Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Showing posts with label သူငယ်ချင်း. Show all posts
Showing posts with label သူငယ်ချင်း. Show all posts

Monday, February 23, 2009

မှတ်မှတ်ရရ လုပ်သွားတဲ့ သူငယ်ချင်းများစွာအတွက် ....

၁၄ ဖေဖော်ဝါရီနေ့က အိမ်မှာ အမှတ်တရလေး လုပ်ဖြစ်တယ်။ အဓိကကတော့ သူငယ်ချင်းတွေကြောင့်ပါ ....။ မှတ်မှတ်ရရ ရှိနေတဲ့နေ့လေးကို ဒီအတိုင်း မကုန်ဆုံးစေချင်ကြလို့တဲ့လေ။

အဲဒီနေ့ မနက်ကတော့ မိသားစုနဲ့ နံနက်စာကို အပြင်မှာ ထွက်စားတယ်။ ပြီးတော့ ကလေးတွေကို Happy World ကစားကွင်း လိုက်ပို့တယ်။ ဘုရားတက်တယ်။ အိမ်ပြန်တယ်။

၁၁း၀၀ နာရီထိုးလောက်မှာပဲ သူငယ်ချင်းတွေ အိမ်ကို စုရုံးရောက်ရှိလာပြီး .... သူတို့နဲ့အတူ ချက်ပြုတ်စားသောက်စရာတွေ ပါလာတယ်။ နောက်ဖေးမီးဖိုချောင်မှာ အလုအယက် ချက်ကြပြုတ်ကြနဲ့ ... ပါလာတဲ့ ပုလင်းလေးတွေကိုလည်း ဖွင့်ပြီးမော့ကြတယ်။ တဖြည်းဖြည်းနဲ့ အရှိန်တက်လာကြပြီး ... ကျနော့ အမျိုးသမီး ချက်ကျွေးတဲ့ ဟင်းတွေကော၊ သူတို့ကိုယ်တိုင် ချက်ကြတဲ့ ဟင်းတွေကော စားလိုက်ကြတာ ... ညနေစောင်းတော့ ဟင်းလည်းကုန်၊ အရည်လည်းကုန် ဖြစ်သွားကြတယ်။

မပြန်ခင်လေးမှာ မှတ်မှတ်ရရ ဖြစ်သွားအောင်လို့ဆိုပြီး ... တက်ရောက်လာသူအပေါင်းက အိမ်ရှေ့နံရံထက်ဆီမှာ အမှတ်တရ ချန်သွားရစ်ခဲ့ကြတယ်။ ကျနော်လည်း ဓါတ်ပုံရိုက်မှတ်တမ်းတင်ပြီး ကျနော့ရဲ့ ဘလော့ဂ်မောင်နှမတွေအတွက် တင်စရာ၊ တွေးစရာ ရှားနေတဲ့ ကျနော့်အတွက် ရေငတ်တုန်း ရေတွင်းထဲကျတဲ့သူလို ခပ်မြန်မြန်တင်ချင်ပေမယ့် .... :)

အဲဒီနေ့က မှတ်မှတ်ရရ အိမ်ကိုလာသွားတဲ့လူတွေကော၊ ကြုံပေမယ့် ပွဲလာမတက်ပဲ မှတ်မှတ်ရရ ဖြစ်အောင်လုပ်သွားတဲ့ ရွာသားလေးကိုကော :) ... ဘလော့ဂ်မှာ မန့်ပေးသွားတဲ့ သူငယ်ချင်းတွေကိုကော ... မိသားစုရဲ့ကိုယ်စား ကိုရုပ်ဆိုးမှ လှိုက်လဲစွာကျေးဇူးတင်တယ်ဆိုတဲ့အကြောင်း ....... :)

ပုံတွေကို အောက်မှာ တင်ပေးလိုက်တယ်ဗျာ ........။





ကိုရုပ်ဆိုး
၂၃-ဖေဖော်ဝါရီ-၀၉ (၁၈း၄၈)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Thursday, November 27, 2008

ညီငယ် မောင်မျိုးနှင့် မောင်ပိစိသို့

မောင်မျိုးလေး ရန်ကုန်ရောက်လာတယ်။ အဝေးပြေးဂိတ်မှာ သွားရောက်ကြိုတာက မောင်ပိစိတို့အဖွဲ့။ ကျနော်နှင့် ချိန်းတယ်။ ညနေ ရုံးဆင်းရင် တွေ့နိုင်မယ်လို့ အကြောင်းကြားထားပေမယ့် ........ တကယ်တမ်းကျတော့ ဧည့်ဝတ်မကျေပွန်ခဲ့တဲ့ ကိုယ့်အဖြစ်ကို မကျေနပ်နိုင်ခဲ့ဘူး။ ရောက်တဲ့နေ့က အိမ်မှာ လိုက်အိပ်ပေမယ့် .... ကျနော့ရဲ့ ကိစ္စအ၀၀ကို မညည်းငြူပဲ လိုက်ပါခဲ့တဲ့ မောင်မျိုး ..... အစ, အဆုံး ဧည့်ဝတ်ကျေပွန်ခဲ့တဲ့ မောင်ပိစိ ....။

စိတ်မကောင်းဘူးဗျာ ....... မနေ့က သူတို့နဲ့ ဘီယာသောက်ကြမယ်ဆိုပြီး ချိန်းထားပေမယ့် ... ညနေစောင်းရောက်တော့ ပြသနာကပေါ်လာပြန်ပြီ ... ဘန်ကောက်မှာ ဆူပူကြလို့ လေဆိပ်ပိတ်လိုက်တာ ရောက်မယ့်ဧည့်သည်တွေလည်းမရောက်၊ ပြန်ရမယ့် ဧည့်သည်တွေလည်း မပြန်ရ ..။ မလုပ်မနေ အလုပ်ကိစ္စဆိုတော့ သူတို့ ဖုန်းဆက်ချိန်းတော့ ဖျက်လိုက်ရတယ်။ ဘယ်လိုနည်းနဲ့ တောင်းပန်ပြီး ဖျက်ရမှန်းမသိပေမယ့် ... သူတို့ (မောင်မျိုးနှင့် မောင်ပိစိ)က အလိုက်သိစွာနဲ့ အလုပ်ကိစ္စဆိုတော့ ကျနော်တို့ နားလည်ပါတယ်တဲ့ ...။

(မောင်မျိုးဘလော့ဂ်မှာ သူတို့ ပျော်ကြတာတွေကိုတွေတော့ ၀မ်းနည်းမိတယ်။)

ရန်ကုန်ရောက်လာတဲ့အခိုက်မှာ ဧည့်ဝတ်မကျေပွန်လိုက်တဲ့ အကိုရုပ်ဆိုးကို နားလည်ပေးပါ မောင်မျိုးရေလို့ ... အကို့ရဲ့ ဘလော့ဂ်ကနေပဲ တောင်းပန်လိုက်တယ်ကွာ။ ပိစိကိုလည်း ကျေးဇူးတင်တယ်။

မင်းတို့ရဲ့အကို

ကိုရုပ်ဆိုး
၂၇-နိုဝင်ဘာ-၀၈ (၁၀း၂၀)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Wednesday, November 26, 2008

မင်္ဂလာလက်ဖွဲ့လေး .........

ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့တဲ့ ကျနော့သူငယ်ချင်း ရဲ့ မင်္ဂလာပွဲအတွက် လက်ဖွဲ့ပေါ်မှာ ကျနော် ရေးပေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ ..။ တင်မယ် ... တင်မယ်နဲ့ မအားလပ်တာနဲ့ ဒီနေ့မှပဲ တင်ဖြစ်တော့တယ်။

သူငယ်ချင်းတို့နှစ်ယောက် ဘ၀ခရီးလမ်းမှာ တစ်ဦးပေါ်တစ်ဦး ကြင်နာခြင်းများစွာ၊ ပျော်ရွှင်ခြင်းများစွာနဲ့ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း .........

ခွန်အားအပြည့် လက်တွေနဲ့
ဝမ်းမြောက်စွာတွဲလို့
ကမ်းလင့်ခဲ့ ထွဋ်ခေါင်ဆိုသို့ ....

လှမ်းရဲလား မေ ရေ
ယုယမှု အပြည့်နဲ့
ဟိုး ..... အမြင့်
ပျော် စံ ရာ ဆီသို့ ....။

ကိုရုပ်ဆိုး
၂၁-နိုဝင်ဘာ-၀၈ (၂၂း၅၅)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Saturday, August 30, 2008

“အရည်အချင်း”

ကျနော် အထက်တန်းကျောင်းသားတုန်းက ခင်တဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ တနေ့ သူ့ဆီကနေ ကဗျာလေးတစ်ပုဒ်ရတယ်။ ကျနော် ကြိုက်လွန်းအားကြီးလို့ သိမ်းထားပါရစေဆိုပြီး တောင်းထားတာ အခုဆိုရင် အဲဒီ ကဗျာလေးရဲ့သက်တမ်းဟာ (၁၄)နှစ်လောက် ရှိတော့မယ် :) ဟောင်းနေပေမယ့် ကောင်းနေဆဲပါ အဟဲ ...။ အဲဒီထဲမှာ တစ်ပိုဒ်ကိုတော့ ခေတ်နဲ့ညီအောင် ကျနော်ပြင်ထားတယ်။ တခါက အဲဒီသူငယ်ချင်းနဲ့ ပြန်ဆုံတော့ ခွင့်တောင်းလိုက်ပါသေးတယ်။ “သူငယ်ချင်းတဲ့ ... အခုထိ မှတ်မှတ်ရရ သိမ်းထားတာကိုက ကျေးဇူးတင်ပါတယ်တဲ့။ ဘ၀အမောမှာ ရေစုန်မျှောနေတော့ ကဗျာဆိုတာ ငါ့အတွက်တော့ ဖြတ်သန်းခဲ့ဖူးတဲ့ လမ်းကလေးတခုအဖြစ်နဲ့ပဲ ကျန်ခဲ့ပြီတဲ့.....။ မင်း ကြိုက်သလိုပြင်ပြီး၊ အသုံးပြုပါ”ဆိုတာနဲ့ ကျနော့ဘလော့ဂ်မှ အဲဒီ သူငယ်ချင်းအတွက် အမှတ်တရ အနေနဲ့ တင်ပေးလိုက်တယ်။ ဒီလို အစချီထားပေမယ့် ကဗျာလေးက .... (အင်း) ဖတ်ကြည့်ပေါ့ဗျာ ...။

ကျနော် အောက်ဖော်ပြပါ အရည်အချင်းမျိုးရှိသော မိန်းမလှလေးတစ်ယောက် အလိုရှိနေပါသ၍ အရည်အချင်း ပြည့်မီသူများ လာရောက်လျှောက်ထားနိုင်ပါသည်။

ဥစ္စာလည်းပေါ ရုပ်လည်းချော
သဘောကောင်းသူ ဖြစ်ရမည် ...။

ဈေးနားနီးနီး ကျောင်းနီးနီး
တိုက်ကြီးကြီးလည်း ရှိရမည် ...။

ဟိုနား ဒီနား ခရီးသွား
ကိုယ်ပိုင်ကားလည်း ရှိရမည် ...။

ဟိုဆက် ဒီဆက် ဖီလင်တက်မယ့်
ဟန်းဖုံးလေးလည်း ရှိရမည် ...။

ကိုယ်၏ ဆန္ဒ လိုသမျှ
ခေါင်းငြိမ့်နိုင်သူ ဖြစ်ရမည် ...။

အထက်ပါအချက် မပျက်ကွက်မှ
သူမလို လူကို
ကျွန်တော် စဉ်းစား ပေးနိုင်မည် ...။

အထက်တန်းကျောင်းသားဘ၀သို့ အမှတ်တယ ပြန်လည်တမ်းတမိလျှက် ... ကိုရုပ်ဆိုး

ဆက်ဖတ်မယ်ဆိုရင်...

Wednesday, April 30, 2008

လွမ်းချင်း

blog စရေးရေးခြင်း အလွမ်းနဲ့ စတာတော့မဟုတ်ပါဘူးသူငယ်ချင်းတွေနဲ့ပဲ ကြီးပြင်းလာခဲ့တဲ့ ကျနော့အဖို့တော့ အချစ်ဆုံးသူငယ်ချင်းတယောက် (ကျော်ဇင်ထွန်း (ခ) ကျော်လေး) လူ့ဘ၀ကနေ ကျနော့် မျက်စိရှေ့မှာ ထွက်ခွာသွားတာကို လွမ်းဆွတ်တဲ့အနေနဲ့ သူ့အတွက် အမှတ်တရ ၂၂-၁၂-၉၄ မှာ ကျနော်ရေးဖြစ်ခဲ့တဲ့ ကဗျာလေးကို အဖွင့်အနေနဲ့ တင်ခွင့်ပေးပါ။

သူငယ်ချင်းကျော်လေး ....လူ့ဘ၀ဆိုတာ သမုဒ္ဒရာထက် ခဏပွက်တဲ့ ရေပွက်ကလေးပါပဲ။ ဒါပေမယ့် ရေပွက်ကလေးထဲကနေ သမုဒ္ဒရာထဲကို ပြန်လည်နှစ်မြုပ်သွားတာက မင်းတယောက်ထဲကွာ။ (၂၂-၁၂-၉၄)ရက်နေ့ကို မင်းနဲ့ ငါ ခွဲခွာမှုအဖြစ် ငါရေးဖွဲ့လိုက်တယ် သူငယ်ချင်း ......။ ရောက်ရာအရပ်က သိနိုင်ပါစေ ...........။

ရုပ်ဆိုးသတိရနေသေးတယ်...........

တနင်္ဂနွေရဲ့ နံနက်
ရွှေတိဂုံရင်ပြင်ထက်မှာ
တစ်ယောက်တစ်လက်နဲ့
တံပျက်စည်းဆွဲထွက်လို့
ရင်ပြင်တော်တစ်ဝိုက်
သန့်ရှင်းရေးလုပ်တဲ့အခိုက်မှာ
နောက်ပြောင်တတ်တဲ့
မင်းရဲ့အသံပြာပြာ
မင်းရဲ့ ကိုယ်ဟန် တစ်ခါခါကို
မြင်ယောက်ကြားမိ
လွမ်းမိတယ် ... သူငယ်ချင်း။

မြတ်ဘုရားရဲ့ ပုံတော်ကို
ပြောင်လက်အောင်ပွတ်တိုက်
ရောင်တော်ဖွင့် ပူဇော်ခိုက်မှာ
မင်းရဲ့ ဟန်ပန်
မင်းရဲ့ သဏ္ဍန်ကို
မျက်လုံးထဲမှာ မြင်ယောင်လို့
လွမ်းမိတယ် .... သူငယ်ချင်း။

ပျောက်သောသူ ရှာရင်တွေ့
သေသောသူ ကြာရင်မေ့ တဲ့
လူကြီးတွေရဲ့ ရှေးသုံးစကား
ရေးထုံးများ မှားနေရော့သလားကျော်လေးရေ ........။
ခွဲခွာတဲ့ရက် လက်ချိုးတွက်လို့
နှစ်တာကာလ ကြာမြင့်လှလည်း
တမ်းတတဲ့ စိတ်လွမ်းရိပ်တွေ မဖြေနိုင်ဘူး။
တနေ့မှ မေ့မရလို့
ငါတို့ရဲ့ ... သမုဒယ သံယောဇဉ်
ခုမှ ပြန်ပြောနေရင်လည်း
မင်းသိနိုင်မှာမှ မဟုတ်ပဲ
ဒီတော့ .......
မင်းအတွက်အလှူဒါနတွေ အကြိမ်ကြိမ်ပြုလုပ်
မင်းတယောက် ...
ကောင်းမွန်ရာ ရောက်ဖို့လေ၊
ငါတို့ ပြုလုပ်သမျှ ကုသိုလ်ဒါနအတွက်
အမျှပေးဝေတယ် သူငယ်ချင်း
မင်းရောက်လေရာ ဘုံဌာနက
သာဓုခေါ်လိုက်ပါ ကျော်လေးရေ
သာဓုခေါ်လိုက်စမ်းပါ ... ... ။
ရုပ်ဆိုး (၂၂ ဒီဇင်ဘာ၊ ၁၉၉၄)

ဆက်ဖတ်မယ်ဆိုရင်...