Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Showing posts with label ချစ်ဇနီးသို့. Show all posts
Showing posts with label ချစ်ဇနီးသို့. Show all posts

Monday, February 23, 2009

၁၀ နှစ်ပြည့်မှသည် ....



ဆယ်စုနှစ်တစ်ခု
အမှတ်တရ မဟုတ်တောင်
အမှတ်တမဲ့တော့ မဟုတ်ခဲ့ပါဘူး ...
ပျော်ရွှင်ခြင်းတွေ
ကြည်နှုးခြင်းတွေ
အလိုမကျမှုတွေ
စိတ်ညစ်မှုတွေ
အရာရာကို ကျော်ဖြတ်
တွဲလက်တွေ ခိုင်မြဲလျက်ပေါ့ ...

ကျေးဇူးပါမလေးရေ
မေသူရယ် ... အထွဋ်ရယ် ...
ပျော်ရွှင်မှုတွေရယ် ...
နှစ်သိမ့်မှုတွေရယ်ကိုပေါ့ ...

ပျော်ရွှင်မှုအတွက်
ကမ်းလင့်ခဲ့တဲ့ လက်အစုံရယ် ...

စိတ်ညစ်မှုအတွက်
ပန်ဆင်ခဲ့တဲ့ နားတစ်စုံရယ် ...

တွေဝေမှုအတွက်
လမ်းပြခဲ့တဲ့ စကားတစ်စုံရယ် ...

ကြမ်းတမ်းတဲ့လမ်းအတွက်
လိုက်လျောခဲ့တဲ့ ခြေထောက်တစ်စုံရယ် ...

တွယ်ရာမဲ့နေတဲ့ နေ့တွေအတွက်
နွေးထွေးလှတဲ့ ရင်ခွင်အတွက်ရယ်ပေါ့ ....။

မျှော်ကြည့်လိုက်ပါမလေးရေ ...
တောက်ပတဲ့အနာဂတ်တွေဆီကိုလေ

ကိုယ်လေ ...
ကမ်းလင့်ခဲ့ လက်အစုံ
ယုံကြည်ချက်မြဲစွာနဲ့
ရဲရဲသာ ဆုပ်ကိုင်
ကိုယ့်ရဲ့ အနာဂါတ်အားလုံးဟာ
မင်းတို့ အတွက်ပေါ့ ....။
ကိုရုပ်ဆိုး
၁၄ ဖေဖော်ဝါရီ ၀၉ (၀၁း၀၂)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Friday, February 6, 2009

14 Feb 2009 ......... Valentine's Day ......... ချစ်သူများနေ့

14 Feb 2009 ......... Valentine's Day ......... ချစ်သူများနေ့
လာမယ့် ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ၂၀၀၉ ခုနှစ်မှာ
ကိုရုပ်ဆိုးနဲ့ မဒမ်ရုပ်ဆိုးတို့ရဲ့ မင်္ဂလာနှစ်ပတ်လည် (၁၀)နှစ်တိုင်တိုင်ရှိခဲ့ပြီဗျ ..............။

လွန်ခဲ့သော (၁၀)နှစ် ... ဖေဖော်ဝါရီလ (၁၄)ရက် ၁၉၉၉ တနင်္ဂနွေရဲ့ နံနက် (၁၀း၀၀)နာရီမှာ အထက်ပုဇွန်တောင်လမ်း၊ ရန်ကုန်မြို့က ဆုတောင်းပြည့်ကျောင်းတိုက်မှာ ကိုရုပ်ဆိုးရဲ့ ခြိမ့်ခြိမ့်သဲ မင်္ဂလာပွဲကြီးကို ဆင်နွဲနေတဲ့အချိန်ပေါ့ ......။ ပြန်တွေးလိုက်တိုင်း မနေ့တနေ့ကလို ရင်ခုန်တုန်းဗျ ......... ဟား ဟား ....
အခု (၁၀)နှစ်ပြည့်မှာကော ဘာလုပ်မှာတုန်း ....
ကျနော့ရဲ့ ဘလော့ဂ်ဂါမောင်နှမတွေ သိချင်လား .........
မပြောဘူး ......... သတ်ချင်သတ်လိုက် ... မပြောဘူး.... :)
ဒါပေမယ့်
အမြည်းသဘောမျိုးလေး တင်ပေးလိုက်တယ်။ (၉)နှစ်မြောက်ကဟာပေါ့ ...

အဲဒီနေ့ကတော့ မြတ်သန္တာအပျော်စီးသင်္ဘောပေါ်မှာ ကျင်းပတာဗျ။ 
ကျနော့် မိသားစုတင်ပါ။
ဆားချက်တယ်လို့ပဲဆိုဆို ...
ကြုံတုန်းကြွားတယ်လို့ပဲ ပြောပြော ... :) :D
ကိုရုပ်ဆိုး
၀၆ ဖေဖော်ဝါရီ ၀၉ (၁၁း၀၄)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, September 16, 2008

နာကျင်မှုမှသည် ... ကြင်နာမှုဆီသို့

ကျနော် ဒီကဗျာလေးကို ၄-၃-၂၀၀၁ ခုနှစ်မှာ ရေးခဲ့တာပါ။ အဲဒီနေ့က ကျနော့ သမီးလေး မွေးတဲ့နေ့လေ ...။ သမီးလေး နာမည်ကို ”မေသူကို”လို့ ပေးထားတယ်ဗျ။ အခုခေတ်အခေါ် Grade-3 (ဒုတိယတန်း)တက်နေတယ်လေ။ ကျနော်နဲ့ အကျင့်စရိုက်တော်တော်များများတူတဲ့ သမီးလေးပါ (ဟဲ ... ဟဲ .. ကြော်ငြာဝင်တာ :))


ချစ်ဇနီး သို့

မိသားစုဘ၀လေးအတွက်
ချစ်သမီးလေးတစ်ယောက်နဲ့
ကိုယ်တို့ဘ၀ထဲဖြစ်တဲ့ နေ့လေးတစ်ရက်
အမှတ်တရ ရှိနေပေါ့ကွယ် ....။

မလေးရေ ...
ကိုယ့်အတွက်
အဖိုးမဖြတ်နိုင်တဲ့ ရတနာ
သမီးအလှကညာကို
နာကျင်ခြင်းဝေဒနာ ခံစား
ခက်ခဲစွာမွေးဖွား (ပေးတဲ့အတွက်)
တို့မိသားစုဘ၀ သာယာအောင်
မတူနိုင်တဲ့ တူနိုင်မဲ့အရာကို
ကိုယ်လေ ဖွေရှာပေးပါ့မယ်(လို့)
ဆန္ဒပြုရင်း .....။

ကိုရုပ်ဆိုး
၎ ရက်၊ မတ်လ၊ ၀၈ (၁၅း၂၀)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Saturday, September 13, 2008

အလွမ်းဆုံးကတော့ ....

ဒါကတော့ ကျနော့ရဲ့ ကိုယ်ပိုင်ကဗျာမဟုတ်ပါ ...။ ကြိုက်လွန်းလို့ ကူးယူသိမ်းထားပြီး ... ကိုယ်ကိုတိုင်ရေးသလိုနဲ့ ပေးခဲ့တာ ... :)

တို့နှစ်ယောက်ရဲ့ အနာဂတ်ကို
လွမ်းကြရအောင် မလေးရေ။
မင်းရဲ့အတိတ်၊ အဆိပ်သင့် ...ည
ထိုကာလကို
အိပ်ခွင့်ထာဝရ ပေးလိုက်ပါ။
ဒီညတော့
မင်းရဲ့အိပ်မက်၊ မင်းရဲ့ ...အတွေး
မင်းရဲ့ ...ရင်ခွင်၊ သံယောဇဉ်တွေကြားမှာ
ကိုယ့်ကို
ခိုနားခွင့်ပြုပါ။
ကိုယ့်ရဲ့ ရင်ခွင်ကတော့
မင်းပြုသမျှ နားလည်ပြဖို့အတွက်
လှပစွာ ရဲဝံ့နေလိမ့်မည်(မယ်)
မင်းမှာ ...
နာကျင်စရာတွေ
ကျန်ရှိနေဦးမယ်ဆိုရင်
ကိုယ့်ကို လက်ဆောင်ပေးပါ။
မင်းဟာ ...
ကိုယ့်ရဲ့ လရောင်နွေး။
မင်းဟာ ...
ကိုယ့်ရဲ့ နေရောင်ခြည်။
မင်းဟာ ...
ကိုယ့်ရဲ့ နွေးထွေးဖော်။
မင်းဟာ ...
ကိုယ့်အတွက် ....
ရာသက်ပန် ကဗျာတစ်ပုဒ်ပါပဲကွယ်။

မင်း ...
အိပ်မက်တွေ မက်နေသလား။
ဒါ ...
အာရုံများကို လှည့်စားခြင်းဖြစ်တယ်။
မင်းရဲ့ အိပ်မက်တွေ
လှပစေဖို့
ကိုယ့်ရဲ့ အသည်းနှလုံးကို
ခေါင်းအုံးပြီးအိပ်ပါ။
မင်းရဲ့ ... စကားသံချိုချိုလေးတွေကို
ကိုယ် ... နားထောင်ချင်ပါတယ်။
ကိုယ့်ရဲ့ စကားသံတွေကိုလည်း
မင်း ... ကြားယောင်နေစမ်းပါ။

ဒါဟာ ....
(ကိုယ့်ရဲ့မျှော်လင့်ခြင်း မဟုတ်ခဲ့ရင်တောင်)
မင်းရဲ့ အနာဂတ်အတွက်
ကိုယ့်ရဲ့
ချစ်ခြင်းလက်ဆောင်ဖြစ်လိမ့်မယ်။
ပျော်ပါရဲ့လား ... မလေး
တွေးကြည့်စမ်းပါကွယ်။
ဝေးလွင့်ခြင်းနဲ့ မကြုံရဖို့
မင်း....
ဘာဆုတွေ တောင်းသလဲ။
မင်းရဲ့
ဆုတောင်းခြင်း နောက်တော်ပါးက
ကိုယ့်ရဲ့ တမ်းတခြင်းကတော့
အနာဂတ်ကို လွမ်းဆွတ်ခြင်းပဲ ဖြစ်တယ်။
မင်းနဲ့ ပတ်သက်မှ
ကိုယ် ...
မနက်ဖြန်ကို စိတ်ဝင်စားခဲ့ပြီ။
ဘာပဲဖြစ်ဖြစ်
မနက်ဖြန်မှာ မျက်နှာသစ်ဖို့
မင်းရဲ့ ချစ်ခြင်းတွေ လိုအပ်တယ်။

မောင် ... အလွမ်းဆုံးကတော့
မလေးရဲ့
မနက်ဖြန်တွေကိုပါပဲ ....။

ဆက်ဖတ်မယ်ဆိုရင်...

ချစ်သူအတွက် ....

ဒီလို ကဗျာလေးတွေနဲ့ ကြွေခဲ့တာဗျ ... အားပေးကြပါအုံး။

ချစ်သူအတွက်

ချစ်သူအတွက်
မမောမပန်း
စိတ်ရွှင်လန်းအောင်
သံစဉ်ချိုမြ
တေးဂီတနှင့်
ဖျော်ဖြေသူလေး
ဖြစ်ချင်တယ် ...။

ချစ်သူအတွက်
နာဖျားမကျန်း
စိတ်ပင်ပန်းက
နီးကပ်ပြုစု
စောင့်ရှောက်မှုဖြင့်
ချွေးသိပ်သူလေး
ဖြစ်ချင်တယ် ...။

ချစ်သူအတွက်
သောကပြည့်လျှမ်း
ခရီးကြမ်းဝယ်
လိုက်ပါစောင့်ရှောက်
အားကိုးလောက်တဲ့
ကိုယ်ရံတော်လေး
ဖြစ်ချင်တယ် ...။

ချစ်သူအတွက်
ယုယုယယ
ကြင်နာပြလျက်
သစ္စာတရား
နားလည်ထားတဲ့
ချစ်သူတစ်ယောက်
ဖြစ်ချင်တယ် ...။

ချစ်သူအတွက်
ချစ်စစ်ချစ်မှန်
မေတ္တာဟန်ကို
ဖွဲ့နွဲ့ရသ
ညွှန်းဆိုပြတဲ့
ကဗျာရှင်လေး
ဖြစ်ချင်တယ် ...။

ရင်ထဲအချစ်
မေတ္တာစစ်ကို
ဖွင့်ဟညွှန်းဆို
ချစ်သူတစ်ယောက်
သိစေလို ...။

ကိုရုပ်ဆိုး
၁၉၉၅ ပါတ်ဝန်းကျင်

ဆက်ဖတ်မယ်ဆိုရင်...

Saturday, September 6, 2008

အမှတ်တရ နာကျင်မှု

ရည်းစားသက်တမ်း (၁)နှစ်ပြည့် အထိမ်းအမှတ်ပွဲလေး ကျင်းပမယ်ဆိုပြီး ချိန်းထားတဲ့နေရာကို မရောက်လာတဲ့အတွက် ရေးထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ .... လွန်ခဲ့သော (၁၃)နှစ်ကပါပဲ ...။ နောက်တော့မှ သူ မရောက်လာနိုင်တာ နယ်ကို နာရေးကိစ္စ (သူ့အမေဆုံးလို့ .. အခု ကျနော့ ယောက္ခမပေါ့း) ) ပြန်သွားရတာဆိုတာ သိလိုက်ရတယ်။ အခုတလော ခေါင်းထဲက ကဗျာအသစ်မထွက်တာရယ် ... လက်ရာအဟောင်းလေးတွေကို သူငယ်ချင်းတွေကို ဝေမျှချင်တာနဲ့ပါ .... အော်ခဲ့ကြအုံးဗျာ နော့...


အမှတ်တရ နာကျင်မှု

ချစ်ခြင်းရဲ့ အထိမ်းအမှတ်
မွေးနေ့ပွဲလေးတစ်ခု
ပျော်ရွှင်စွာ ကျင်းပမယ်လို့ရည်စူး
ကြည်နှုးလျက်ပေါ့ …

ဒါပေမယ့် …
ကံတရားရဲ့ စေစားမှုကြောင့်
နှလုံးသားတစ်ခုမှာ
ပျော်ရွှင်ခြင်းတစ်ဖက်
လွမ်းဆွေးခြင်း တစ်ဝက်နဲ့

အခုတော့ …
ချစ်ခြင်းရဲ့ မွေးနေ့
တိတ်ဆိတ်စွာပြီးဆုံး
သြဘာသံ မဖုံးတော့ပေ …။

ကိုရုပ်ဆိုး
၁၂၊ သြဂုတ်လ၊ ၉၅ (၂၄း၁၅)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Friday, September 5, 2008

ဝီရအပြုံး (သို့) ခွန်အား

အင်း ... ဒီ ကဗျာလေးတွေကို တင်မယ်, တင်မယ်နဲ့ တော်တော်အချိန်ယူ စဉ်းစားခဲ့ရတယ်။ ခွင့်တောင်းနေတာလည်း ပါတာပေါ့။ လွန်ခဲ့တဲ့ (၁၃)နှစ် ... ဟုတ်တယ် ... အဲဒီလောက်တောင် ကြာခဲ့ပြီ။ ကျနော့ အမျိုးသမီးနဲ့ ရည်းစားဖြစ်နေတုန်း ကာလကလေးကပေါ့ ဒီကဗျာလေးကို ရေးပေးခဲ့တာ (ကျန်သေးတယ်ဗျး) အသက်ကြီးမှ ငယ်မှုပြန်တယ် အပြောခံရမှာလည်း စိုးသေး (ရွာသားလေး ... ကျနော် အသက် အရမ်းကြီးနေပြီလား .. ဗျာ .. ငယ်သေးတယ် ... ဟုတ်လား ... ကျေးဇူးဗျာ၊ အခုလို မြန်မြန်ဆန်ဆန်ပြန်ဖြေပေးတဲ့အတွက်း) OK ဗျာ ဖတ်ကြည့်ပြီး အော်ခဲ့ကြဗျာ ... အခြေအနေကြည့်ပြီးမှ နောက် ကဗျာတွေ ထပ်တင်မယ်။


ဝီရအပြုံး (သို့) ခွန်အား

ချစ်သူ …
မငိုနဲ့တော့ကွာ
မင်းရဲ့ မျက်ရည်တစ်စက်ဟာ
ငါ့ရဲ့ဘ၀တစ်သက်လိုပါပဲ
မင်းရဲ့ ရှိုက်သံတစ်ချက်ဟာ
ငါ့ရဲ့ ကမ္ဘာပျက်သံလို့ ထင်မိတယ် …။

ချစ်သူရေ …
အားတင်းပြီး ပြုံးစမ်းကွာ
မင်းရဲ့ အပြုံးတိုင်းဟာ
ငါ့ရဲ့ ခွန်အားလှိုင်းတွေပါပဲ
မင်းရဲ့ ရွှန်းလဲ့မျက်လုံးထဲမှာ
ငါ့ရဲ့ ပန်းတိုင်အဆုံးကို တွေ့နေပြီ …။

ချစ်သူရေ … ပြုံးထားစမ်းကွာ
ခရောင်းလမ်းတွေ ပျောက်တော့မှာပါ
ပန်းတိုင်အဆုံးကို ရောက်တော့မှာပါ

ကဲ … ချစ်သူ
မျက်ရည်သုတ်လိုက်
ပြုံးမှ ဖြစ်မယ် …။


ကိုရုပ်ဆိုး
၃၀၊ ဇူလိုင်လ၊ ၉၅ (၂၀း၄၅)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...