လွမ်းချင်း
blog စရေးရေးခြင်း အလွမ်းနဲ့ စတာတော့မဟုတ်ပါဘူးသူငယ်ချင်းတွေနဲ့ပဲ ကြီးပြင်းလာခဲ့တဲ့ ကျနော့အဖို့တော့ အချစ်ဆုံးသူငယ်ချင်းတယောက် (ကျော်ဇင်ထွန်း (ခ) ကျော်လေး) လူ့ဘ၀ကနေ ကျနော့် မျက်စိရှေ့မှာ ထွက်ခွာသွားတာကို လွမ်းဆွတ်တဲ့အနေနဲ့ သူ့အတွက် အမှတ်တရ ၂၂-၁၂-၉၄ မှာ ကျနော်ရေးဖြစ်ခဲ့တဲ့ ကဗျာလေးကို အဖွင့်အနေနဲ့ တင်ခွင့်ပေးပါ။
သူငယ်ချင်းကျော်လေး ....လူ့ဘ၀ဆိုတာ သမုဒ္ဒရာထက် ခဏပွက်တဲ့ ရေပွက်ကလေးပါပဲ။ ဒါပေမယ့် ရေပွက်ကလေးထဲကနေ သမုဒ္ဒရာထဲကို ပြန်လည်နှစ်မြုပ်သွားတာက မင်းတယောက်ထဲကွာ။ (၂၂-၁၂-၉၄)ရက်နေ့ကို မင်းနဲ့ ငါ ခွဲခွာမှုအဖြစ် ငါရေးဖွဲ့လိုက်တယ် သူငယ်ချင်း ......။ ရောက်ရာအရပ်က သိနိုင်ပါစေ ...........။
ရုပ်ဆိုးသတိရနေသေးတယ်...........
တနင်္ဂနွေရဲ့ နံနက်
ရွှေတိဂုံရင်ပြင်ထက်မှာ
တစ်ယောက်တစ်လက်နဲ့
တံပျက်စည်းဆွဲထွက်လို့
ရင်ပြင်တော်တစ်ဝိုက်
သန့်ရှင်းရေးလုပ်တဲ့အခိုက်မှာ
နောက်ပြောင်တတ်တဲ့
မင်းရဲ့အသံပြာပြာ
မင်းရဲ့ ကိုယ်ဟန် တစ်ခါခါကို
မြင်ယောက်ကြားမိ
လွမ်းမိတယ် ... သူငယ်ချင်း။
မြတ်ဘုရားရဲ့ ပုံတော်ကို
ပြောင်လက်အောင်ပွတ်တိုက်
ရောင်တော်ဖွင့် ပူဇော်ခိုက်မှာ
မင်းရဲ့ ဟန်ပန်
မင်းရဲ့ သဏ္ဍန်ကို
မျက်လုံးထဲမှာ မြင်ယောင်လို့
လွမ်းမိတယ် .... သူငယ်ချင်း။
ပျောက်သောသူ ရှာရင်တွေ့
သေသောသူ ကြာရင်မေ့ တဲ့
လူကြီးတွေရဲ့ ရှေးသုံးစကား
ရေးထုံးများ မှားနေရော့သလားကျော်လေးရေ ........။
ခွဲခွာတဲ့ရက် လက်ချိုးတွက်လို့
နှစ်တာကာလ ကြာမြင့်လှလည်း
တမ်းတတဲ့ စိတ်လွမ်းရိပ်တွေ မဖြေနိုင်ဘူး။
တနေ့မှ မေ့မရလို့
ငါတို့ရဲ့ ... သမုဒယ သံယောဇဉ်
ခုမှ ပြန်ပြောနေရင်လည်း
မင်းသိနိုင်မှာမှ မဟုတ်ပဲ
ဒီတော့ .......
မင်းအတွက်အလှူဒါနတွေ အကြိမ်ကြိမ်ပြုလုပ်
မင်းတယောက် ...
ကောင်းမွန်ရာ ရောက်ဖို့လေ၊
ငါတို့ ပြုလုပ်သမျှ ကုသိုလ်ဒါနအတွက်
အမျှပေးဝေတယ် သူငယ်ချင်း
မင်းရောက်လေရာ ဘုံဌာနက
သာဓုခေါ်လိုက်ပါ ကျော်လေးရေ
သာဓုခေါ်လိုက်စမ်းပါ ... ... ။
ရုပ်ဆိုး (၂၂ ဒီဇင်ဘာ၊ ၁၉၉၄)
No comments:
Post a Comment
သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။