနဲ့ နိုင်ငံရေးကကော......

အစိုးရ ... အစိုးရ .... ဒီအစိုးရကတော့ကွာ ... ဖေဖေပြောမယ် ဒီလိုရှိတယ်...

“ဆိုက်ကားအားလား“ ဟူသော ခရီးသည်အသံကြောင့် ကျွန်တော်လည်း လန့်နိုးသွားကာ ခရီးသည်ကို လိုရာသို့ တင်ဆောင်လိုက်ပို့လေတော့သတည်း ....။

ဆက်ဖတ်မယ်ဆိုရင်...

Monday, June 16, 2008

ညီလေးသို့ ပေးစာ

ညီလေးရေ …

မုန်တိုင်းသတင်းကြားပြီး ငါ့ညီလေး စိတ်ပူနေမယ်ဆိုတာ အကိုသိတယ် ညီလေးရေ။ ဒါပေမယ့် နိုင်ငံခြားမှာအလုပ် လုပ်နေတဲ့ ငါ့ညီဆီ စာရေးဖို့ဆိုတာ အကိုတို့အတွက်တော့ မလွယ်ဘူးငါ့ညီ။

အဖြစ်အပျက်တွေကတော့ မြန်လွန်းပါတယ် ငါ့ညီရေ။ အကိုတို့ မုန်တိုင်းသတင်း နားမထောင်ဘူးလားလို့ အပြစ်တင်တော့ မစောလိုက်စေချင်ဘူး။ သဘာဝအတိုင်း အခြေခံကျကျနေကြတဲ့ အကိုတို့လို တံငါသည်တွေအဖို့ ရေဒီယိုမှာလာတဲ့ မုန်တိုင်းသတင်းက သိပ်ပြီးမထူးဆန်းတဲ့ တွေကြုံနေကြမုန်တိုင်းလောက်ပဲဆိုတော့ အေးဆေးပေါ့ကွာ။ မုန်တိုင်းဆိုတာကလည်း အကိုတို့လို ရေလုပ်သားတွေ၊ ဧရာဝတီတိုင်းသားတွေအဖို့ နှစ်စဉ် မေလတိုင်း ကြုံတွေ့နေကြ၊ သိပ်မထူးဆန်းတော့တဲ့ အဖြစ်အပျက်တခုပါပဲ။

ငါ့ညီရေ … ညနေ (၃)နာရီလောက် လေစတင်တိုက်တဲ့အချိန်မှာ အကိုက မြစ်ထဲမှာ ငါးဖမ်းပိုက် ဖြုတ်နေတုန်း။ ပထမ အေးအေးဆေးဆေးလို့ထင်ထားပေမယ့်၊ တဖြည်းဖြည်းတိုက်လာတဲ့ လေဒဏ်၊ တက်လာတဲ့ လှိုင်းဒဏ်ကို မခံနိုင်တာနဲ့ အကိုလည်း အိမ်အမြန်ပြန်ပြေး၊ ငါ့ကို စောင့်မျှော်နေကြတဲ့ မိသားစုကိုခေါ်ပြီး ရွာဦးကျောင်းကိုပြေးဖို့ပြင်တာပဲငါ့ညီ။ ဒါပေမယ့် … တိုက်လိုက်တဲ့လေ၊ တက်လာတဲ့ဒီရေတွေဟာ တခဏလေးအတွင်းမှာပဲ ငါ့တို့တရွာလုံးကို ၀ါးမျိုသွားတယ် ငါ့ညီ။ မှောင်မှောင်မဲမဲ ကမ်းမမြင်၊ လမ်းမမြင်ဆိုတဲ့အတိုင်း ရေပြင်အတိပြီးနေတဲ့ မြစ်ပြင်ကြီးထဲမှာ ငါတို့မိသားစု ရုန်းကန်နေခဲ့ရတယ်။ အသံဗလံတွေဟာလည်း ငရဲပျက်သလိုပါပဲ ငါ့ညီရေ။ ကိုယ့်မိသားစု အသက်ရှင်ဖို့အရေးက အဓိကဖြစ်နေတဲ့အချိန် ကယ်ပါယူပါလို့ အော်ဟစ်အကူအညီတောင်းနေတဲ့ မျက်စိရှေ့က ကိုယ့်ရွာသားတွေ၊ ကိုယ့်ဆွေမျိုးသားချင်းတွေအတွက် မိုးရေနဲ့အတူ မျက်ရည်ကျရုံကလွဲပြီး ဘာတတ်နိုင်မှာလဲ ငါ့ညီ။ မြစ်ပြင်ပေါ်မှာ ကူးခတ်လာရင်း အုန်းပင်တပင်တွေတာနဲ့ ကလေးတွေကို အမိအရဆွဲပြီး၊ အုန်းပင်မှာ လက်ပြုတ်မတတ် တွဲခိုထားခဲ့တယ် ငါ့ညီ။ ညမှောင်လေလေ ပိုပြီးပြင်းထန်လာလေလေဖြစ်တဲ့ အဲဒီနာဂစ်မုန်တိုင်းကို ကျိန်ဆဲရင်း လက်မပြုတ်အောင် မြဲမြဲကိုင်ထားခဲ့ရတယ်။

ဒါပေမယ့် ငါ့ညီ ဒါပေမယ့် …..

၁၀ ပေ၊ ၁၂ ပေ အမြင့်လောက်ရှိတဲ့ လွန်းတွေ (လှိုင်းလုံးတွေ) အဆက်မပြတ်အရိုက်ခံရတဲ့ အကိုတို့မိသားစု၊ နာရီ ၆ ပတ် (၆ နာရီကြာ) ခံခဲ့ရတာဆိုတော့ သစ်ပင်ကနေ ပြုတ်ထွက်ပြီး၊ လှိုင်းနဲ့အတူ မျှောသွားခဲ့တယ်ငါ့ညီ။ အကို … ကလေးတွေအတွက် အရမ်းစိတ်ပူသွားပြီး၊ ချက်ခြင်းသူတို့နောက်ကို ကူးခတ်ပြီးလိုက်ခဲ့တယ်ငါ့ညီ။ မြစ်ရေနဲ့အတူ မှောက်ရက် မျှောပါလာတဲ့ သမ္မာန်လေးတစင်းတွေ့တာနဲ့ ကလေးတွေကို အဲဒီပေါ်ဆွဲတင်၊ အားသွန်ခွန်စိုက်ကူးခတ်ပြီး အနားမှာတွေ့တဲ့ သစ်ပင်တစ်ပင်နဲ့ တွဲပြီးကြိုးချည်ထားလိုက်တယ် ငါ့ညီ။ မင်းအမကို လှည့်ကြည့်လိုက်တော့ မောပန်းပြီး မကူးမခတ်နိုင်ဖြစ်နေတာနဲ့ သွားကူပြီး လှေအရောက် ပြန်ဆွဲခေါ်လာရတယ်ငါ့ညီ။ ဒါပေမယ့်ကွာ အမှတ်မထင် ၀င်ရောက်လာတဲ့ လှိုင်းလုံးကြီးတစ်ခုက ငါ့ကို အပြင်းရိုက်လိုက်တာ ငါလည်း လွင့်မျောသွားပြီး၊ အပင်တခုနဲ့ ၀င်ဆောင့်မိတယ် ငါ့ညီ။ ငါ့ခေါင်းထဲ မိုက်ကနဲဖြစ်သွားပေမယ့် သား၊ သမီးဇောနဲ့ ကူးခတ်ခဲ့တယ်။ ဒါပေမယ့်ကွာ …

မင်း တခေါက် မြန်မာပြည်ကို အလည်ပြန်လာတုန်းက မင်းတွေ့ခဲ့တဲ့၊ မင်းချစ်ခဲ့တဲ့ ငါ့ သားနဲ့ သမီး။ မင်းကိုတိုင် ကြီးလာရင် နိုင်ငံခြားမှာ ကျောင်းထားပေးမယ်ဆိုတဲ့ ကလေးတွေ၊ မုန်တိုင်းနဲ့အတူ လွင့်မျှောပျောက်ကွယ်သွားတာကို ငါ မင်းကို ဘယ်လို ပြောရမလဲကွာ။ ငါ ဘယ်လောက် ခံစားနေရလည်းဆိုတာ ဘယ်လို စကားလုံးတွေနဲ့ မင်းကို ရေးပြရမလဲ။ ခံစားချက်ဆိုတာ ကိုယ်တိုင်ကြုံဖူးမှသိလိမ့်မယ်ငါ့ညီ။ သူများကလေးတွေတွေ့တိုင်း၊ ကိုယ့်ကလေးရယ်လားလို့ လိုက်ကြည့်ရတဲ့ အကိုအဖြစ်၊ စေတနာရှင်တွေ လှူဒါန်းခဲ့တဲ့ ပစ္စည်းတွေထဲက ကလေးဝတ်စုံလေးကိုတွေ့တိုင်း ကြေကွဲနေရတဲ့ အကိုအဖြစ်၊ ဒါတွေ ထားလိုက်ပါတော့ ငါ့ညီရယ်။

အခုအချိန်မှာ …. အကို့သားသမီးတွေကိုသာ အသက်ရှင်ရက်နဲ့ ပြန်တွေ့ရဖို့အတွက် အကို့အသက်ကိုပေးအပ်မှ ဖြစ်မယ်ဆိုရင်တောင် အကို ဒူးထောက်ပြီးစောင့်နေပါတယ်လို့ ….

ဒါပေမယ့် တခုတော့ ဆုတောင်းမိတယ် ငါ့ညီ။ ဖြစ်လေရာ ဘ၀တိုင်းမှာ သူတို့လေးတွေ လူနေမှု နိမ့်ပါးတဲ့၊ အန္တရာယ် များပြားတဲ့ ဒီလိုဒေသမှာ၊ အကိုတို့လို တံငါသည် မိသားစုမှာ လူဖြစ်ခွင့်မကြုံပါစေနဲ့လို့။ တခုလည်းပြောပြချင်ပါတယ် … အဖေကို့ သူတို့ခွဲသွားပေမယ့် အဖေ့ရင်ထဲ၊ အဖေ့သွေးထဲ၊ အဖေ့အတွေးထဲ အမြဲတမ်းရှိနေတယ်ဆိုတာကိုပါ …။

စာလည်းရှည်ပြီငါ့ညီ၊ မင်း အကို့ဆီကို စာပြန်ရေးချင်တယ်ဆိုရင် -

ဦးဇင်း ပဏ္ဍိတ
ရွာဦးကျောင်း
---------- ကျေးရွာ
---------- မြို့နယ်အပိုင်၊
ဧရာဝတီတိုင်း၊ မြန်မာပြည် ……… လို့ လိပ်မှုလိုက်ပါကွယ်။

(၀ဋ်ကြွေးရှိသမျှ ဒီဘ၀မှာပဲ ကျေပါစေ ဘုရား)

ရုပ်ဆိုး (၁၆ မေလ၊ ၂၀၀၈ / ၁၇း၄၁ တွင် ပြီး)

ဆက်ဖတ်မယ်ဆိုရင်...

Sunday, June 15, 2008

မျက်ပြေကဗျာ

Capricorn ရဲ့ ဒုတိယမြောက် ကဗျာလေးပါ။ မူရင်းက ခေါင်းစဉ် မပါပေမယ့် ကျနော်ပေးလိုက်တဲ့ ခေါင်းစဉ်လေးက သဟဇာတ ဖြစ်မယ်လို့ထင်ပါတယ်။ ရုပ်ဆိုး

ဤဘ၀၏ … ?
ဘယ်ကာလ ဘယ်ဋ္ဌာန၌
အသင့်အား ရန်ငြိုးမည်မျှ ရှည်စေခဲ့ပြီမသိ …

ဤသံသရာ၏
ကျင်လည်ပြီးသမျှသော ကာလပတ်လုံး
အသင့်အား မည်မျှ အပြစ်ပြုမိခဲ့ပြီမသိ …

ဖေးမမှုမရှိသော ကံကြမ္မာ၏ အောက်ဝယ်
မြတ်နိုးခြင်း အတိုင်းအဆအကုန်ဖြင့်
ပေးအပ်ပြီးဖြစ်ရာ …

အကျွန့်နှလုံးသားအား
မေတ္တာတရားအတိဖြင့် ပြီးစေပြီး
ဤဘ၀၏ …
ကျရှုံးခြင်းနောက်ကွယ်၌
အသင် … အမျက်တော်ပြေပါစေသား

capricorn

ဆက်ဖတ်မယ်ဆိုရင်...

capricorn ရဲ့ကဗျာ

ကဗျာတွေကို အရှုးအမူးဖြစ်နေတဲ့ ညီမငယ်လေး (Capricorn) ရေးထားတဲ့ ကဗျာလေးတွေကို စိတ်ကြိုက်ခံစားမိလို့ ကျနော့ရဲ့ ဘလော့ဂ်မှာ ဖော်ပြချင်နေခဲ့တာ ကြာပြီ။ သူ့ဆီကခွင့်တောင်းဖို့ ဖုန်းလှမ်းဆက်လိုက်တော့ စင်္ကာပူမှာ ကျောင်းသွားတက် နေတယ်တဲ့။
စင်္ကပူရောက်နေတဲ့ ညီမငယ် Capricorn ကျေနပ်လိမ့်မယ်လို့ ယူဆရင်း ဖော်ပြပေးလိုက်ပါတယ်ဗျာ....။ ရုပ်ဆိုး


သူ၏
ရွေးချယ်ခြင်းဖြစ်စေ မရွေးချယ်ခြင်းဖြစ်စေ
ငါ၏
လက်ဝဲဘက်ဖြစ်စေ လက်ယာဘက်ဖြစ်စေ
…. မည်သို့မျှ မသက်ဆိုင်
အားပေးတိုက်တွန်းခြင်း တစ်စုံတစ်ရာ မရှိခဲ့သလိုပင်
တားဆီးပိတ်ပင်ခြင်း တစ်ခုတစ်လေမျှ ငါမပြုခဲ့ ….

ကိုယ်တိုင်ကိုယ်ကျ အသက်ရှုနေရသော ဘ၀၌
မှားယွင်းမှုဖြစ်စေ မှန်ကန်မှုဖြစ်စေ
ကိုယ့်ရဲ့ လုပ်ဆောင်ချက်ဖြစ်လာမည်
ကိုယ်တိုင်ကိုယ်ကျ ဖောက်ခဲ့သော လမ်းပင်မဟုတ်ပါလား

ဆေးရောင်နီနီတွေ ဆိုးပစ်လိုက်ဖို့ မပြောမိသကဲ့သို့
ဆေးဖြူဖြူဖြင့် သုတ်ပစ်ရန်လည်း အကြံမပေးမိ …

တစ်ခုသာ …

ဖြစ်ပြီးသမျှသော ကိစ္စရပ်တိုင်းအတွက်
အကောင်းအဆိုးအကုန်၏
ဘေး၌ရပ်တည်ပေးနိုင်မည့်သူအဖြစ် ။ ။


capricorn

ဆက်ဖတ်မယ်ဆိုရင်...

Saturday, June 14, 2008

အချစ်တဲ့လား .....။

ဘာ …

ဒါဟာ အချစ်တဲ့
ဟုတ်ရဲ့လားကွာ…။

နှလုံးသားတခုလုံးပုံအပ်
ထွက်သက် ၀င်သက်တွေ
ရပ်တန့်မတတ် ချစ်ခဲ့တာတောင်
မျှော်လင့်ခြင်းတွေကို အဆုံးသတ်
နင် ဟာ ငါ့ဘ၀နဲ့ မတန်ဘူးတဲ့လေ …။

တခြားသူ ရင်ခွင်မှာ မှေးစက်
မိသားစု အတွက်တဲ့
လှပတဲ့ စကားလုံးတွေသုံး
ငါ့ဘ၀ ပျက်သုန်းခဲ့တာတောင်
တနေ့မှ မေ့မရ
လွမ်းဆွတ်နေတာက ….ငါ။

ပြောကြပါအုံးဗျာ …
ဒါဟာ အချစ်တဲ့လား …………….။

ရုပ်ဆိုး
(၁၄ ဇွန်လ၊ ၀၈ / ၁၈း၄၅မိနစ်)

ဆက်ဖတ်မယ်ဆိုရင်...

Saturday, June 7, 2008

ချစ်သူ သိစေဖို့

မြင်နေကြ နေရာလေး
တွေ့နေကြ ခုံတန်းလေးကို
အမှတ်မထင် ငေးကြည့်မိတာ
ငါရဲ့ အပြစ်လား ချစ်သူ …။

ဆုံနေကြ အချိန်လေး
လာနေကြ ဖုန်းသံလေးကို
ရင်ခုန်စွာ (အခုထိ) စောင့်နေမိတာ
ငါ့ရဲ့ အပြစ်လား ချစ်သူ …။

ပြက္ခဒိန်စာရွက်တွေရဲ့ အောက်မှာ
ငါ့ရဲ့နှလုံးသားတစ်ခု
လတ်ဆတ်စွာ ရှိနေဆဲကို
ငါ … မယုံကြည်စွာ ငေးကြည့်ရင်း
မင်းကို လွမ်းနေဆဲပါ ချစ်သူ။

ကိုရုပ်ဆိုး
(၇-မေ-၂၀၀၈) နံနက် ၀၀း၃၉ မိနစ်

ဆက်ဖတ်မယ်ဆိုရင်...