ညီလေးသို့ ပေးစာ
ညီလေးရေ …
မုန်တိုင်းသတင်းကြားပြီး ငါ့ညီလေး စိတ်ပူနေမယ်ဆိုတာ အကိုသိတယ် ညီလေးရေ။ ဒါပေမယ့် နိုင်ငံခြားမှာအလုပ် လုပ်နေတဲ့ ငါ့ညီဆီ စာရေးဖို့ဆိုတာ အကိုတို့အတွက်တော့ မလွယ်ဘူးငါ့ညီ။
ငါ့ညီရေ … ညနေ (၃)နာရီလောက် လေစတင်တိုက်တဲ့အချိန်မှာ အကိုက မြစ်ထဲမှာ ငါးဖမ်းပိုက် ဖြုတ်နေတုန်း။ ပထမ အေးအေးဆေးဆေးလို့ထင်ထားပေမယ့်၊ တဖြည်းဖြည်းတိုက်လာတဲ့ လေဒဏ်၊ တက်လာတဲ့ လှိုင်းဒဏ်ကို မခံနိုင်တာနဲ့ အကိုလည်း အိမ်အမြန်ပြန်ပြေး၊ ငါ့ကို စောင့်မျှော်နေကြတဲ့ မိသားစုကိုခေါ်ပြီး ရွာဦးကျောင်းကိုပြေးဖို့ပြင်တာပဲငါ့ညီ။ ဒါပေမယ့် … တိုက်လိုက်တဲ့လေ၊ တက်လာတဲ့ဒီရေတွေဟာ တခဏလေးအတွင်းမှာပဲ ငါ့တို့တရွာလုံးကို ၀ါးမျိုသွားတယ် ငါ့ညီ။ မှောင်မှောင်မဲမဲ ကမ်းမမြင်၊ လမ်းမမြင်ဆိုတဲ့အတိုင်း ရေပြင်အတိပြီးနေတဲ့ မြစ်ပြင်ကြီးထဲမှာ ငါတို့မိသားစု ရုန်းကန်နေခဲ့ရတယ်။ အသံဗလံတွေဟာလည်း ငရဲပျက်သလိုပါပဲ ငါ့ညီရေ။ ကိုယ့်မိသားစု အသက်ရှင်ဖို့အရေးက အဓိကဖြစ်နေတဲ့အချိန် ကယ်ပါယူပါလို့ အော်ဟစ်အကူအညီတောင်းနေတဲ့ မျက်စိရှေ့က ကိုယ့်ရွာသားတွေ၊ ကိုယ့်ဆွေမျိုးသားချင်းတွေအတွက် မိုးရေနဲ့အတူ မျက်ရည်ကျရုံကလွဲပြီး ဘာတတ်နိုင်မှာလဲ ငါ့ညီ။ မြစ်ပြင်ပေါ်မှာ ကူးခတ်လာရင်း အုန်းပင်တပင်တွေတာနဲ့ ကလေးတွေကို အမိအရဆွဲပြီး၊ အုန်းပင်မှာ လက်ပြုတ်မတတ် တွဲခိုထားခဲ့တယ် ငါ့ညီ။ ညမှောင်လေလေ ပိုပြီးပြင်းထန်လာလေလေဖြစ်တဲ့ အဲဒီနာဂစ်မုန်တိုင်းကို ကျိန်ဆဲရင်း လက်မပြုတ်အောင် မြဲမြဲကိုင်ထားခဲ့ရတယ်။
ဒါပေမယ့် ငါ့ညီ ဒါပေမယ့် …..
၁၀ ပေ၊ ၁၂ ပေ အမြင့်လောက်ရှိတဲ့ လွန်းတွေ (လှိုင်းလုံးတွေ) အဆက်မပြတ်အရိုက်ခံရတဲ့ အကိုတို့မိသားစု၊ နာရီ ၆ ပတ် (၆ နာရီကြာ) ခံခဲ့ရတာဆိုတော့ သစ်ပင်ကနေ ပြုတ်ထွက်ပြီး၊ လှိုင်းနဲ့အတူ မျှောသွားခဲ့တယ်ငါ့ညီ။ အကို … ကလေးတွေအတွက် အရမ်းစိတ်ပူသွားပြီး၊ ချက်ခြင်းသူတို့နောက်ကို ကူးခတ်ပြီးလိုက်ခဲ့တယ်ငါ့ညီ။ မြစ်ရေနဲ့အတူ မှောက်ရက် မျှောပါလာတဲ့ သမ္မာန်လေးတစင်းတွေ့တာနဲ့ ကလေးတွေကို အဲဒီပေါ်ဆွဲတင်၊ အားသွန်ခွန်စိုက်ကူးခတ်ပြီး အနားမှာတွေ့တဲ့ သစ်ပင်တစ်ပင်နဲ့ တွဲပြီးကြိုးချည်ထားလိုက်တယ် ငါ့ညီ။ မင်းအမကို လှည့်ကြည့်လိုက်တော့ မောပန်းပြီး မကူးမခတ်နိုင်ဖြစ်နေတာနဲ့ သွားကူပြီး လှေအရောက် ပြန်ဆွဲခေါ်လာရတယ်ငါ့ညီ။ ဒါပေမယ့်ကွာ အမှတ်မထင် ၀င်ရောက်လာတဲ့ လှိုင်းလုံးကြီးတစ်ခုက ငါ့ကို အပြင်းရိုက်လိုက်တာ ငါလည်း လွင့်မျောသွားပြီး၊ အပင်တခုနဲ့ ၀င်ဆောင့်မိတယ် ငါ့ညီ။ ငါ့ခေါင်းထဲ မိုက်ကနဲဖြစ်သွားပေမယ့် သား၊ သမီးဇောနဲ့ ကူးခတ်ခဲ့တယ်။ ဒါပေမယ့်ကွာ …
မင်း တခေါက် မြန်မာပြည်ကို အလည်ပြန်လာတုန်းက မင်းတွေ့ခဲ့တဲ့၊ မင်းချစ်ခဲ့တဲ့ ငါ့ သားနဲ့ သမီး။ မင်းကိုတိုင် ကြီးလာရင် နိုင်ငံခြားမှာ ကျောင်းထားပေးမယ်ဆိုတဲ့ ကလေးတွေ၊ မုန်တိုင်းနဲ့အတူ လွင့်မျှောပျောက်ကွယ်သွားတာကို ငါ မင်းကို ဘယ်လို ပြောရမလဲကွာ။ ငါ ဘယ်လောက် ခံစားနေရလည်းဆိုတာ ဘယ်လို စကားလုံးတွေနဲ့ မင်းကို ရေးပြရမလဲ။ ခံစားချက်ဆိုတာ ကိုယ်တိုင်ကြုံဖူးမှသိလိမ့်မယ်ငါ့ညီ။ သူများကလေးတွေတွေ့တိုင်း၊ ကိုယ့်ကလေးရယ်လားလို့ လိုက်ကြည့်ရတဲ့ အကိုအဖြစ်၊ စေတနာရှင်တွေ လှူဒါန်းခဲ့တဲ့ ပစ္စည်းတွေထဲက ကလေးဝတ်စုံလေးကိုတွေ့တိုင်း ကြေကွဲနေရတဲ့ အကိုအဖြစ်၊ ဒါတွေ ထားလိုက်ပါတော့ ငါ့ညီရယ်။
အခုအချိန်မှာ …. အကို့သားသမီးတွေကိုသာ အသက်ရှင်ရက်နဲ့ ပြန်တွေ့ရဖို့အတွက် အကို့အသက်ကိုပေးအပ်မှ ဖြစ်မယ်ဆိုရင်တောင် အကို ဒူးထောက်ပြီးစောင့်နေပါတယ်လို့ ….
ဒါပေမယ့် တခုတော့ ဆုတောင်းမိတယ် ငါ့ညီ။ ဖြစ်လေရာ ဘ၀တိုင်းမှာ သူတို့လေးတွေ လူနေမှု နိမ့်ပါးတဲ့၊ အန္တရာယ် များပြားတဲ့ ဒီလိုဒေသမှာ၊ အကိုတို့လို တံငါသည် မိသားစုမှာ လူဖြစ်ခွင့်မကြုံပါစေနဲ့လို့။ တခုလည်းပြောပြချင်ပါတယ် … အဖေကို့ သူတို့ခွဲသွားပေမယ့် အဖေ့ရင်ထဲ၊ အဖေ့သွေးထဲ၊ အဖေ့အတွေးထဲ အမြဲတမ်းရှိနေတယ်ဆိုတာကိုပါ …။
စာလည်းရှည်ပြီငါ့ညီ၊ မင်း အကို့ဆီကို စာပြန်ရေးချင်တယ်ဆိုရင် -
ဦးဇင်း ပဏ္ဍိတ
ရွာဦးကျောင်း
---------- ကျေးရွာ
---------- မြို့နယ်အပိုင်၊
ဧရာဝတီတိုင်း၊ မြန်မာပြည် ……… လို့ လိပ်မှုလိုက်ပါကွယ်။
(၀ဋ်ကြွေးရှိသမျှ ဒီဘ၀မှာပဲ ကျေပါစေ ဘုရား)
ရုပ်ဆိုး (၁၆ မေလ၊ ၂၀၀၈ / ၁၇း၄၁ တွင် ပြီး)
ပုံနှိပ်စာလုံးရယူရန်
ကိုရုပ်ဆိုးရေ အတိုင်းအထက်အလွန်ကြေကွဲဝမ်းနည်းရပါတယ် ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တက်ပျက်လို. နှလုံးသွင်းပင်မယ့် ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလိုပါပဲ။ သံသရာအဆက်ဆက်ကအကြွေးတွေကြေကြပါစေ။ ဘယ်လူမျိုး ဘယ်နေရာကမဆို အဖြစ်ဆိုးတွေနဲ. မကြုံကြပါစေနဲ.ဗျာ.....
ReplyDelete