ကျနော်တို့ခေတ်က ရည်းစားစာ ...
ဒီနေ့တော့ ... ငယ်ငယ်က သူငယ်ချင်းတွေကို ဒိုင်ခံရေးပေးဖူးတဲ့ ရည်းစားစာ တစ်စောင်ကို ဘလော့ဂ်လေးမှာ တင်ချင်တယ်ဗျာ...။ ကိုယ်က ရုပ်ဆိုးတော့ ကိုယ့်အတွက်မဟုတ်ပဲ၊ သူငယ်ချင်းတွေကိုချည်းပဲ ဒိုင်ခံရေးပေးရတာ :) ဟဲ ဟဲ ... ကိုယ်က တစ်ကွက်ချန်ထားပြီး၊ ကိုယ့်အလည့်ကျတော့ ကဗျာတွေရေးပြီး လိမ့်ပေးလိုက်တယ်။ ဘယ်ရမလဲ ...။
အခုတလော ဦးဏှောက်မှတ်ဥာဏ်က သိပ်မကောင်းတော့ မှတ်မိတာလေးတွေပဲ တင်ပေးလိုက်တယ်။ မောင်မျိုးရေ ... ငါ့ညီလိုချင်တဲ့ ရည်းစားစာ အကို တင်ပေးလိုက်တယ်။ လာကူးဦးကွ။
....................................................................................
ချစ်သူ ...
သူ့ဆီက အချစ်တွေ မရရှိခင်မှာပဲ “ချစ်သူ”လို့ ခေါ်တာကိုတော့ နားလည်ပေးပါ။ ကိုယ့် ဘ၀မှာ ချစ်ရတဲ့သူမို့ ချစ်သူလို့ အမြတ်တနိုးခေါ်လိုက်တာပါ ...။
ချစ်သူ ...
ဗုဒ္ဓကဟောခဲ့တယ် ...။
- မချစ်မနှစ်သက်သူနဲ့ နေရခြင်းသည် “ဒုက္ခ” တဲ့
- ချစ်ရသူနဲ့ ကွေကွင်းရခြင်းသည်လည်း “ဒုက္ခ” တဲ့
ဒီတော့ .. သူ့ကို “ချစ်သူ”လို့ ခေါ်ခွင့်ရဖို့အရေး ကိုယ်မျှော်လင့်မိနေတာကို သူ နားလည်နိုင်မယ်လို့ ထင်ပါတယ်။
ချစ်သူ ...
သူ့အနေနဲ့ အချစ်ဆိုတာကို ဘယ်လိုဖွင့်ဆိုချင်လဲ ? ကိုယ်ကတော့ ...
“အချစ်ဆိုသည်မှာ မိမိ၏ ပျော်ရွှင်မူအားလုံးကို ချစ်သူထံသို့ နေရာရွှေ့ထားခြင်းပင်ဖြစ်သည်။” တဲ့
ချစ်သူ ပျော်ရွှင်ပါစေ ...
ချစ်သူအတွက် ကို ကဗျာလေးတစ်ပုဒ် အမှတ်တယအနေနဲ့ ထည့်ပေးလိုက်တယ်။
ရေသောက်မြစ်
စိမ်းစိုဝင့်ကြွား
လှပတင့်တယ်
ပန်းကလေးတစ်ပွင့်နှယ်
လောကရဲ့အလယ်
ဂုဏ်တင့်တယ်ဖို့
မြေအောက်က
ရေသောက်မြစ်လို
သူ့ရဲ့ …
နှလုံးသွေးတွေကို ပေးပို့
ပန်းကလေးတစ်ပွင့်
လှပစေဖို့ပေါ့လေ …။
ဒီလိုပဲ …
ချစ်သူရဲ့ ဘဝ
လှပပွင့်လန်း
တင့်ဆန်းစေဖို့
မြေအောက်က
ရေသောက်မြစ်ဘဝ
“ကို” ဖြစ်ပါရစေ
“ချစ်သူ” ရယ် …။
ချစ်သူရဲ့ အရိပ်ပမာ .... ကို
ကိုရုပ်ဆိုး
၂၀-စက်တင်ဘာ-၀၈ (၁၃း၄၀)မိနစ်

RSS Feed (xml)
