Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, September 30, 2008

“G-talk ဦးတည်ချက် (၄)ရပ်”

ဒီနေ့ သူငယ်ချင်းတစ်ယောက် အီးမေးလ်ကနေပို့လိုက်တာ “G-talk ဦးတည်ချက် (၄)ရပ်” တဲ့။ ဖတ်ကြည့်တာ ရယ်ရလို့ တင်ပေးလိုက်တယ်။

ဆက်ဖတ်မယ်ဆိုရင်...

Monday, September 29, 2008

ကျေးဇူးတင်လွှာ ...

ကျနော် စာမေးပွဲဖြေတဲ့ရက်များအတွင်း လာလည်ကြတဲ့ ဘလော့ဂ်ဂါသူငယ်ချင်းများ၊ စာမေးပွဲဖြေနိုင်စေရန်အတွက် ဆုတောင်းပေးကြတဲ့ သူငယ်ချင်းများအားလုံးအား ကျေးဇူးအထူးတင်ပါကြောင်း
ကဲ ... ကဲ ... ကျေးဇူးတင်လွှာက အစားအသောက်မပါရင် မပြည့်စုံဘူးထင်လို့ 
(အမှန်က တောင်းဆိုသူတွေများလို့ :)) 
တည်ခင်းဧည့်ခံလိုက်ပါတယ်ခင်ဗျာ။ 
မြန်မာစာကို မစားရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေ အတွက်ပါ ...

ကိုရုပ်ဆိုး
http://koyokesoe.blogspot.com

ဆက်ဖတ်မယ်ဆိုရင်...

ပထမဆိုပါလား .....

ညီငယ်မောင်မျိုးလေး TAG ထားတယ်ဆိုလို့ ... ဘာများလည်း ကမန်းကတန်းသွားကြည့်လိုက်တာ ဟိုက် ရှာလပတ်ရည် “ပထမဆုံး”များဆိုပါလား။ ပထမဆုံးဆိုတာ ပြန်မရွေးနိုင်လို့ ပထမတစ်ခေါက်ကတည်းက ဆုံးသွားတာလား၊ ဘာ လား ဆိုပြီး သေချာဖတ်ကြည့်တော့မှ သြော် .... ဒါတွေကို ဖြေရမှာကိုး။ စာမေးပွဲဖြေပြီးတာမှ မကြာသေးဘူး ... မင်းသားကို မအားမှန်းသိလို့ မေးခွန်းစာရွက် အိမ်မှာလာပေးသွားတဲ့ အင်တာဗျုးဆရာလိုလို ဘာလိုလို မောင်မျိုးက လုပ်ချသွားတယ်။ ကဲ ... ကိုယ်ဆိုတဲ့ ကောင် ကလည်း ဒါမျိုးဖြေရမယ်ဆိုရင် ကွန်ပျူတာရှေ့ကနေတောင် ထချင်တာမဟုတ်တော့ခက်တယ်။ ကဲ .. ကဲ .. မောင်မျိုးလေး ဖတ်ကြည့်ကွာ ...။

ပထမဆုံးတက်ရသည့်ကျောင်း.....
အ.လ.က (၃) တာမွေ။ သူငယ်တန်းမှ ရှစ်တန်းအထိ တက်ခဲ့ရတာ။

ပထမဆုံးအတန်းပိုင်ဆရာမ
အင်း … ရေးတေးတေးပဲ။ ဆရာမဆံပင် အရမ်းရှည်တာကိုပဲ မှတ်မိတော့တယ်။ ကြိမ်လုံးလည်းမကိုင်ဘူး။ စကားပြောလည်း အရမ်းနူးညံ့တယ်။

ပထမဆုံးသူငယ်ချင်း
သူငယ်ချင်းလို့ စစ်စစ်မှန်မှန်စတင်ခံစားလိုက်ရတဲ့ သူငယ်ချင်းက ပဲခူးက။ ကျောင်းပိတ်ရက်တိုင်း ပဲခူးမှာ သွားနေရတဲ့ ကျနော့အဖို့ ပဲခူးသူ ညီအမ သုံးယောက်နဲ့ သူငယ်ချင်းဖြစ်ခဲ့တယ်။ အဓိကကတော့ “စန္ဒာ”ဆိုတဲ့ ယောက်ျလျာလေးပါ။ ပြီးတော့ သူ့အထက်က မာလာ။ စန္ဒာနဲ့က ပိုရင်နှီးတယ် …။ သူကလည်း ကျောင်းပိတ်ရက်ရောက်ပြီဆို ကျနော့ကို အမြဲမျှော်တယ်။ မျှော်မှာပေါ့ သားရေကွင်းပစ်တိုင်း၊ ကစားတိုင်း သူပဲ နိုင်တယ်။ အရင်တုန်းက သားရေကွင်းဝယ်ရင် လက်တိုဂျင် နို့မုန့်ဘူးနဲ့ထည့်ပြီးရောင်းတာဗျ။ တစ်ဘူးဆို ၅ ရက် ပဲခံတယ်။ သူ့ဆီအကုန်ရောက်သွားတာချည်းပဲ။ ကျနော့ကို သူက ငယ်နိုင်ကြီးလို့ ခေါ်တယ်။ ကျနော့အပေါ် အနွံအတာခံတယ်။ မာလာကာသီးစားချင်ရင် အပင်မတက်တတ်တဲ့ ကျနော့အတွက် သူက ဒိုင်ခံခူးပေးနေကြ။ တခြားလူတွေ ရန်စရင် သူက အမြဲ ဒိုင်ခံ ရန်ဖြစ်ပေးနေကြ။ အခုထိ သူ့ကို ကျနော် အမြဲတမ်းသတိတယရှိနေတတ်ပြီး၊ ပဲခူးသွားတိုင်း သူတို့ ပြောင်းသွားတဲ့နေရာကို စုံစမ်းတုန်း။ မတွေ့ရတာ တော်တော်ကြာသွားပြီ။ အခုလောက်ဆို သူလည်း ကလေးတွဲလောင်း ဖြစ်နေလောက်ပြီ :)

ပထမဆုံးဖတ်မိတဲ့ စာအုပ်
အဲဒီလောက် မှတ်ဉာဏ်က မကောင်းဘူးဗျ။ (မင်းသား၊ မင်းသမီးတွေ မေ့ရင် ပြောနေကြအတိုင်း ပြောရရင်) အင်း … ဘယ်လိုပြောရမလဲပေါ့နော်၊ အဲဒီစာအုပ်လေးပေါ့နော် … အဟဲ

ပထမဆုံးပျော်ပျော်ရွှင်ရွှင်ဖတ်မိတဲ့ ကျောင်းစာ....
ကျနော်တို့တုန်းက (၁)တန်းရောက်မှ အင်္ဂလိပ်စာ စ, သင်ရတာဆိုတော့
မြန်မာစာပဲ ရွတ်ရတာပေါ့
က ...ကလေးငယ် ကျနော်တို့အရွယ်
ဆ … ဆော့ကြ ယမ်းပုံမီးကျ
ထ … ထမင်းပွဲ ကျနော့အတွက်ပဲ
မ .. မုန်ဖိုး ပေးပါအုံး
အ … အ, တယ်ဗျ၊ စာမရ :)

သင်္ချာကို ငယ်ငယ်ကတည်းက တော်တာဗျ။ အမေကလည်း မှာတယ်လေ ဘယ်အရာကိုမှ လျှော့မတွက်နဲ့တဲ့။ ဘယ်ရမလဲ ကျနော်ကလည်း သုံး သုံးလီ တစ်ဆယ် ဆိုပြီး ပိုတွက်လိုက်တာ။ ဆရာမှက နားရွက်ဆွဲပြီး ထိုင်ထ (၁၀)ခါလုပ်ခိုင်းလို့ နောက်ဘယ်တော့မှ ပိုမတွက်ရဲတော့ဘူး …။

ပထမဆုံးရဖူးသောဆု....
စာနဲ့လား။ ပန်းချီလား။ အားကစားနဲ့လား။ ဘာနဲ့ ရတဲ့ဆုကို ပြောရမှာလည်း ???
ရန်ဖြစ်လို့ အဖေ ပေးတဲ့ ဆု အနေနဲ့ ဗျောတီးတော့ ခံဖူးတယ်။ တခြားဆုကတော့ ….. အင်း ….

ပထမဆုံးစီးသော ဘတ်စ်ကား....
ငယ်ငယ်တုန်းက လှည်းတန်းဘက်မှာရှိတဲ့ ယောက်ျား၊ မိန်းမ ခွဲစီးရတဲ့ ဘတ်စ်ကားတော့ စီးဖူးတယ်။ ကျနော်က ငယ်လို့ဆိုပြီး မိန်းကလေးတွေ အခြမ်းမှာ အဒေါ်နဲ့ စီးရတာ … အဟိ ပျော်စရာကြီး။
(အဲဒါကို … ကိုင်ဇာက သီချင်းတောင် လုပ်ဆိုဖူးတယ် ….။ “ကျောင်းပိတ်ရက်မှာ ၉ ကားကိုစီးစဉ် သံဇကာတွေ စီးကားထား၊ ဟိုး ဟိုး ဆရာ .. ရှေ့မှတ်တိုင်မှာ ဆင်းစို့အချစ်ရာ … လမ်းလျှောက်တာ ကောင်းပါတယ်” ဆိုတာလေ…)

ပထမဆုံး ဆိုဖူးတဲ့သီချင်းက
ရေ၊ မြေခြား သွားရတော့ မင်းလေးကို သော့ခတ်ချင်တယ် ဆိုတဲ့ သီချင်းလေ … အဲ့ မဟုတ်ပါဘူး။
ချိုမိုင်မိုင် ချိုစို့ … ချိုမိုင်မိုင် ချိုစို့ (ရတနာမိုင် ကတော့ ချစ်စရာလေးဗျ။)

ပထမဆုံး ရေးခဲ့သော ရည်းစားစာ
အဟား …. ပြန်ပြောင်းပြောရမှာတောင် ရှက်စရာကြီး။ ကိုယ့်အတွက်မဟုတ်ပဲ သူများအတွက် ရေးပေးဖြစ်ခဲ့တာလေ။ ဒီမှာ ဖတ်ကြည့်

ပထမဆုံးရေးခဲ့ဖူးတဲ့ ကဗျာ
အရမ်းချစ်တဲ့ သူငယ်ချင်းဆုံးတုန်းက ရေးခဲ့ဖူးတာပါ။ သူရဲ့ တစ်လပြည့်ဖိတ်စာလေးမှာ ထည့်သုံးဖြစ်ခဲ့တယ်။ ဒီမှာ ဖတ်ကြည့်ပေါ့

ပထမဆုံး ရောက်ဖူးတဲ့အခြားမြို့ 
ပဲခူးမြို့။ အဲဒီတုန်းက လမ်းမှာ ကားကအကြာကြီးရပ်လို့ အမေကို မေးကြည့်တော့ “နိုင်ငံတော် သမ္မတကြီး ဦးနေ၀င်း”လာနေလို့တဲ့။ အဲဒီတုန်းက ရှိသမျှကားတွေက လမ်းဘေးအကုန်ထိုးရပ်ပေးရတာဗျ။

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား
မောင်မျိုးလိုပါပဲ။ ဈေးပေါပေါနဲ့  အဲရိုးပလိန်း မစီးပဲသွားလို့ရတဲ့ “မဲပြီး ဆောက်နက်တဲ့ မြ၀တီ ဟိုဖက်ကမ်း ယိုးဒယားနယ်စပ်က မဲဆောက် မြို့”။

ပထမဆုံး သောက်ဖူးသော ဆေးလိပ်
ဟား ဟား။ ငါ့ညီ မောင်မျိုးနဲ့ တူသွားပြန်ပြီ။ ပွတ်ချွန်းဆိုတာ အရင်တုန်းက ရန်ကုန်မှာ လူကြီးပိုင်း (အထူးသဖြင့် ကုလားအဘိုးကြီးတွေ သောက်တဲ့ဆေးလိပ်)။ လက်သန်းထက်တောင် သေးအုံးမယ်။ ကျနော်လည်း အဲဒါကို မီးညှိရင်းနဲ့ တစ်ဖွာဖွာခဲ့ဖူးတယ်။

ပထမဆုံး သောက်ဖူးသော အရက်
မှတ်မှတ်ရရ ဒဂုံတက္ကသိုလ်မှာ အဝေးသင် ပထမဆုံး စဖွင့်တဲ့နှစ်မှာ ကျနော်တို့တက်ရတာဗျ။ လွင်ပြင်တီးခေါင်ကြီးမှာ။ ပထမနှစ်ပြီးခါနီး နှုတ်ဆက်ပွဲလုပ်ကြတော့ ကျနော်တို့အဖွဲ့က တီးဝိုင်းငှားပြီး ကျောင်းမှာ အဆိုတော်လုပ်ကြတာ။ အဲဒီရက်မတိုင်မီညက ကျောင်းမှာ သွားအိပ်တုန်း၊ ကျောင်းကိုဆောက်နေတဲ့ အလုပ်ကြမ်းသမားတွေကို ရောင်းတဲ့ဆိုင်က ဘီအီးဝယ်ပြီး လက်တည့်စမ်းကြတာ။ သောက်လို့ မကောင်းပါဘူးဗျာ။ မသောက်တတ်တော့ ကုလားမော့ မော့ပြစ်လိုက်တာ လည်ချောင်းပူပြီး ချောင်းဆိုတာပဲ အဖတ်တင်တယ်။ အခုနေများဆိုရင်တော့ အဟင်း ….

ပထမဆုံး ပစ်ဖူးသော သေနပ်
ငါ့ရဲ့ နှလုံးသားကိုထည့်လို့ မင်းဆီကိုရောက်အောင် သေနပ်နဲ့ ပစ်ထည့်လိုက်ပြီ၊ ဖမ်းပေတော့ကွာဆိုပြီး ရင်ကိုကော့ လက်ညိုးနှစ်ချောင်းရှေ့ပစ်ပြီး မင်းသားစတိုင် အချစ်သေနပ်ပစ်လိုက်တာ၊ ကောင်မလေးကို မမှန်ပဲ ဆရာမတွေ့သွားလို့ ရုံးခန်းရောက်သွားသေးတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အချစ်အကြောင်းစဉ်းစားလို့တဲ့။ ကျနော်က ငယ်ငယ်တည်းက အဲဒီလို ရူးတာဗျ။

ပထမဆုံး ဘလော့ပို့စ်
လွမ်းချင်းဆိုတဲ့ ကဗျာလေးတစ်ပုဒ် …

ပထမဆုံး ထိုင်ဖူးသော လက်ဖက်ရည်ဆိုင် ..
ကိုးတန်းကျောင်းသားတုန်းက ကျောက်မြောင်းတစ်ခွင် လှည့်လည်ပြီး ထိုင်ဖူးတယ်။ အထိုင်ဆုံးက သြဘာလမ်းက “ဖက်တီး”လက္ဘက်ရည်ဆိုင်။ လက္ဘက်ရည်ထက် မျက်စိ အစာကြွေးတာပါ။

ပထမဆုံး ၀င်ငွေရှာသော အလုပ်
အိမ်မှာ ငယ်ငယ်တုန်းက အဖေက ပရိဘောဂလုပ်ငန်းလုပ်တော့ ၀ိုင်းလုပ်ပေးဖူးတယ်။ ဒါပေမယ့် ၀င်ငွေရတဲ့ အလုပ်တော့ မဟုတ်ဘူး။ အင်း … ပြောရရင်တော့ (၆)တန်းကျောင်းသားလောက်မှာ ကျောင်းပိတ်တိုင်း “ကန်တော်ကြီး”မှာ ကားရေးဆေးတဲ့ အလုပ် လုပ်ဖူးတယ်။ တစ်နေ့ ငါးကျပ်ရတယ်။ အဲဒီတုန်းက ရေးဆေး၊ ဆီထိုးဆိုတဲ့ လုပ်ငန်းတွေ မြန်မာပြည်မှာ မပေါ်သေးဘူးဗျ။ ကျနော်တို့က ခေတ်ဦး တီထွင်သူတွေ။ မနက်ဆို ရေပုံးတစ်ပုံးရယ်၊ ရေခွက်ရယ်၊ ဆပ်ပြာရည် (အမှုန့်ထုပ်ကို အရည်ဖျော်ထားတာ)ရယ်၊ ကျနော့ရဲ့ လက်နှစ်ဖက်ရယ်ပေါ့။ တစ်နေ့ ငါးကျပ် ရဖို့အရေးဗျာ … ကန်တော်ကြီးထဲက အလကားရတဲ့ ရေတွေကို သုံးပြီးရှာရတာတောင် တော်တော်ပင်ပန်းတာ။ သူငယ်ချင်းယောက်ျားလေးတွေ ကန်တော်ကြီးထဲ လာရင် ရှက်လို့ ပုန်းရတာကလည်း တစ်ဒုက္ခလေ။ လက်တွေကဆို ကားဘီးကြားထဲ့ နှိုက်ရတဲ့အတွက် ပေါက်ပြဲနေလို့ ကျောင်းပိတ်ရက် တစ်ရာသီပဲ လုပ်လိုက်ရတယ် … အမေမျက်ရည်ကျတာနဲ့ ဆက်မလုပ်ဖြစ်တော့ပဲ … မင်္ဂလာဈေးကြီးဆောက်ပြီးလို့ အဲဒီမှာ ဆေးလိပ်သွားရောင်းတယ်။ ဒူးယားရမယ်၊ ခပေါင်းရမယ်နဲ့ပေါ့ (အဲဒီတုန်းက ပြည်တွင်းဖြစ်စီးကရက်တွေပဲရှိသေးတယ်။) ဆေးလိပ်တစ်ဘူးကုန်ရင် ၃-ကျပ်မြတ်တယ်။ ကျနော်က အတွက်အချက်တော်လို့ မှားအမ်းတာနဲ့၊ ရှက်ရွံ့ရွံ့ဖြစ်နေတာနဲ့ပဲ အမြတ်က ဘယ်တော့မှ အများကြီး ကျန်တယ်ဆိုတာမရှိ။

ပထမဆုံး ဝယ်သော သီချင်းခွေ
လက္ဘက်ရည်ဆိုင်တွေ ရှိနေသရွေ့ အခွေ ဘယ်တော့မှ မ၀ယ်ဘူးဆိုပြီး သံဓိဌာန်ချထားတော့ တစ်ခါမှ မ၀ယ်ဖူးဘူး :)။ အခုထိလည်း အိမ်မှာ ကက်ဆက်မရှိ …။ ဘယ်ရမလည်း မိန်းမရေ … လေးဖြူအခွေအသစ်ထွက်တယ် လက္ဘက်ရည်ဆိုင်မှာ သွားနားထောင်လိုက်ဦးမယ် ဆိုပြီး လစ်ဖို့ တစ်ကွက်ချန်ထားတာ …. (ရှုး … သွားပြန်မပြောနဲ့နော် …)

ပထမဆုံးကြိုက်နှစ်သက်ခဲ့သောသီချင်း
ရေဒီယိုက လွှင့်တဲ့ ကုလားလေး ခင်မောင်ချိုရဲ့ “ကျနော့်ရည်မှန်းချက်”၊ အဲဒီအတိုင်းဖြစ်အောင်လုပ်မယ်ကွလို့ အိပ်မက်, မက်ခဲ့ရတဲ့ သီချင်းလေးပေါ့။ လူတော်တော်များများကတော့ အဲဒီ သီချင်းကို သန်းထွန်းလေး ဆိုတယ်လို့ပဲ သိကြတာ။ မူရင်းက ကုလားလေးခင်မောင်ချိုရဲ့ သီချင်းပါ။ အဲဒါနဲ့ မြန်မာ့အသံ ဓာတ်ပြားဆု ရထားတာ။

ပထမဆုံး အကြိမ် အတန်းရှေ့ စာထွက်ဆိုရခြင်း
မပြောပါရစေနဲ့တော့ဗျာ။ တွေးမိတိုင်း “--င်ကြိမ်း”လို့ပါ။ ဆရာမ မလာခင်အထိ အကုန်အလွတ်ရ။ ဆရာမက အတန်းထဲဝင်ဝင်ခြင်း စားပွဲပေါ်ကို ထားဝယ်ကြိမ် သုံးလုံးပြူးနဲ့ ရိုက်လိုက်လို့ ထွက်လာတဲ့အသံ “ဗျန်း”ဆိုတာကို ကြားကတည်းက တစ်တန်းလုံး (အဆင့်တစ်အမြဲရတဲ့ ကောင်မလေးကလွဲလို့) အရိုက်ခံလိုက်ရတာ သနားပါတယ် ဆရာမခင်ဗျာ အပြန် ကြိမ်လုံးတောင် ပြန်ပါမသွားရှာဘူး။

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ်
အဟဲ … မဖြေပါရစေနဲ့ဗျာ။ ဒီလို အနှောင့်အသွားမလွတ်တဲ့ မေးခွန်းတွေ။
တရားသူကြီးမင်းခင်ဗျား … ဒီမေးခွန်းဟာ တရားခံရဲ့ အနာဂါတ်အတွက် အကြီးအကျယ် ထိခိုက်ဖွယ်ရာရှိတဲ့အတွက် ပယ်ဖျက်ပေးပါ ခင်ဗျား …။

ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့
ရွာသားလေး-၀ိုင်တီယူ ရဲ့ ဘလော့ဂ် (အဟား … သူက လာလည်လှည့်ပါဆိုလို့ လာလည်ရင်း ဒီဘလော့ဂ်လောကကို ရောက်လာတာ။)

ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂါ
ညီမငယ် ရွှေပြည်သူ

ကိုရုပ်ဆိုး
၂၉-စက်တင်ဘာလ-၀၈ (၀၈း၅၂)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Saturday, September 27, 2008

ဘ၀ကို အဆိပ်ခတ် သတ်ပစ်လိုက်ခြင်း

ငါ့ညီ မောင်မျိုးရေ ... ဘ၀အတွက်လည်းရေးပါဆိုလို့ ရေးလိုက်တာ ... ဘ၀အရှုံးသမားဇာတ်မဟုတ်ပဲ၊ ဘ၀ကိုနင်းကန် ဇွတ် စိန်ခေါ်တဲ့ ကဗျာ ဖြစ်သွားတယ်။ သည်းခံ ငါ့ညီမောင်မျိုး ....။ စာမေးပွဲပြီးတဲ့ အထိမ်းအမှတ်ကို (၁၉)လမ်းမှာ လုပ်နေရာကနေ စိတ်ကူးပေါက်လို့ ကဗျာထရေးပြီး တင်လိုက်တော့ နည်းနည်း ... ဒေါသသံပါသွားတယ်။ ဖတ်ကြည့်ပေတော့ မောင်မျိုးရေ ....။

ဘ၀မှာ …
ခါးသက်ခြင်း
ချိုမြိန်ခြင်း
မိန်းမောခြင်း
တွေဝေခြင်း
သာယာခြင်း
နာကျည်းခြင်း
…………………
………………..
သူမတူတဲ့အရာများစွာနဲ့
ဖွဲ့စည်းနေတာ “ဘ၀”

ဒါပေမယ့် …
ဘ၀ဆိုတာ
လက်မပါ, ခြေမပါ
ဦးဏှောက်မပါတဲ့
စိတ္တဇနာမ်တစ်ခု

ငါ,ဆိုတာ
စဉ်းစားတတ်တယ်
ဆင်ခြင်တတ်တယ်
တွေးတောတတ်တယ်
ကျော်ဖြတ်တတ်တယ်

ဒီလို လူတစ်ယောက်က
ဘ၀ကို အရှုံးပေးဖို့ဆိုတာ :(

ဘယ်လောက်ပဲ ခက်ခဲပါစေ
ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ
လှိုင်းဘယ်လောက် ထန်ထန်
လေဘယ်လောက် ကြမ်းကြမ်း
ဖြတ်သန်းဖို့ တွေဝေ
ရင်ဆိုင်ဖို့ နောက်တွန့်
ကြောက်ရွံ့နေခဲ့မယ်ဆိုရင် …

ငါ့ကို ဖိနှိပ်
တရိပ်ရိပ်တက်လာမယ့် အရာတွေ

ဟေ…………………
နင်လားဟဲ့ လောကဓံ
လူပြောမသန်
လူသန်မပြောတဲ့ငါ

“ဘ၀”
လာစမ်းဟဲ့ ငါ့ရှေ့
ဘ၀မေ့စေမယ့်
အဆိပ်တစ်ခွက်နဲ့
ပွဲတော်ကိုတည်ခင်း
ခုချက်ချင်း နင် လည်စင်းစေရမယ် …။

ငါဆိုတာ … ငါကွ။

ကိုရုပ်ဆိုး
၂၇-စက်တင်ဘာ-၀၈ (၁၇း၃၂)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Friday, September 26, 2008

မြန်မာတိုင်းမ်မှ ဆောင်းပါးအား ဝေမျှခြင်း

၂၀၀၈ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက် (သောကြာနေ့)ထုတ် The MYANMAR TIMES မှ ပြည်တွင်းဆောင်းပါး၊ စာမျက်နှာ (၁၁)မှ မောင်ရေစင် ရေးသားတဲ့ “အိုင်စီအက်စ်များအတွက် မြန်မာစာ”ကို ဖော်ပြပေးခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော လောကဓာတ်ကျောင်းခေါ် အရပ်သားဆရာများပို့ချသည့် စာသင်ကျောင်းသည် ၁၈၅၆ ခုနှစ်တွင် ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ခဲ့သည်။ ဖွင့်လှစ်သည့် အဖွဲ့အစည်းမှာ ထိုခေတ်အခါက မြန်မာပြည်အောက်ပိုင်းကို အုပ်ချုပ်နေပြီဖြစ်သော အင်္ဂလိပ်ကိုလိုနီအစိုးရဖြစ်ပေသည်။ သက်ငယ်မိုး၊ ထရံကာ၊ သစ်သား မြေစိုက်တစ်ထပ်ကျောင်းတွင် ခရစ်ယာန်ဘုန်းတော်ကြီး ရို့စ် (Rev Rose)က ကျောင်းအုပ်အဖြစ် ဆောင်ရွက်ပြီး၊ လက်ထောက်ဆရာနှစ်ယောက် ခန့်ထားခဲ့၏။ မြန်မာစာဖြင့်သာ ပို့ချပြီး အင်္ဂလိပ်စာသင်ယူမည့် ကျောင်းသားဦးရေကို ၃၅ ဦးထိသာ ကန့်သတ်ထားခဲ့သည်။ ထိုကျောင်းမှာ ၁၈၆၀-၆၁ စာသင်နှစ်အထိသာ ရပ်တည်ခဲ့၏။

ခရစ်ယာန်သာသနာပြုအဖွဲ့များ၏ စာသင်ကျောင်းများ

ခရစ်ယာန်ဘုန်းတော်ကြီ ဘီဂန်းဒတ် (Bishop Bigandet) နှင့် လက်ထောက်ဆရာသုံးဦးတို့ စတင်ဖွင့်လှစ်သော စိန်ပေါကျောင်း (St. Paul’s School)ကို ၁၈၅၉ ခုနှစ်တွင်လည်းကောင်း၊ အမေရိကန်နှစ်ခြင်းသာသနာပြုအဖွဲ့မှ မစ္စတာဗင်တန် (Mr Vinton)ဦးစီးသော စာသင်ကျောင်းကို ၁၈၆၁ ခုနှစ်တွင် ကြည့်မြင်တိုင်တွင်လည်းကောင်း ဖွင့်လှစ်ခဲ့ကြသည်။ အင်္ဂလီကန်ခရစ်ယာန် သာသနာပြုအဖွဲ့၏ ဒိုင်အိုဆီဇင် ကျား-မ ကျောင်းများ (Diocesan boy’s and girl’s schools)ကို ၁၈၆၂ ခုနှစ်တွင် စတင်တည်ထောင်လိုက်ပြီး၊ ခရစ်ယာန်ဘုန်းတော်ကြီး ဂျေအီမာ့ခ် (Rev. J.E.Mark)၏ စိန်ဂျွန်းကောလိပ် (St. John’s College)မှာ ၁၈၆၄ ခုနှစ်တွင် ရပ်တည်လာခဲ့သည်။ ထို့နောက်တွင် မစ္စကွတ် (Miss Cook)ဦးစီးသော စိန်မေရီ မိန်းကလေးကျောင်း (St. Mary’s girls school) ၁၈၆၆ ခုနှစ်၊ နှစ်ခြင်းခရစ်ယာန်အဖွဲ့၏ အလုံ တန်းမြင့်ကျောင်း၊ ၁၈၇၂ နှစ် စိန်ဂျွန်တိုးချဲ့ကျောင်း၊ ကြည့်မြင်တိုင် စိန်မိုက်ကယ် (St. Michael’s school)တို့သည် အသီးသီး ပေါ်ပေါက်လာခဲ့ကြပါသည်။ ထိုကျောင်းမှာ ၁၈၇၈ တွင် ဖွင့်လှစ်နိုင်ခဲ့သည်။

အစိုးရလေ့ကျင့်ရေးကျောင်း

အစိုးရကတည်ထောင်သော ၀န်ထမ်းလေ့ကျင့်ရေးကျောင်းသည် ၁၈၆၇ ခုနှစ်တွင် ပေါ်ပေါက်လာပြီး၊ ၁၈၇၄ ခုနှစ်တွင် ယောက်ျားလေးတန်းမြင့်ကျောင်းအဖြစ် ပြင်ဆင်ဖွင့်လှစ်ကာ လေ့ကျင့်ရေးကျောင်းကို ပူးတွဲထားရှိခဲ့သည်။ မိန်းကလေးတန်းမြင့်ကျောင်းမှာ ၁၈၇၃ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုခေတ်အခါတွင် ရှိနေပြီးဖြစ်သော စာသင်ကျောင်းအသီးသီးတွင် သင်ကြားရန် ယေဘုယျသတ်မှတ်ထားသော ဘာသာရပ်များမှာ အင်္ဂလိပ်စာ၊ မြန်မာစာစီစာကုံး၊ ကမ္ဘာ့သမိုင်း၊ ပထ၀ီဝင်၊ ဂဏန်းသင်္ချာ၊ အက္ခရာသင်္ချာနှင့် ဂဲအော်မစ်ထရီ ဘာသာရပ်တို့ ဖြစ်ကြပေသည်။

မြန်မာနိုင်ငံပညာရေးဌာန

၁၈၆၆ ခုနှစ်တွင် ကိုလိုနီအစိုးရသည် ထိုခေတ်အခေါ် ပညာမင်းကြီး (Director of Public Instruction) တစ်ဦးကို ခန့်ထားပြီး ပညာရေးဌာနကို စတင်ဖွဲ့စည်းခဲ့သည်။ ထိုအချိန်တွင် ဖွင့်လှစ်ပြီးသည့် စာသင်ကျောင်းအရေအတွက်မှာ လွန်စွာ နည်းနေသေးပေသည်။ သီပေါမင်း ပါတော်မူပြီးနောက် ပညာရေးဌာန တိုးချဲ့ဖွဲ့စည်းသည့်အခါ တောင်ပိုင်း၊ အလယ်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ ဒေသသုံးခု သတ်မှတ်ခဲ့သည်။ ဒေသတစ်ခုချင်းစီတွင် အထက်တန်း ပညာဝန် (Senior Inspector of Schools) တစ်ဦး၊ ပညာဝန် (Inspector of Schools) တစ်ဦးစီ ခန့်ထားကာ လက်အောက်မြို့နယ်များတွင် ပညာအုပ် (Deputy Inspector of Schools) တစ်ဦးစီတို့ကို တာဝန်ပေးခန့်အပ်ခဲ့သည်။ စာသင်ကျောင်းများ နိုင်ငံအနှံ့ တိုးချဲ့ဖွင့်လှစ်လာသည့်အခါ အိန္ဒိယကျောင်းများ၏ ပုံစံကိုအခြေခံသည့်စနစ် ကျင့်သုံးကြောင်းတွေ့ရ၏။ ထိုစနစ်မှာ ၁၈၃၃ ခုနှစ် အိန္ဒိယ ပညာရေးပုံစံ ပြင်ဆင်ရေးဆွဲစဉ်က အကြံပေးပုဂ္ဂိုလ် မက်ကောလေး (Mr. MacCauley)၏ အကြံပြုစာတမ်းနှင့် ၁၈၅၄ ခုနှစ်၊ အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန် ဆာချားလ်စ်ဝုဒ် (Sir Charles Wood)တင်ပြသော စာသင်ကျောင်းပုံစံများ ဖြစ်ပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ထိုခေတ်အခါက စာသင်ကျောင်းသုံးမျိုးရှိခဲ့သည်။ ပထမအမျိုးအစားမှာ ဘာသာရေးမဖက် ပညာရေးသက်သက် အတွက် မြန်မာဘာသာဖြင့် သင်ကြားပို့ချသည့် ကျောင်းများ (Secular Vernacular Schools)၊ ဒုတိယ အမျိုးအစားမှာ အင်္ဂလိပ်စာရော မြန်မာဘာသာဖြင့်ပါ ရောနှော ပို့ချသည့်ကျောင်းများ (Anglo Vernacular Schools)နှင့် တတိယအမျိုးအစားမှာ ဥရောပ ပညာရေးပုံစံနှင့် စည်းမျဉ်းများအတိုင်း ပို့ချသောကျောင်းများ (European Code English Schools) ဖြစ်ကြသည်။ မြန်မာနိုင်ငံ စစ်ကြိုခေတ်ကာလတွင် ရန်ကုန်ရှိ ဒိုင်အိုဆီဇင်ကျောင်း၊ ပြင်ဦးလွင်ရှိ အင်္ဂလိပ်တန်းမြင့်ကျောင်းနှင့် တောင်ကြီး ကမ္ဘောဇကောလိပ်တို့မှာ တတိယကျောင်းအမျိုးအစားနှင့် အတိအကျ ဘောင်ဝင်သည်ဟု သိရပါသည်။

အင်္ဂလိပ်များနှင့် မြန်မာစာ

ကိုလိုနီခေတ်ဦးကာလ ၁၉-ရာစု အစောပိုင်းမှစ၍ အင်္ဂလိပ်များအဖို့ မြန်မာစာ မြန်မာစကားသည် အိန္ဒိယနိုင်ငံသုံး ဟင်ဒူစတန်နီ ဘာသာစကားလောက်ပင် အရေးမပါဟု ထင်မှတ်ခဲ့ကြသည်။ ၁၈၈၆ ခုနှစ် အစောပိုင်းတွင် အိန္ဒိယဘုရင်ခံချုပ် လော့ဒပ်ဖရင့် (Lord Dufferin)က ရုံးတွင်းညွှန်ကြားစာတစ်စောင် ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ရန် သွားကြမည့် အိုင်စီအက်စ် (Indian Civil Service) များ အပါအ၀င် အင်္ဂလိပ် အဆင့်မြင့်အရာရှိများသည် မြန်မာစာ၊ မြန်မာစကားနှင့် မြန်မာမှုဓလေ့ထုံးစံများကို လေ့လာထားကြရန် လိုအပ်ကြောင်း၊ နောင်တွင် ကျင်းပမည့် အိုင်စီအက်စ် စာမေးပွဲများတွင်လည်း မြန်မာမှုဆိုင်ရာ ဗဟုသုတများ မေးခွန်းတွင် ထည့်သွင်းမေးမြန်းမည်ဖြစ်ကြောင်းဖြင့် ပါရှိပါသည်။ ထိုအချိန်မှစ၍ အင်္ဂလိပ်အရာရှိများအနေဖြင့် မြန်မာစာပေကို အနည်းအများဆိုသလို လေ့လာစပြုလာကြသည် ဆိုပါသည်။ ထို အချိန်အခါတွင် လိုအပ်ချက်အခြေအနေကိုလိုက်၍ ပညာရှင်အချို့ကလည်း မြန်မာစာ၊ မြန်မာသဒ္ဒါရေးထုံးနှင့် ပတ်သက်သော စာအုပ်စာတမ်းအချို့ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေလာခဲ့ကြသည်။

ဗျည်းအက္ခရာ၏ပုံသဏ္ဌာန် မြန်မာအမည်တို့ကို ဖော်ပြပြီး၊ ဗျည်းအက္ခရာ၏ အခြေခံအသံထွက်နှင့် အမည်၏ အဓိပ္ပါယ်ကို အင်္ဂလိပ်ဘာသာဖြင့် ရှင်းပြသည့်ဇယားအား PDF File အနေနဲ့ ဒီမှာ ဆွဲချလို့ရပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ကိုရုပ်ဆိုး
၂၆-စက်တင်ဘာ-၀၈ (၁၆း၂၉)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Thursday, September 25, 2008

အရှုံးသမားဆိုတာ ....

စာကျက်ရတာစိတ်ကမဖြောင့် ...။ ဘယ်သူတွေ လာ TAG ပြီးတော့ ... ဘယ်သူတွေ ဘာတွေ တင်ထားသလဲပဲ ခေါင်းထဲ ရောက်ရောက်နေတယ်ဗျာ ...။ သြော် ဘလော့ဂ် .. ဘလော့ဂ် ... တရစ်ပြီး တရစ် တိုးတိုးလာတဲ့ သံယောဇဉ် ဘလော့ဂ်ကြိုးက ... ဖြတ်ဖို့ကလည်းခက် ... စာကျက်နေရင်းတောင် ဘလော့ဂ်မှာ တင်ဖို့ ကဗျာတစ်ပုဒ်က ခေါင်းထဲရောက်လာတယ်။ ကဲ ... တင်လိုက်တယ်ဗျာ။
TAG အကြွေးတွေ၊ ဖတ်စရာအကြွေးတွေ နောက်မှ အေးအေးဆေးဆေး လာဖတ်မယ်။ စာမေးပွဲက စနေနေ့မှ ပြီးမှာ၊ ဒီကြားထဲ ကွန်ဒိုင်းရွာကိုသွားဖို့ လူတွေကလည်းစောင့်၊ နှစ်ကိုယ်ခွဲရုပ်ရှင်ရိုက်ရမလိုဖြစ်နေပြီဗျ။ ကဲ အားလုံးပဲ ... A Lundi. တနင်္လာနေ့ကြမှ တွေ့ကြစို့ ...။

အရှုံးသမားဆိုတာ

ထားခဲ့ပေါ့ …
ငါ့မျှော်လင့်ချက်တွေ
အကုန်စုပြုံသိမ်းလို့
ညတစ်ညရဲ့ အမှောင်မှာ
ငါ, ခိုဝင်နားရုံပေါ့ …။

သွားလိုက်တော့ …
ငါနဲ့ ဝေးရာကိုပေါ့
လက်မပြနဲ့ …
နှုတ်မဆက်နဲ့ …
အရိပ်တစ်ခုကိုတောင်
တန်ဖိုးထားခွင့်မရမှတော့
နေရောက်အောက်က
ငါ, ဖယ်ခွာရုံပေါ့ …။

မရှိုက်နဲ့တော့ …
ငါ့ရဲ့ရှေ့မှာပေါ့
တခြားသူကို ပြုံးပြဖို့အတွက်
(မျက်ရည်တွေ …)
မင်းရဲ့ အဆိပ်ရည်တွေကို
ငါ့ထံပါး မထားခဲ့ပါနဲ့
ပုခုံးငှားပိုင်ခွင့် မရှိမှတော့
မင်းရှေ့မှောက်ကနေ
ငါ, တိတ်တဆိတ် လွင့်ပါးပါရစေ ….။

ကိုရုပ်ဆိုး
၂၀-စက်တင်ဘာ-၀၈ (၁၁း၄၄)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Wednesday, September 24, 2008

“ သူမတူခြင်း ”

လူတို့သည်
ကမ္ဘာပေါ်တွင်
အရာဝတ္ထုတစ်ခုအား စွဲလန်းသည်ဆိုရာ၌
ယင်းအရာသည် ...
ကမ္ဘာပေါ်တွင် တစ်ခုတည်းရှိခြင်း၊ သူမတူခြင်းတို့ကြောင့်မဟုတ် ...

မိမိ ချစ်ခင် စွဲလန်းခြင်းကြောင့်သာလျှင်
ယင်းအရာသည်
သူ မတူခြင်း ဖြစ်ပေ၏ ...။

Saint Ex-Supèrey

ဆက်ဖတ်မယ်ဆိုရင်...

Saturday, September 20, 2008

ကျနော်တို့ခေတ်က ရည်းစားစာ ...

ဒီနေ့တော့ ... ငယ်ငယ်က သူငယ်ချင်းတွေကို ဒိုင်ခံရေးပေးဖူးတဲ့ ရည်းစားစာ တစ်စောင်ကို ဘလော့ဂ်လေးမှာ တင်ချင်တယ်ဗျာ...။ ကိုယ်က ရုပ်ဆိုးတော့ ကိုယ့်အတွက်မဟုတ်ပဲ၊ သူငယ်ချင်းတွေကိုချည်းပဲ ဒိုင်ခံရေးပေးရတာ :) ဟဲ ဟဲ ... ကိုယ်က တစ်ကွက်ချန်ထားပြီး၊ ကိုယ့်အလည့်ကျတော့ ကဗျာတွေရေးပြီး လိမ့်ပေးလိုက်တယ်။ ဘယ်ရမလဲ ...။
အခုတလော ဦးဏှောက်မှတ်ဥာဏ်က သိပ်မကောင်းတော့ မှတ်မိတာလေးတွေပဲ တင်ပေးလိုက်တယ်။ မောင်မျိုးရေ ... ငါ့ညီလိုချင်တဲ့ ရည်းစားစာ အကို တင်ပေးလိုက်တယ်။ လာကူးဦးကွ။

....................................................................................

ချစ်သူ ...

သူ့ဆီက အချစ်တွေ မရရှိခင်မှာပဲ “ချစ်သူ”လို့ ခေါ်တာကိုတော့ နားလည်ပေးပါ။ ကိုယ့် ဘ၀မှာ ချစ်ရတဲ့သူမို့ ချစ်သူလို့ အမြတ်တနိုးခေါ်လိုက်တာပါ ...။

ချစ်သူ ...

ဗုဒ္ဓကဟောခဲ့တယ် ...။

- မချစ်မနှစ်သက်သူနဲ့ နေရခြင်းသည် “ဒုက္ခ” တဲ့
- ချစ်ရသူနဲ့ ကွေကွင်းရခြင်းသည်လည်း “ဒုက္ခ” တဲ့

ဒီတော့ .. သူ့ကို “ချစ်သူ”လို့ ခေါ်ခွင့်ရဖို့အရေး ကိုယ်မျှော်လင့်မိနေတာကို သူ နားလည်နိုင်မယ်လို့ ထင်ပါတယ်။

ချစ်သူ ...

သူ့အနေနဲ့ အချစ်ဆိုတာကို ဘယ်လိုဖွင့်ဆိုချင်လဲ ? ကိုယ်ကတော့ ...

“အချစ်ဆိုသည်မှာ မိမိ၏ ပျော်ရွှင်မူအားလုံးကို ချစ်သူထံသို့ နေရာရွှေ့ထားခြင်းပင်ဖြစ်သည်။” တဲ့

ချစ်သူ ပျော်ရွှင်ပါစေ ...

ချစ်သူအတွက် ကို ကဗျာလေးတစ်ပုဒ် အမှတ်တယအနေနဲ့ ထည့်ပေးလိုက်တယ်။

ရေသောက်မြစ်

စိမ်းစိုဝင့်ကြွား
လှပတင့်တယ်
ပန်းကလေးတစ်ပွင့်နှယ်
လောကရဲ့အလယ်
ဂုဏ်တင့်တယ်ဖို့

မြေအောက်က
ရေသောက်မြစ်လို
သူ့ရဲ့ …
နှလုံးသွေးတွေကို ပေးပို့
ပန်းကလေးတစ်ပွင့်
လှပစေဖို့ပေါ့လေ …။

ဒီလိုပဲ …
ချစ်သူရဲ့ ဘဝ
လှပပွင့်လန်း
တင့်ဆန်းစေဖို့
မြေအောက်က
ရေသောက်မြစ်ဘဝ
“ကို” ဖြစ်ပါရစေ
“ချစ်သူ” ရယ် …။

ချစ်သူရဲ့ အရိပ်ပမာ .... ကို


ကိုရုပ်ဆိုး
၂၀-စက်တင်ဘာ-၀၈ (၁၃း၄၀)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Thursday, September 18, 2008

?????? ....

လွမ်းတယ်ဗျာ ...
ရင်ထဲမှာ ဟာတာတာနဲ့
ဘာကိုလွမ်းမှန်းမသိ။

ချစ်တယ်ဗျာ ...
ရင်ထဲမှာ ဒိန်းတလိန်းနဲ့
ဘယ်သူ့ကိုမှန်းမသိ။

မျှော်လင့်တယ်ဗျာ ...
ရင်ထဲမှာ ဖလန်းဖလန်းနဲ့
ဘာအရာလည်းမသိ။

ကြည်နူးတယ်ဗျာ ...
ရင်ထဲမှာ တစိမ့်စိမ့်နဲ့
ဘာကြောင့်လည်းမသိ။

ကြောက်တယ်ဗျာ ...
ရင်ထဲမှာ တလှပ်လှပ်နဲ့
ဘာကိုမှန်းတော့မသိ။

အဲဒီ ...
ဘာမှန်းမသိတဲ့ အရာလေးက ???

ကိုရုပ်ဆိုး
၁၈-စက်တင်ဘာ-၀၈ (၁၇း၀၀)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

“ထွက်ဆို့”

Bonjour mes amis, (မင်္ဂလာပါ သူငယ်ချင်းများ) မင်္ဂလာဆောင်ပါတော့ မဟုတ်ဘူးနော် ... :)

ကဲ ... ကျနော့်ညီ မောင်မျိုးလေးကလည်း ခွင့်ပြုပါတဲ့။ ဘာကိုလည်းဆိုတော့ ဘလော့ဂ်ရေးခြင်းကို နားပါဦးမယ်ခင်ဗျာတဲ့။ ဘလော့ဂ်တော့လည်မယ်တဲ့....။ အင်း ... ငယ်ငယ်က ဂျင်ပေါက်တန်းကစားတာကို သွားပြီးအမှတ်ရမိတယ်။ ကိုယ်က ကစားဝိုင်းက ခဏနားချင်ရင် “ထွက်ဆို့” လို့အော်ပြီး၊ ပြန်ဝင်ချင်ရင်တော့ “၀င်ဆို့” .. အသံထွက်ကတော့ “၀င်ဆုတ်” “ထွက်ဆုတ်”လို့ အော်ကြတာပဲ...။ သူလည်း “ထွက်ဆို့”လို့ အော်သလို ကျနော့ကိုလည်း အော်ခွင့်ပေးပါ။ ဒါပေမယ့် တစ်ပါတ် (၇)ရက်တည်းပါ။

စာမေးပွဲရှိတယ်ဗျ။ (၇)နှစ်လုံးလုံး <မှတ်ချက် = ၃ နှစ်က အနားတောင်းထားတာ> သင်ယူလေ့လာခဲ့တဲ့ ပြင်သစ်ဒီပလိုမာ နောက်ဆုံးနှစ်၊ နောက်ဆုံး စာမေးပွဲ ဖြေရမှာ။ လာမယ့် တနင်္လာနေ့ (၂၂-စက်တင်ဘာလ-၂၀၀၈)။ ကျနော်လည်း သူ့လိုပဲ အလည်တော့ လာဖြစ်မယ်။

Au revoir, (နှုတ်ဆက်တယ်၊ ပြန်တွေ့မယ်)

A bientôt. (မကြာခင်ပေါ့)

ဆက်ဖတ်မယ်ဆိုရင်...

Wednesday, September 17, 2008

ရွှေပြည်သူ (သို့) စကားလုံးဖြင့် လောကကို အလှဆင်သူ

ညီမငယ် ရွှေပြည်သူ က ကျနော့တင်ထားတဲ့ ပို့စ်တစ်ခုကိုဖတ်ပြီး ကွန်မန့်မှာ ကဗျာလေးတစ်ပုဒ် လက်ဆောင်ပေးသွားခဲ့တယ်။ အမှတ်တရ ရေးပေးသွားခဲ့တဲ့ကဗျာလေးကို မှတ်မှတ်ရရ ဖော်ပြပေးချင်တဲ့စိတ်နဲ့ တင်ပေးလိုက်တယ်။

ညီမငယ်ရေ ဒီနေရာကနေ ရာပြည့်ကျေးဇူးတင်လွှာ လေးအတွက်ကော၊ မှတ်မှတ်ရရ စာမူခ ကဗျာလေးအတွက်ကော ကျေးဇူးပါဗျာလို့ ပြောပါရစေ....။

မပျက်မလွဲပြီ
လက်တွဲချည်လို့
ညီညာကြွမြန်း
မွန်မြတ်လမ်းသို့
သွားခဲ့ကြသည်
သွားကြသည်တဲ့
ကူညီကမ်းဆက်
ရွှေလက်များကို
ရင်ဝယ်လေးစားမိပါသည်...

(၁၇.၀၉.၀၈ ~ မနက် ၁း၀၂ နာရီ)

အမြဲတမ်းအလှူတွေ မရပ်မနားလုပ်နေတဲ့ အစ်ကိုတို့တွေကို လေးစားစိတ်နဲ့ အစ်ကို့ကဗျာလေးကရတဲ့ Inspiration ပေါင်းပြီး ဆက်ရေးကြည့်လိုက်တာပါ။ အားလုံးကို လေးစားပါတယ်။ အားလုံးအတွက် ဂုဏ်လည်းယူပါတယ်...

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, September 16, 2008

နာကျင်မှုမှသည် ... ကြင်နာမှုဆီသို့

ကျနော် ဒီကဗျာလေးကို ၄-၃-၂၀၀၁ ခုနှစ်မှာ ရေးခဲ့တာပါ။ အဲဒီနေ့က ကျနော့ သမီးလေး မွေးတဲ့နေ့လေ ...။ သမီးလေး နာမည်ကို ”မေသူကို”လို့ ပေးထားတယ်ဗျ။ အခုခေတ်အခေါ် Grade-3 (ဒုတိယတန်း)တက်နေတယ်လေ။ ကျနော်နဲ့ အကျင့်စရိုက်တော်တော်များများတူတဲ့ သမီးလေးပါ (ဟဲ ... ဟဲ .. ကြော်ငြာဝင်တာ :))


ချစ်ဇနီး သို့

မိသားစုဘ၀လေးအတွက်
ချစ်သမီးလေးတစ်ယောက်နဲ့
ကိုယ်တို့ဘ၀ထဲဖြစ်တဲ့ နေ့လေးတစ်ရက်
အမှတ်တရ ရှိနေပေါ့ကွယ် ....။

မလေးရေ ...
ကိုယ့်အတွက်
အဖိုးမဖြတ်နိုင်တဲ့ ရတနာ
သမီးအလှကညာကို
နာကျင်ခြင်းဝေဒနာ ခံစား
ခက်ခဲစွာမွေးဖွား (ပေးတဲ့အတွက်)
တို့မိသားစုဘ၀ သာယာအောင်
မတူနိုင်တဲ့ တူနိုင်မဲ့အရာကို
ကိုယ်လေ ဖွေရှာပေးပါ့မယ်(လို့)
ဆန္ဒပြုရင်း .....။

ကိုရုပ်ဆိုး
၎ ရက်၊ မတ်လ၊ ၀၈ (၁၅း၂၀)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

ရင်ဘတ်နှင့် ရေးဖြစ်ခြင်း

မင်္ဂလာအပေါင်းနဲ့ ခညောင်းကြပါစေ ဘလော့ဂ်ဂါ ညီအကိုမောင်နှမ သူငယ်ချင်းများ ...။

ကျနော်တို့ သွားလှူနေကြ ဧရာဝတီတိုင်းက “ကွန်ဒိုင်း”ဆိုတဲ့ရွာကလေးကို ရောက်တုန်းရောက်ခိုက် ရေးဖြစ်ခဲ့တဲ့ ကဗျာတိုလေးပါ။ သူတို့ကို ပေးခဲ့တာပါ။ အမှတ်တရအနေနဲ့ ကျနော့ ဘလော့ဂ်လေးပေါ်မှာ တင်ထားလိုက်တယ် ...။ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်ကလေးပါ။ စိတ်ထဲ ကြည်နှုးတာနဲ့ ရေးဖြစ်သွားတာပါ။ ဖတ်ကြည့်ပေးပါဦး ....။

ဆက်ဖတ်မယ်ဆိုရင်...

Saturday, September 13, 2008

အလွမ်းဆုံးကတော့ ....

ဒါကတော့ ကျနော့ရဲ့ ကိုယ်ပိုင်ကဗျာမဟုတ်ပါ ...။ ကြိုက်လွန်းလို့ ကူးယူသိမ်းထားပြီး ... ကိုယ်ကိုတိုင်ရေးသလိုနဲ့ ပေးခဲ့တာ ... :)

တို့နှစ်ယောက်ရဲ့ အနာဂတ်ကို
လွမ်းကြရအောင် မလေးရေ။
မင်းရဲ့အတိတ်၊ အဆိပ်သင့် ...ည
ထိုကာလကို
အိပ်ခွင့်ထာဝရ ပေးလိုက်ပါ။
ဒီညတော့
မင်းရဲ့အိပ်မက်၊ မင်းရဲ့ ...အတွေး
မင်းရဲ့ ...ရင်ခွင်၊ သံယောဇဉ်တွေကြားမှာ
ကိုယ့်ကို
ခိုနားခွင့်ပြုပါ။
ကိုယ့်ရဲ့ ရင်ခွင်ကတော့
မင်းပြုသမျှ နားလည်ပြဖို့အတွက်
လှပစွာ ရဲဝံ့နေလိမ့်မည်(မယ်)
မင်းမှာ ...
နာကျင်စရာတွေ
ကျန်ရှိနေဦးမယ်ဆိုရင်
ကိုယ့်ကို လက်ဆောင်ပေးပါ။
မင်းဟာ ...
ကိုယ့်ရဲ့ လရောင်နွေး။
မင်းဟာ ...
ကိုယ့်ရဲ့ နေရောင်ခြည်။
မင်းဟာ ...
ကိုယ့်ရဲ့ နွေးထွေးဖော်။
မင်းဟာ ...
ကိုယ့်အတွက် ....
ရာသက်ပန် ကဗျာတစ်ပုဒ်ပါပဲကွယ်။

မင်း ...
အိပ်မက်တွေ မက်နေသလား။
ဒါ ...
အာရုံများကို လှည့်စားခြင်းဖြစ်တယ်။
မင်းရဲ့ အိပ်မက်တွေ
လှပစေဖို့
ကိုယ့်ရဲ့ အသည်းနှလုံးကို
ခေါင်းအုံးပြီးအိပ်ပါ။
မင်းရဲ့ ... စကားသံချိုချိုလေးတွေကို
ကိုယ် ... နားထောင်ချင်ပါတယ်။
ကိုယ့်ရဲ့ စကားသံတွေကိုလည်း
မင်း ... ကြားယောင်နေစမ်းပါ။

ဒါဟာ ....
(ကိုယ့်ရဲ့မျှော်လင့်ခြင်း မဟုတ်ခဲ့ရင်တောင်)
မင်းရဲ့ အနာဂတ်အတွက်
ကိုယ့်ရဲ့
ချစ်ခြင်းလက်ဆောင်ဖြစ်လိမ့်မယ်။
ပျော်ပါရဲ့လား ... မလေး
တွေးကြည့်စမ်းပါကွယ်။
ဝေးလွင့်ခြင်းနဲ့ မကြုံရဖို့
မင်း....
ဘာဆုတွေ တောင်းသလဲ။
မင်းရဲ့
ဆုတောင်းခြင်း နောက်တော်ပါးက
ကိုယ့်ရဲ့ တမ်းတခြင်းကတော့
အနာဂတ်ကို လွမ်းဆွတ်ခြင်းပဲ ဖြစ်တယ်။
မင်းနဲ့ ပတ်သက်မှ
ကိုယ် ...
မနက်ဖြန်ကို စိတ်ဝင်စားခဲ့ပြီ။
ဘာပဲဖြစ်ဖြစ်
မနက်ဖြန်မှာ မျက်နှာသစ်ဖို့
မင်းရဲ့ ချစ်ခြင်းတွေ လိုအပ်တယ်။

မောင် ... အလွမ်းဆုံးကတော့
မလေးရဲ့
မနက်ဖြန်တွေကိုပါပဲ ....။

ဆက်ဖတ်မယ်ဆိုရင်...

ချစ်သူအတွက် ....

ဒီလို ကဗျာလေးတွေနဲ့ ကြွေခဲ့တာဗျ ... အားပေးကြပါအုံး။

ချစ်သူအတွက်

ချစ်သူအတွက်
မမောမပန်း
စိတ်ရွှင်လန်းအောင်
သံစဉ်ချိုမြ
တေးဂီတနှင့်
ဖျော်ဖြေသူလေး
ဖြစ်ချင်တယ် ...။

ချစ်သူအတွက်
နာဖျားမကျန်း
စိတ်ပင်ပန်းက
နီးကပ်ပြုစု
စောင့်ရှောက်မှုဖြင့်
ချွေးသိပ်သူလေး
ဖြစ်ချင်တယ် ...။

ချစ်သူအတွက်
သောကပြည့်လျှမ်း
ခရီးကြမ်းဝယ်
လိုက်ပါစောင့်ရှောက်
အားကိုးလောက်တဲ့
ကိုယ်ရံတော်လေး
ဖြစ်ချင်တယ် ...။

ချစ်သူအတွက်
ယုယုယယ
ကြင်နာပြလျက်
သစ္စာတရား
နားလည်ထားတဲ့
ချစ်သူတစ်ယောက်
ဖြစ်ချင်တယ် ...။

ချစ်သူအတွက်
ချစ်စစ်ချစ်မှန်
မေတ္တာဟန်ကို
ဖွဲ့နွဲ့ရသ
ညွှန်းဆိုပြတဲ့
ကဗျာရှင်လေး
ဖြစ်ချင်တယ် ...။

ရင်ထဲအချစ်
မေတ္တာစစ်ကို
ဖွင့်ဟညွှန်းဆို
ချစ်သူတစ်ယောက်
သိစေလို ...။

ကိုရုပ်ဆိုး
၁၉၉၅ ပါတ်ဝန်းကျင်

ဆက်ဖတ်မယ်ဆိုရင်...

Friday, September 12, 2008

ဆယ်ရက်နှင့် ကျနော် နပမ်းလုံးခြင်း ...

ဒီနေ့ .... စိတ်ကူးကမ္ဘာလေးထဲက ညီမငယ် ဝေလေး က ကိုရုပ်ဆိုး ဘ၀မှာနေထိုင်ဖို့ (၁၀)ရက်ပဲကျန်တော့ရင် ဘာတွေလုပ်မလဲတဲ့ .... အမေးရှိလာတော့လည်း၊ အဖြေရှိရမှာပေါ့ ....။ အသက် (၃၀)ကျော်လာတဲ့အထိ ဘ၀မှာ ဘာမှ ရေရေရာရာ မလုပ်လာတဲ့လူက (၁၀)ရက်ပဲကျန်ရင် ဘာလုပ်ရမလဲဆိုတဲ့ မေးခွန်းကို ဖြေဖို့ တော်တော်ကြိုးစားရတယ်။ ကိုယ့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်း ဘလော့ဂ်ဂါတွေကိုလည်း အာဖျံကွီး မလုပ်ချင်ဘူး။ ညီငယ် ရင်တွင်းဖြစ်မောင်မျိုး လို နေ့စဉ် ဘာလုပ်ရမယ်ဆိုတာလည်း မသိဘူး ဖြစ်နေပြန်တယ်။ လူတွေ ငယ်ကျပေမယ့် အရာရာကို (သေခြင်းတရားကိုတောင်) ရင်ဆိုင်ဖို့ အစီအစဉ်ဆွဲနိုင်တဲ့ ဒီလိုကလေးတွေကို အားကျမိပါရဲ့ ...။
ကဲ အောက်မှာ ဆက်ဖတ်ပါဗျာ ...။ အဖြေက နည်းတယ်ဆိုရင်တောင်မှ ရင်ဘတ်ထဲက၊ နှလုံးသားထဲက ဆန္ဒအတိုင်း ရေးထားတာလို့ နားလည်ပြီး ဖတ်ပေးကြပါဗျာ ...။

မသေခင် (၁၀)ရက်စလုံး ..........
(၁) အမေ့ဆီသွားပြီး အမေ့ရဲ့ ပေါင်ပေါ်မှာ (သို့မဟုတ်) လက်မောင်းပေါ်မှာ တရေးလောက်ဖြစ်ဖြစ် သွားအိပ်မယ်။ အမေကို နင်းပေး၊ နှိပ်ပေးမယ်။ (တခါတရံမှ လုပ်ပေးဖြစ်တဲ့ကိစ္စမို့ .. မသေခင် (၁၀)ရက်လုံး လုပ်ပေးချင်တာ။)

(၂) ည အိပ်ယာဝင်တိုင်း ကျနော့ရဲ့ နေတိုင်းလုပ်နေကျဖြစ်တဲ့ ဘုရားဦးတင်ခြင်း (ဘုရားစာရွတ်ပြီးရှိခိုးတာမဟုတ်) ကိစ္စလုပ်မယ်။ ဒီနေရာမှာ တစ်ခုဖြတ်ပြောပါရစေ ... ကျနော်က အရက်သောက်ပြီး အိပ်ယာဝင်မယ်ဆိုရင်တောင် ဘုရားဦးချတယ် (အနန္တော၊ အနန္တငါးပါးကို ရှိခိုးဦးတင်ပါ၏။ ၇-ရက်သားသမီးများ ကျန်းမာ၊ ချမ်းသာကြပါစေ ဆိုပြီးတော့ ကန်တော့တယ်။)။ အမျိုးသမီးကတောင် နင် အရက်သောက်လာတဲ့ ပါးစပ်နဲ့ ဘုရားရှိခိုးတာ စိတ်ထဲဘယ်လိုမှ မနေဘူးလားတဲ့။ (ကျနော်ကတော့ ဆိုင်တယ်မထင်။ အရက်သောက်တာ သက်သပ်၊ ဘုရားရှိခိုးတာ သက်သပ်၊ မဟုတ်ဘူးလားဗျ ...နော့) အဲဒီမှာ တစ်ခုဖြည့်စွက်ပြီး “ခင်ပွန်းကြီး (၁၀)ပါးအား ပြစ်မှားမိတဲ့ အပြစ်များရှိခဲ့ရင် ရှိခိုးဝန်ချတောင်းပန်အပ်ပါသည်”လို့။

(၃) အလုပ်ချိန်ပြီးလို့ အိမ်ပြန်ရမယ့်အချိန်မှာ အရင်လို ဝေလေလေမလုပ်တော့ပဲ၊ အိမ်စောစောပြန်မယ်။ ကျနော့ရဲ့ သားလုပ်ချင်တာတွေ၊ သမီးလုပ်ချင်တာတွေ၊ ကျနော့အမျိုးသမီး ဖြစ်ချင်တဲ့ဆန္ဒတွေ အကုန်လုပ်ပေးမယ်။ အကြွေးဆပ်မယ်ဆိုတဲ့ သဘောပေါ့ဗျာ...။ သားသမီးတွေကို ဘ၀ကို ဘယ်လိုရင်ဆိုင်ရမယ်၊ တွေ့ကြုံလာတဲ့ ဒုက္ခတွေကို ဘယ်လိုကျော်ဖြတ်ရမယ် စသဖြင့် ညတိုင်း ပို့ချချက်တွေ ပေးမယ်...။
ပုံမှန်မဟုတ်လို့ အိမ်က ဘာဖြစ်လဲလို့ မေးလာရင်တော့ ဘယ်လိုဖြေရမယ်မသိ ... :)

(၄) ကျန်ရှိနေသေးတဲ့ ဘလော့ဂ်အကြွေးတွေကို ကုန်အောင်ဆပ်မယ် .. (ဥပမာ ... Buddhist Terms Dictionary ကို ပြီးပြတ်အောင်တင်တာမျိုး၊ “ဒို့မြန်မာပြည်”ဆိုပြီး ဖွင့်ထားတဲ့ ဘလော့ဂ်မှာ ကိုယ်သိထားတဲ့၊ ကိုယ့်အိမ်မှာ ရှိတဲ့ သမိုင်းစာအုပ်တွေကိုးကားပြီး လာဖတ်သူတွေ နည်းနည်းစိတ်ကျေနပ်လောက်တဲ့အထိ တင်ခဲ့မယ်။) အခုတော့ ဖွင့်ပြီးကတည်းက ၀င်တောင် မ၀င်နိုင်သေးဘူး။ :(

(၅) အခု သွားရောက်လှူဒါန်းနေတဲ့ ရွာကလေးမှာ စာကြည့်တိုက် (၁)ခု လုပ်ပြီး၊ ကိုယ့်မှာရှိနေတဲ့ စာအုပ်၊စာတမ်း တချို့ကို သွားထားပေးထားမယ်။ (တချို့က သားသမီးတွေအတွက် အမွေ ပေါ့) ဗဟုသုတ ရစေမယ့် စာအုပ်ကလေးတွေပါ ၀ယ်ပြီးတော့ပေါ့...။

(၆) ကဲ ... သူငယ်ချင်း ဘလော့ဂ်ဂါများ၊ သူငယ်ချင်းကကော ကိုယ်မသေခင် (၁၀)ရက်မှာ ကိုယ်က သူငယ်ချင်းအတွက် ဘာလုပ်ပေးစေချင်လဲ။ အတတ်နိုင်ဆုံး ကိုယ် ဖြည့်ဆည်းပေးသွားအုံးမယ်။

ဟုတ်ပြီဗျာ ...(၁၀)ရက်ပြည့်လို့ သေမယ်ဆိုရင် ပြုံးပြုံးကြီးသေချင်တာဗျ (နဂိုက ရုပ်ဆိုးရတဲ့အထဲ ရှုံ့မဲ့ပြီး မသေချင်ဘူးဗျ)။ ဒါပေမယ့် ဘယ်လိုသေမယ်မှန်းမှ မသိတာ ... ဟုတ် တယ် ဟုတ်။


ကျနော်လည်း အောက်ပါသူငယ်ချင်းတွေဆီကနေ သိချင်တယ်ဗျာ...။
၁) အတွေးအရေးကောင်းတဲ့ ရွာသားလေး-၀ိုင်တီယူ
၂) ရွှေပြည်သူ (အလုပ်အားမှ ရေးပေးပါညီမငယ်...)
၃) ညီမငယ် မေမိုး

ကိုရုပ်ဆိုး
၁၂ စက်တင်ဘာ၊ ၀၈ (၁၇း၁၂ မိနစ်)

ဆက်ဖတ်မယ်ဆိုရင်...

အတွေးအမြင် ကို ဝေမျှခြင်း

သူငယ်ချင်းတစ်ယောက် အီးမေးလ်ကတဆင့် forward လုပ်ထားတဲ့ “အတွေး အမြင်”ဆိုတာလေးပါ။ ပို့ကတည်းက ဘယ် reference မှ မပါတဲ့အတွက် ကျနော်လည်း ဒီအတိုင်းတင်လိုက်ပါတယ်။ ရေးထားတဲ့လူကို သိရင်လည်း သူငယ်ချင်းများ ... အော်ခဲ့ကြပါအုံး ... စာရေးသူ (သို့) တင်ပြသူရဲ့ နာမည်လေး ထိုးပေးချင်လို့ပါ ....။

ဝေမျှတယ် ... အားပေးပါ....။

(၁)
သားအဖနှစ်ဦး လမ်းထွက်လျောက်ကြရင်း ကြယ်ငါးပွင့် ဟိုတယ်ရှေ့တွင် နောက်ဆုံးပေါ် ကားတစ်စီး ရပ်ထား သည်ကို တွေ့လိုက်သည်။
သား...."ဒီလို ကားမျိုး စီးတဲ့ လူက ဗိုက်ထဲမှာ အသိပညာမရှိတဲ့ လူပဲဖြစ်ရမယ်"
ဖခင်...."ဒီလို စကားပြောတဲ့ လူက အိတ်ထဲမှာ ပိုက်ဆံမရှိတဲ့ လူပဲဖြစ်ရမယ်"

အရာဝတ္ထု တစ်ခုပေါ် ကြည့်တဲ့ ကိုယ့်အမြင်ဟာ ကိုယ့်ရဲ့အတွင်းစိတ် သဘောထား အမှန်ကို ဖော်ပြ နေပြီလား...

(၂)
ညနေစာ စားပြီးနောက် အမေနှင့်သမီးဖြစ်သူက နောက်ဖေးတွင် ပန်းကန်များကို ဆေးကြောနေခဲ့ပြီး သားအဖနှစ်ဦးက ဧည့်ခန်းတွင် တီဗွီထိုင်ကြည့်နေသည်။ ရုတ်တရက် နောက်ဖေးမှ ပန်းကန်ကျကွဲသံကို ကြားလိုက်ရပြီး ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
သား....."မေမေကြောင့် ကျကွဲတာဖြစ်ရမယ်"
ဖခင်....."သားက ဘယ်လိုလုပ် သိလဲ"
သား.... "ဆဲသံ မကြားလို့ ဖေဖေ"

တချို့လူတွေက မတူညီတဲ့ စံထားနဲ့ ကြည့်တဲ့ အမြင်တွေ ကွဲပြား တတ်ကြတယ်။ တစ်ခြားလူ လုပ်ရင် အပြစ် ရှိတယ်.... ကိုယ်လုပ် ရင်တော့ အပြစ်မရှိဘူး။

(၃)
တစ်ခါက ဂျပန်နိုင်ငံရှိ ကျွန်းတစ်ကျွန်းသို့ ခရီးသည်များ သွားရောက် လည်ပတ်ကြသည်။ ထိုကျွန်းရှိ လမ်းများမှာ အလွန်ဆိုးပြီး ချိုင့်ခွက်များဖြင့် မညီမညာဖြစ်နေသည်။ လမ်းပြတစ်ဦးက ခရီးသည်များကို လမ်းမှာ ကျောက်ပေါက်နေသူနှင့် တူသည်ဟု ပြောဆို တောင်းပန်ခဲ့သည်။ အခြားလမ်းပြ တစ်ဦးကမူ "ကျွန်တော်တို့ အခုလျောက်နေတဲ့ လမ်းကတော့ ဒီနယ်တစ်ဝိုက်မှာ နာမည်ကြီးတဲ့ ပါးချိုင့်လမ်းလေးပေါ့" ဟု ကဗျာဆန်ဆန် ပြောခဲ့သည်။

တူညီတဲ့ အဖြစ်အပျက်မှာ မတူညီတဲ့ အမြင်ကြောင့် ကွဲပြားတဲ့ ရလဒ်ကို ခံစားကြရတယ်။ အတွေး ဆိုတာ ထူးဆန်းတဲ့ အရာတစ်မျိုးပါ။ ကိုယ်ဘယ်လို တွေးရင် ဘယ်လို ခံစားရပါတယ်။ အကောင်း တွေးရင် စိတ်ချမ်းသာရပြီး အဆိုးတွေးရင် ကိုယ်ပဲ ခံစားရပါတယ်။

(၄)
အပေါ်က ပုံပြင်နှင့် ခပ်ဆင်ဆင်တူသော ပုံပြင်တစ်ပုဒ်မှာ ၃တန်းကျောင်းသား ကလေးများကို ဆရာမက ကိုယ့်ဆန္ဒ ဟုသော စာစီစာကုံး တစ်ပုဒ်ကို ရေးခိုင်းခဲ့သည်။ ကျောင်းသား တစ်ယောက်က သူ၏ဆန္ဒမှာ မိန်းကလေးတစ်ယောက်ဖြစ်ရန်ဟု ရေးထားသည်။ ထိုအဖြေကို အရှေ့တိုင်းရှိ ဆရာမက ဤသို့ပြောခဲ့သည်။
"ဒီကျောင်းသားဟာ ကြီးပွားမယ့်လူ မဟုတ်ဘူး"
သို့သော် အနောက်တိုင်းရှိ ဆရာမ တစ်ဦးက "ဒီကျောင်းသားဟာ တစ်ကမ္ဘာလုံးကို အပြုံးတွေ ဖြန့်မယ့် သူဖြစ်တယ်"

တချို့လူတွေက အားပေးမှုကို လိုလားသော်လည်း အောင်မြင်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကို အကျယ် မဖွင့်ဆိုချင်ကြဘူး။

(၅)
သူတောင်းစား "၁၀ ကျပ်လောက် စွန့်ခဲ့ပါခင်ဗျာ"
လမ်းလျောက်သူ "ငါးကျပ်ပဲ ပါတယ်ခင်ဗျာ"
သူတောင်းစား "ငါးကျပ်ကို အကြွေးမှတ်ထားလိုက်မယ်"

တချို့လူတွေက ရတာနဲ့တင် မရောင့်ရဲတတ်ကြဘဲ လောဘစိတ်က ကျေးဇူးတင် စိတ်ကို လွှမ်းမိုး သွားတတ်ကြတယ်။

(၆)
ဇနီးမောင်နှံနှစ်ဦး ရှေးဟောင်းပြတိုက် တစ်ခုသို့ သွားရောက်လည်ပတ်ကြသည်။
မိန်းမဖြစ်သူက ယောက်ျားအား "အော်...တစ်လမ်းလုံး ငေးလာလို့ လမ်းလျောက်တာ အဲလောက်နှေးနေ တာကိုး"

တချို့လူတွေက ဘ၀လမ်းကြောင်းပေါ်မှာ ပြေးနေဖို့ပဲ သိပြီး လမ်းဘေး ၀ဲယာက လှပတဲ့ အရာတွေကို ခဏလောက်ရပ်ပြီး ခံစားဖို့ မေ့နေတတ်ကြတယ်။

(၇)
မိန်းမဖြစ်သူက မီးဖိုချောင်ထဲတွင် ကြော်လှော်ချက်ပြုတ်နေသည်။
ယောက်ျားဖြစ်သူက ဘေးမှနေ၍ မိန်းမဖြစ်သူအား "ဖြေးဖြေးလုပ်...ဆားထည့်ဦး... ဆီများသွားပြီ... မီးပြင်းပြန်ပြီ..ငါးကို လှန်လိုက်...ဟော်...တူးပြန်ပြီ....ဟာ...အိုး စောင်းသွားပြီ" စသည်ဖြင့် ဆရာလုပ်နေသည်။
"ရှင်တော်တော့...ကျွန်မထက် ရှင်ဟင်းချက်တတ်လို့လား"
"မောင်ထက် ရှင်မက ဟင်းချက်ပိုတော်ပါတယ်... မောင် ကားမောင်းနေတဲ့ အချိန်မှာ ရှင်မလည်း မောင့်ဘေး ကနေ အဲလို တတွတ်တွတ် ရွတ်နေလို့ ကိုယ်ချင်းစာတတ်အောင် တမင်ပြောနေတာပါ"

သူ့နေရာမှာ ၀င်ခံစားကြည့်မယ်။ သူ့ရှု့ထောင့်ကနေ ကြည့်မယ်ဆိုရင် တစ်ခြားလူကို ကိုယ်ချင်းစာ တတ်ဖို့ ဆိုတာ မခက်ပါဘူး။

ဆက်ဖတ်မယ်ဆိုရင်...

Saturday, September 6, 2008

အမှတ်တရ နာကျင်မှု

ရည်းစားသက်တမ်း (၁)နှစ်ပြည့် အထိမ်းအမှတ်ပွဲလေး ကျင်းပမယ်ဆိုပြီး ချိန်းထားတဲ့နေရာကို မရောက်လာတဲ့အတွက် ရေးထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ .... လွန်ခဲ့သော (၁၃)နှစ်ကပါပဲ ...။ နောက်တော့မှ သူ မရောက်လာနိုင်တာ နယ်ကို နာရေးကိစ္စ (သူ့အမေဆုံးလို့ .. အခု ကျနော့ ယောက္ခမပေါ့း) ) ပြန်သွားရတာဆိုတာ သိလိုက်ရတယ်။ အခုတလော ခေါင်းထဲက ကဗျာအသစ်မထွက်တာရယ် ... လက်ရာအဟောင်းလေးတွေကို သူငယ်ချင်းတွေကို ဝေမျှချင်တာနဲ့ပါ .... အော်ခဲ့ကြအုံးဗျာ နော့...


အမှတ်တရ နာကျင်မှု

ချစ်ခြင်းရဲ့ အထိမ်းအမှတ်
မွေးနေ့ပွဲလေးတစ်ခု
ပျော်ရွှင်စွာ ကျင်းပမယ်လို့ရည်စူး
ကြည်နှုးလျက်ပေါ့ …

ဒါပေမယ့် …
ကံတရားရဲ့ စေစားမှုကြောင့်
နှလုံးသားတစ်ခုမှာ
ပျော်ရွှင်ခြင်းတစ်ဖက်
လွမ်းဆွေးခြင်း တစ်ဝက်နဲ့

အခုတော့ …
ချစ်ခြင်းရဲ့ မွေးနေ့
တိတ်ဆိတ်စွာပြီးဆုံး
သြဘာသံ မဖုံးတော့ပေ …။

ကိုရုပ်ဆိုး
၁၂၊ သြဂုတ်လ၊ ၉၅ (၂၄း၁၅)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Friday, September 5, 2008

ဝီရအပြုံး (သို့) ခွန်အား

အင်း ... ဒီ ကဗျာလေးတွေကို တင်မယ်, တင်မယ်နဲ့ တော်တော်အချိန်ယူ စဉ်းစားခဲ့ရတယ်။ ခွင့်တောင်းနေတာလည်း ပါတာပေါ့။ လွန်ခဲ့တဲ့ (၁၃)နှစ် ... ဟုတ်တယ် ... အဲဒီလောက်တောင် ကြာခဲ့ပြီ။ ကျနော့ အမျိုးသမီးနဲ့ ရည်းစားဖြစ်နေတုန်း ကာလကလေးကပေါ့ ဒီကဗျာလေးကို ရေးပေးခဲ့တာ (ကျန်သေးတယ်ဗျး) အသက်ကြီးမှ ငယ်မှုပြန်တယ် အပြောခံရမှာလည်း စိုးသေး (ရွာသားလေး ... ကျနော် အသက် အရမ်းကြီးနေပြီလား .. ဗျာ .. ငယ်သေးတယ် ... ဟုတ်လား ... ကျေးဇူးဗျာ၊ အခုလို မြန်မြန်ဆန်ဆန်ပြန်ဖြေပေးတဲ့အတွက်း) OK ဗျာ ဖတ်ကြည့်ပြီး အော်ခဲ့ကြဗျာ ... အခြေအနေကြည့်ပြီးမှ နောက် ကဗျာတွေ ထပ်တင်မယ်။


ဝီရအပြုံး (သို့) ခွန်အား

ချစ်သူ …
မငိုနဲ့တော့ကွာ
မင်းရဲ့ မျက်ရည်တစ်စက်ဟာ
ငါ့ရဲ့ဘ၀တစ်သက်လိုပါပဲ
မင်းရဲ့ ရှိုက်သံတစ်ချက်ဟာ
ငါ့ရဲ့ ကမ္ဘာပျက်သံလို့ ထင်မိတယ် …။

ချစ်သူရေ …
အားတင်းပြီး ပြုံးစမ်းကွာ
မင်းရဲ့ အပြုံးတိုင်းဟာ
ငါ့ရဲ့ ခွန်အားလှိုင်းတွေပါပဲ
မင်းရဲ့ ရွှန်းလဲ့မျက်လုံးထဲမှာ
ငါ့ရဲ့ ပန်းတိုင်အဆုံးကို တွေ့နေပြီ …။

ချစ်သူရေ … ပြုံးထားစမ်းကွာ
ခရောင်းလမ်းတွေ ပျောက်တော့မှာပါ
ပန်းတိုင်အဆုံးကို ရောက်တော့မှာပါ

ကဲ … ချစ်သူ
မျက်ရည်သုတ်လိုက်
ပြုံးမှ ဖြစ်မယ် …။


ကိုရုပ်ဆိုး
၃၀၊ ဇူလိုင်လ၊ ၉၅ (၂၀း၄၅)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Thursday, September 4, 2008

တစ်နိုင်တစ်ပိုင် သာသနာပြုရအောင် (၀ါ) change your fortune

ဒီနေ့ အကိုတစ်ယောက်ဆီက အီးမေးလ် ပို့လိုက်တယ်။ အကြောင်းအရာက စိတ်ဝင်စားဖို့ကောင်းသလို ဗုဒ္ဓဘာသာဝင်တိုင်း၊ အချိန်မရဘူးလို့ ပြောတဲ့လူတိုင်း လုပ်သင့်တဲ့ ကိစ္စလေးပါ။

“တစ်နိုင်တစ်ပိုင် သာသနာပြုရအောင်”တဲ့။ ရဝေနွယ် (အင်းမ) ရေးထားတာလေးကို၊ ဒေါက်တာခိုင်မျိုး ရိုက်နှိပ် ပူဇော်ထားတာပါ။ အရမ်းကောင်းပါတယ်။ လုပ်လည်း လုပ်သင့်တဲ့ကိစ္စလေးပါ။

ကျနော့ ညီအကို၊ အမ၊ နှမ ဘလော့ဂ်ဂါအားလုံးအတွက် ဝေမျှလိုက်ပါတယ်။ PDF ဖိုင် လေးပါ။ အောက်က လင့်ခ်လေးမှာ ကူးယူ ဖတ်ကြည့်ကြပါ။ စာတွေမပေါ်ရင်လည်း ဆီပုံးမှာ လာအော်ပေးပါ။ ကျနော် ဇော်ဂျီဖွန့် နဲ့ ပြန်ရိုက်ပြီး ထပ်တင်ပေးပါ့မယ်။

ကိုရုပ်ဆိုး
၀၃၊ သြဂုတ်လ၊ ၀၈ (၁၂း၀၄)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Wednesday, September 3, 2008

Coffee Dream

ဒီနေ့ သူငယ်ချင်းတစ်ယောက်ဆီက email လေးရတယ်။ အဲဒီမှာ သူအကြိုက်ဆုံး စာသားဆိုပြီး ပါလာတယ်။ ကျနော်လည်း ဖတ်ကြည့်မိပြီး သူငယ်ချင်းတွေကို ဝေမျှချင်တာနဲ့ ကျနော့ ဘလော့ဂ်လေးပေါ်တင်ပေးလိုက်တယ်။ ကျနော့်ရဲ့ အင်္ဂလိပ်စာက အကောင်းကြီး မဟုတ်တဲ့အတွက် မြန်မာလိုမပြန်တော့ပဲ မူရင်းအတိုင်း တင်ပေးလိုက်တယ်။

=================
Coffee dream : If life is coffee, then the jobs, money and position in society are the cups. They are just tools to hold and contain life, but the quality of life doesn't change.
Sometimes by concentrating only to the cup, we fail to enjoy the coffee in it.
=================
ဝါသနာက တားမရတဲ့အတွက် ကဗျာလေးတပုဒ်ကိုတော့ ဖျစ်ညှစ်ပြီး ရေးသားတင်ဆက်လိုက်တယ်။ တခြားစီဖြစ်နေရင်လည်း ခွင့်လွှတ်ဗျာ ....

ကော်ဖီအိပ်မက် ..

ဘ၀ဟာ ကော်ဖီ ဆိုပါစို့...။

အလုပ်တွေ၊ ငွေတွေ၊ ရာထူးတွေ
ဂုဏ်ပကာသနတွေဟာ
ခွက်တွေ ဆိုပါစို့ ...။

သူတို့ဟာ ...
ဘ၀ အတွက်

တကယ်ဆို ..
ဘ၀ရဲ့ အရည်အသွေး
တည်တံ့စေဖို့အတွက်တော့
အထောက်အပံ့ (ပစ္စည်း)တစ်ခုသာ ..။

ဒါပေမယ့် ...
ခွက်ကိုသာ အာရုံနှစ်ခဲ့ရင်တော့
ခွက်ထဲက ချိုမြိန်တဲ့ ဘဝ
မင်းဘယ်လို ... သောက်သုံးနိုင်မလဲ...။

စဉ်းစားပေါ့ကွာ
အတုအယောင်ပေါ်မှာ အာရုံထား
မင်း လမ်းသလားခဲ့ရင်တော့
ချိုမြိန်တဲ့ ဘ၀ ဆိုတာ
လက်ရဲ ဇက်ရဲ
ဇတ်ကနဲ ယူသောက်တဲ့
လူတစ်ယောက်အတွက် ဖြစ်သွားမယ် ....။

ကိုရုပ်ဆိုး
၀၃၊ သြဂုတ်လ၊ ၀၈ (၁၃း၂၅)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Monday, September 1, 2008

မောင်မျိုးကောင်းမှု အကြောင်းပြုလို့ ...

အင်း မောင်မျိုးလေးကောင်းမှု အကြောင်းပြုပြီးတော့ အသက်ကြီးကာမှ ကိုယ့်အထုတ် ကိုယ်ဖြည်ပြရတာ ရှက်စရာတော့အကောင်းသား၊ အို ... ဘာပဲဖြစ်ဖြစ်လေ ... ပေါက်တဲ့နဖူး မထူးတော့ပါဘူးဆိုပြီး ကိုရုပ်ဆိုးရဲ့ အထ္ထုပတ္တိအား သူငယ်ချင်းများ ဖတ်ရှုကြပါကုန်လော့ ...

ကိုယ့်နာမည်------------- ရုပ်ဆိုး

ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် -------------- လာအုံး ... အရိုးဆုပ် … အရုပ်ဆိုး

ဒီမှာနေတယ်------------- ဗိုလ်ချုပ်ပြောတဲ့ ဟိုနိုင်ငံ

အလုပ်အကိုင် ------- ကွန်ပျူတာတစ်စုံနှင့် ဘလော့ဂ်ဂင်းသောအလုပ်

ကိုယ့်ဆီဖုန်းဆက်ချင်ရင် ---------- မဖုန်းပဲ ဆက်ရင် ပိုမြင်ရတာပေါ့ဟ

(ကိုယ့်ရဲ့အကြိုက်ဆုံးတွေက)

အရောင်ဆိုရင် ---------- အပြာ၊ အနက်

အ၀တ်အစားဆိုရင် ---------- အရှက်လုံစေတဲ့ ဟာ မှန်သမျှ

အစားအစာဆိုရင် ---------- ဗိုက်ဝတာမှန်သမျှ

ပစ္စည်းဆိုရင် ---------- ဟိုပစ္စည်းကို ကြိုက်တယ် :D

သီချင်းဆိုရင် ---------- မာမာအေးနှင့် Van Helen (သို့) တွံတေးသိန်းတန်နှင့် Jenifer Lopez စုံတွဲသီချင်းများ

စာရေးဆရာ ---------- အင်း … ဘလော့ဂ်ဂါတွေ အားလုံးရဲ့ စာပေများ

စာအုပ် ----------- အင်း .. ခေါင်းအုံးပြီး အိပ်လို့ရတဲ့ စာအုပ်ဆိုဒ်ဆို ပိုသဘောကျတယ်။

Life style ---------- ဖြစ်ကတတ်ဆန်းနေတတ်တဲ့စတိုင်၊ ဗြဲလရမ်းစတိုင်

ကိုယ့်ရဲ့ဝါသနာ ---------- အင်း … မေ့တောင်နေပြီ၊ အိမ်ပြန်ပြီး မိန်းမကို ပြန်မေးကြည့်ဦးမယ်။

အလိုချင်ဆုံးလက်ဆောင် ---------- လက်ထိပ်နှင့် ကားပြာကြီးမဟုတ်တာတော့ သေချာတယ်။

ကိုယ့်ရဲ့ အချစ်ဆုံးသူက ---------- မင်းပေါ့ကွယ် …

ကိုယ့်ရဲ့ အလေးစားဆုံးသူက ---------- ဟ … အလေးတော့ မစားပါရစေနဲ့၊ သွားမကောင်းလို့ပါ …။

ကိုယ့်ရဲ့ အချစ်ဆုံးသူငယ်ချင်းက ---------- သူငယ်ချင်းမှန်သမျှ ကိုယ့်ရဲ့ အချစ်ဆုံးပဲ။ မခွဲခြားပါဘူးကွယ်။

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက ---------- ကျနော့ မိန်းမ ပေါ့ဗျ၊ မေးစရာလိုသေးလို့လား။

ကိုယ့်ရဲ့ အမုန်းဆုံးသူက ---------- အမုန်းကို ပေါင်ထားတာ ပြန်မရွေးနိုင်လို့ ဆုံးသွားပြီ …. :)

ရင်အခုန်ဆုံးအချိန် ---------- ခုန်ဆွ၊ ခုန်ဆွ လုပ်နေတဲ့အချိန်ပေါ့ဗျာ …။

အကြောက်ဆုံးအချိန် ---------- အရက်မူးပြီး အိမ်ပြန်လို့၊ တံခါးဝမှာ မိန်းမကို တွေ့တဲ့အချိန် (ဂယ်ပြောတာ)

အပျော်ဆုံးအချိန် ---------- လခ ထုတ်လို့ ကြိုတင်ထုတ်ထားတာတွေကို မဖြတ်တဲ့အချိန်

အမှတ်တရနေ့ ---------- ၁၄ ဖေဖော်ဝါရီ ၁၉၉၉ (ကျနော် မင်္ဂလာဆောင်တဲ့နေ့ပေါ့…) အဲဒီလိုမျိုး ထပ်ဆောင်ချင်လိုက်တာ….း-)

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု ---------- ဟိုမှာ ပုထိုး ပြည့်လိမ့်နိုးနဲ့၊ ဆုမျိုးတစ်ရာ တောင်းခဲ့ပါသည်။ ဒီမှာ ပုထိုး ပြည့်လိမ့်နိုးနဲ့ ဆုမျိုးတစ်ရာ တောင်းခဲ့ပါသည်။ ဆုတောင်းတိုင်းတာ ပြည့်မယ်ဆိုရင် ဘယ်မှာ မျက်ရည် ရှိအံ့နည်း … တဲ့။ ကဲ တောင်းတော့ဝူး။

အချစ်ဆိုတာ ---------- ဘုရားကပေးတဲ့ ဆုလဒ်လား၊ ငါ့ရဲ့ ဘ၀နဲ့ မထိုက်တန် (အငဲ သီချင်းလေ…)

အမုန်းဆိုတာ ---------- မမုန်းဘူးတော့၊ မသိဘူးဗျ…။

အလွမ်းဆိုတာ ---------- အားတာနဲ့ ခေါင်းထဲကို ရောက်လာတဲ့ ဟာတစ်ခု

သံယောဇဉ်ဆိုတာ---------- ဟ … ဘာလက်နက်နဲ့ ဖြတ်ရမှန်းမသိတဲ့ ဟာ တစ်ခုဗျ။

ဘ၀ဆိုတာ ---------- တိုက်ပွဲ ….၊ ခယ်မ ဆိုတာ လိုက်ပွဲတဲ့ (ဘယ်က စာဆို စပ်သွားမှန်းမသိပါဘူးဗျာ…တကယ်)

သူငယ်ချင်းဆိုတာ ---------- မကောင်းဘူး၊ အသံသေး အသံကြောင်နဲ့။ အဲဒါကြောင့် သူနဲ့ သီချင်း လိုက်မဆိုတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။

ချစ်သူဆိုတာ ---------- ဟာဗျာ … ကိုယ့်ရဲ့ အချိန်တွေကို ဖြုန်းတီးပစ်တဲ့ လူပေါ့။

ကိုယ့်ကိုယ်ကိုဒီလိုထင်တယ် ---------- ဟိုလို ထင်ရင် ပိုကောင်းမယ်ဗျ။

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က ---------- ၀ ၀ စား၊ ဝေး ဝေး နေ

အပြောချင်ဆုံးစကားတစ်ခွန်း ---------- တော်ပြီကွာ၊ ရိုက်ရတာ လက်ညောင်းတယ်။


အောက်ဖော်ပြပါ သူငယ်ချင်းများ ဆက်ပြီး ဒုက္ခခံလိုက်ကြပါဦးကွယ် …

၁။ ရွှေပြည်သူ
၂။ ရွာသားလေး ၀ိုင်တီယူ
၃။ မောင်ဆိုးသွမ်း
၎။ မေမိုး
၅။ မျှော်လင့်ခြင်း


ရေးကြပေအုံးတော့ဗျာ ….။ အလှည့်ကျ မနွဲ့စတမ်းပေါ့…။

ဆက်ဖတ်မယ်ဆိုရင်...