Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Showing posts with label နာဂစ်မုန်တိုင်း. Show all posts
Showing posts with label နာဂစ်မုန်တိုင်း. Show all posts

Thursday, July 17, 2008

နေခြည်မှာ အကုန်ဟောင်းလောင်း၊ ငါတို့ စာသင်ကျောင်း

ကျနော် မနေ့က “ကွန်ဒိုင်း”ဆိုတဲ့ ရွာကလေးကို ကြိုတင်လေ့လာရေးခရီးအဖြစ်နဲ့ သွားခဲ့တယ်။ ပထမ တခေါက် လှူ ဖူးတယ် ၂၉ မေလ၊ ၂၀၀၈ တုန်းက (ပုံလေးတွေ ဒီမှာ)။ ကျနော် မနေ့က တခေါက်ရောက်တော့ ပြောင်းလဲနေလိမ့်မယ်လို့ ထင်ထားခဲ့တာ ပထမ သွားတုန်းက အိမ်လေးတွေအတိုင်းပဲ။ အသစ် ပြန်မဆောက်နိုင်လို့ စုပေါင်း နေ,နေရတုန်းပဲ။ ကျနော်တို့အဖွဲ့ကလည်း အိမ်ပြန်ဆောက်ပေးမလို့ဆိုတော့ ၀မ်းနည်းပေမယ့် အတော်ဖြစ်သွားတယ်။ လှူချင်တဲ့ အရေအတွက်နဲ့ လိုနေတဲ့ အရေအတွက် က အတူတူပဲဆိုတော့ ... ၀မ်းသာသွားမိတယ်။
အဲဒီမှာ ...

စာသင်တဲလေးသွားတွေ့မိတယ် (စာသင်ကျောင်းမဟုတ်ပါ။)။ သူငယ်တန်းကနေ သုံးတန်းအထိ ကျောင်းသား/သူ (၁၅)ယောက်ရှိတယ်။ ၈ ပေ ပါတ်လည် တဲကလေးမှာ တကုန်းကုန်းနဲ့ စာသင်နေကြတာ။ ဆရာမကလည်း အစိုးရ၀န်ထမ်းမဟုတ်ဘဲ၊ အဲဒီ ရွာက စာတတ်ပေတတ် အမကြီး။ blackboard မရှိ၊ စာအုပ်မစုံ၊ ကြုံသလို သင်နေရတာ။ ကျနော် စုံစမ်းကြည့်တော့ သူ စာသင်နေတာ ၁၃ နှစ်ရှိပြီတဲ့။ ဒီရွာနဲ့ ကျောင်းရှိတဲ့ ရွာက အလှမ်းဝေးတော့ မိဘတွေကလည်း လှေနဲ့ လိုက်မပို့နိုင်၊ သူငယ်တန်းကနေ လေးတန်းအထိသာ ရှိတဲ့ ကျောင်းဆိုတော့ ကလေးတွေကလည်း အရွယ်ငယ်၊ ကိုယ့်ဘာသာကို ကျောင်းမသွားနိုင်တဲ့အရွယ်။ အဲဒီတော့ ရွာမှာပဲ သူက စာသင်၊ တစ်လ တစ်ခေါက် ကျောင်းရှိတဲ့ ရွာကို သွားဖြေ၊ အဲဒီလို လုပ်နေရတာတဲ့။ ၃-တန်းအောင်၊ ၄-တန်းကျောင်းသား တစ်ယောက်ရှိတာ နာဂစ်မှာ ဆုံးသွားတယ်တဲ့ မျက်ရည်လေး တစမ်းစမ်းနဲ့ပေါ့။ သူ့ရဲ့ ကျောင်းသားကိုး။ နောက်ထပ် ပြောသေးတယ် အခု စာသင်တဲမှာ ကာထားတာတွေက အရင် ကျနော်တို့ လှူသွားလို့သာတဲ့၊ နိုမို့ဆို ဘယ်လိုလုပ်ရမယ်မှန်း မသိဘူးတဲ့။
ကျနော်လည်း ဘာ ဆက်ပြောရမှန်းမသိ ကြက်သေ, သေသွားခဲ့တယ်။ ရန်ကုန်ပြန်ရောက်တော့ စာသင်ကျောင်းအတွက်ပါ အဓိကထားဆွေးနွေးပြီး၊ စာသင်ကျောင်းကို ကောင်းကောင်းမွန်မွန်လေး ဖြစ်အောင် လုပ်ပေးကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။
နေထိုင်ဖို့ တဲလေးတွေအပြင်၊ စာသင်တဲမှသည် စာသင်ကျောင်းလေးပုံစံ ဖြစ်သွားအောင် လုပ်ပေးရမယ်။
နေပူကြီးထဲ လှေငယ်လေးနဲ့ မြစ်ပြင်ဖြတ်၊ ထမင်းတနပ်လွတ်၊ ကြောက်ရွံ့စွာသွားခဲ့ရပေမယ့် ဒီလိုမျိုး ဖြစ်မြောက်ဖို့အတွက်ဆိုရင် ပင်လယ်ကြီးလည်း ဖြတ်ပြီး နောက်ထပ် သွားဦးမယ်ဗျာ .... အခုလို နေရာမျိုးလေးတွေ ကိုယ့်နိုင်ငံမှာ ရှိသေးတယ်ဆိုတာ သိလိုက်ရတော့ အိမ်အပြန် ထမင်းတောင် စားဖို့ အနိုင်နိုင်ရယ် ... ငါ့မှာတော့ blog မလား ? chat မလား ? သူတို့မှာတော့
“ပန်းကလေးများ မပွင့်နိုင်ပြီ၊
ဖူးတံ တုံးတော့မည်၊
နေခြည်မှာ အကုန်ဟောင်းလောင်း၊
ငါတို့ စာသင်ကျောင်း” လို့များ ရွတ်နေပြီလား မသိ .....

ကိုရုပ်ဆိုး
၁၆ ဇူလိုင်၊ ၀၈ ခရီးသွားမှတ်တမ်း မှ ထုတ်နုပ်ရေးသားသည်။
(၁၇ ဇူလိုင်၊ ၀၈) ၁၈း၃၂ မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Monday, June 16, 2008

ညီလေးသို့ ပေးစာ

ညီလေးရေ …

မုန်တိုင်းသတင်းကြားပြီး ငါ့ညီလေး စိတ်ပူနေမယ်ဆိုတာ အကိုသိတယ် ညီလေးရေ။ ဒါပေမယ့် နိုင်ငံခြားမှာအလုပ် လုပ်နေတဲ့ ငါ့ညီဆီ စာရေးဖို့ဆိုတာ အကိုတို့အတွက်တော့ မလွယ်ဘူးငါ့ညီ။

အဖြစ်အပျက်တွေကတော့ မြန်လွန်းပါတယ် ငါ့ညီရေ။ အကိုတို့ မုန်တိုင်းသတင်း နားမထောင်ဘူးလားလို့ အပြစ်တင်တော့ မစောလိုက်စေချင်ဘူး။ သဘာဝအတိုင်း အခြေခံကျကျနေကြတဲ့ အကိုတို့လို တံငါသည်တွေအဖို့ ရေဒီယိုမှာလာတဲ့ မုန်တိုင်းသတင်းက သိပ်ပြီးမထူးဆန်းတဲ့ တွေကြုံနေကြမုန်တိုင်းလောက်ပဲဆိုတော့ အေးဆေးပေါ့ကွာ။ မုန်တိုင်းဆိုတာကလည်း အကိုတို့လို ရေလုပ်သားတွေ၊ ဧရာဝတီတိုင်းသားတွေအဖို့ နှစ်စဉ် မေလတိုင်း ကြုံတွေ့နေကြ၊ သိပ်မထူးဆန်းတော့တဲ့ အဖြစ်အပျက်တခုပါပဲ။

ငါ့ညီရေ … ညနေ (၃)နာရီလောက် လေစတင်တိုက်တဲ့အချိန်မှာ အကိုက မြစ်ထဲမှာ ငါးဖမ်းပိုက် ဖြုတ်နေတုန်း။ ပထမ အေးအေးဆေးဆေးလို့ထင်ထားပေမယ့်၊ တဖြည်းဖြည်းတိုက်လာတဲ့ လေဒဏ်၊ တက်လာတဲ့ လှိုင်းဒဏ်ကို မခံနိုင်တာနဲ့ အကိုလည်း အိမ်အမြန်ပြန်ပြေး၊ ငါ့ကို စောင့်မျှော်နေကြတဲ့ မိသားစုကိုခေါ်ပြီး ရွာဦးကျောင်းကိုပြေးဖို့ပြင်တာပဲငါ့ညီ။ ဒါပေမယ့် … တိုက်လိုက်တဲ့လေ၊ တက်လာတဲ့ဒီရေတွေဟာ တခဏလေးအတွင်းမှာပဲ ငါ့တို့တရွာလုံးကို ၀ါးမျိုသွားတယ် ငါ့ညီ။ မှောင်မှောင်မဲမဲ ကမ်းမမြင်၊ လမ်းမမြင်ဆိုတဲ့အတိုင်း ရေပြင်အတိပြီးနေတဲ့ မြစ်ပြင်ကြီးထဲမှာ ငါတို့မိသားစု ရုန်းကန်နေခဲ့ရတယ်။ အသံဗလံတွေဟာလည်း ငရဲပျက်သလိုပါပဲ ငါ့ညီရေ။ ကိုယ့်မိသားစု အသက်ရှင်ဖို့အရေးက အဓိကဖြစ်နေတဲ့အချိန် ကယ်ပါယူပါလို့ အော်ဟစ်အကူအညီတောင်းနေတဲ့ မျက်စိရှေ့က ကိုယ့်ရွာသားတွေ၊ ကိုယ့်ဆွေမျိုးသားချင်းတွေအတွက် မိုးရေနဲ့အတူ မျက်ရည်ကျရုံကလွဲပြီး ဘာတတ်နိုင်မှာလဲ ငါ့ညီ။ မြစ်ပြင်ပေါ်မှာ ကူးခတ်လာရင်း အုန်းပင်တပင်တွေတာနဲ့ ကလေးတွေကို အမိအရဆွဲပြီး၊ အုန်းပင်မှာ လက်ပြုတ်မတတ် တွဲခိုထားခဲ့တယ် ငါ့ညီ။ ညမှောင်လေလေ ပိုပြီးပြင်းထန်လာလေလေဖြစ်တဲ့ အဲဒီနာဂစ်မုန်တိုင်းကို ကျိန်ဆဲရင်း လက်မပြုတ်အောင် မြဲမြဲကိုင်ထားခဲ့ရတယ်။

ဒါပေမယ့် ငါ့ညီ ဒါပေမယ့် …..

၁၀ ပေ၊ ၁၂ ပေ အမြင့်လောက်ရှိတဲ့ လွန်းတွေ (လှိုင်းလုံးတွေ) အဆက်မပြတ်အရိုက်ခံရတဲ့ အကိုတို့မိသားစု၊ နာရီ ၆ ပတ် (၆ နာရီကြာ) ခံခဲ့ရတာဆိုတော့ သစ်ပင်ကနေ ပြုတ်ထွက်ပြီး၊ လှိုင်းနဲ့အတူ မျှောသွားခဲ့တယ်ငါ့ညီ။ အကို … ကလေးတွေအတွက် အရမ်းစိတ်ပူသွားပြီး၊ ချက်ခြင်းသူတို့နောက်ကို ကူးခတ်ပြီးလိုက်ခဲ့တယ်ငါ့ညီ။ မြစ်ရေနဲ့အတူ မှောက်ရက် မျှောပါလာတဲ့ သမ္မာန်လေးတစင်းတွေ့တာနဲ့ ကလေးတွေကို အဲဒီပေါ်ဆွဲတင်၊ အားသွန်ခွန်စိုက်ကူးခတ်ပြီး အနားမှာတွေ့တဲ့ သစ်ပင်တစ်ပင်နဲ့ တွဲပြီးကြိုးချည်ထားလိုက်တယ် ငါ့ညီ။ မင်းအမကို လှည့်ကြည့်လိုက်တော့ မောပန်းပြီး မကူးမခတ်နိုင်ဖြစ်နေတာနဲ့ သွားကူပြီး လှေအရောက် ပြန်ဆွဲခေါ်လာရတယ်ငါ့ညီ။ ဒါပေမယ့်ကွာ အမှတ်မထင် ၀င်ရောက်လာတဲ့ လှိုင်းလုံးကြီးတစ်ခုက ငါ့ကို အပြင်းရိုက်လိုက်တာ ငါလည်း လွင့်မျောသွားပြီး၊ အပင်တခုနဲ့ ၀င်ဆောင့်မိတယ် ငါ့ညီ။ ငါ့ခေါင်းထဲ မိုက်ကနဲဖြစ်သွားပေမယ့် သား၊ သမီးဇောနဲ့ ကူးခတ်ခဲ့တယ်။ ဒါပေမယ့်ကွာ …

မင်း တခေါက် မြန်မာပြည်ကို အလည်ပြန်လာတုန်းက မင်းတွေ့ခဲ့တဲ့၊ မင်းချစ်ခဲ့တဲ့ ငါ့ သားနဲ့ သမီး။ မင်းကိုတိုင် ကြီးလာရင် နိုင်ငံခြားမှာ ကျောင်းထားပေးမယ်ဆိုတဲ့ ကလေးတွေ၊ မုန်တိုင်းနဲ့အတူ လွင့်မျှောပျောက်ကွယ်သွားတာကို ငါ မင်းကို ဘယ်လို ပြောရမလဲကွာ။ ငါ ဘယ်လောက် ခံစားနေရလည်းဆိုတာ ဘယ်လို စကားလုံးတွေနဲ့ မင်းကို ရေးပြရမလဲ။ ခံစားချက်ဆိုတာ ကိုယ်တိုင်ကြုံဖူးမှသိလိမ့်မယ်ငါ့ညီ။ သူများကလေးတွေတွေ့တိုင်း၊ ကိုယ့်ကလေးရယ်လားလို့ လိုက်ကြည့်ရတဲ့ အကိုအဖြစ်၊ စေတနာရှင်တွေ လှူဒါန်းခဲ့တဲ့ ပစ္စည်းတွေထဲက ကလေးဝတ်စုံလေးကိုတွေ့တိုင်း ကြေကွဲနေရတဲ့ အကိုအဖြစ်၊ ဒါတွေ ထားလိုက်ပါတော့ ငါ့ညီရယ်။

အခုအချိန်မှာ …. အကို့သားသမီးတွေကိုသာ အသက်ရှင်ရက်နဲ့ ပြန်တွေ့ရဖို့အတွက် အကို့အသက်ကိုပေးအပ်မှ ဖြစ်မယ်ဆိုရင်တောင် အကို ဒူးထောက်ပြီးစောင့်နေပါတယ်လို့ ….

ဒါပေမယ့် တခုတော့ ဆုတောင်းမိတယ် ငါ့ညီ။ ဖြစ်လေရာ ဘ၀တိုင်းမှာ သူတို့လေးတွေ လူနေမှု နိမ့်ပါးတဲ့၊ အန္တရာယ် များပြားတဲ့ ဒီလိုဒေသမှာ၊ အကိုတို့လို တံငါသည် မိသားစုမှာ လူဖြစ်ခွင့်မကြုံပါစေနဲ့လို့။ တခုလည်းပြောပြချင်ပါတယ် … အဖေကို့ သူတို့ခွဲသွားပေမယ့် အဖေ့ရင်ထဲ၊ အဖေ့သွေးထဲ၊ အဖေ့အတွေးထဲ အမြဲတမ်းရှိနေတယ်ဆိုတာကိုပါ …။

စာလည်းရှည်ပြီငါ့ညီ၊ မင်း အကို့ဆီကို စာပြန်ရေးချင်တယ်ဆိုရင် -

ဦးဇင်း ပဏ္ဍိတ
ရွာဦးကျောင်း
---------- ကျေးရွာ
---------- မြို့နယ်အပိုင်၊
ဧရာဝတီတိုင်း၊ မြန်မာပြည် ……… လို့ လိပ်မှုလိုက်ပါကွယ်။

(၀ဋ်ကြွေးရှိသမျှ ဒီဘ၀မှာပဲ ကျေပါစေ ဘုရား)

ရုပ်ဆိုး (၁၆ မေလ၊ ၂၀၀၈ / ၁၇း၄၁ တွင် ပြီး)

ဆက်ဖတ်မယ်ဆိုရင်...

Wednesday, May 28, 2008

နာဂစ်ရှေ့မှာ ဦးမော့ခြင်း

မေလ (၂၃)ရက်နေ့မှာ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ဖျာပုံ အထိသွားရောက် လှူဒါန်းပြီးပြန်လာတော့ အားလုံးရဲ့ရင်ထဲမှာ အလိုမကျမှုတွေ ကိန်းအောင်းပြီးပြန်လာခဲ့ရတယ်။ အလိုမကျမှုဆိုတာ ”ဒီလူတွေလောက်ပဲ လှူဒါန်းပြီး တာဝန်ကျေပြီလားဆိုတာပါ”။ မကျေနပ်ဘူး။ နောက်တကြိမ် .. နောက်တစ်နေရာကိုသွားကို သွားဦးမယ်။
ဒီလိုပဲ စိတ်ပိုင်းဖြတ်လိုက်ကြတယ်။ ပြန်ရောက်ပြီး နောက်တနေ့ မုန်းတိုင်းခံ ဒေသက လူတစ်ယောက်ရယ်၊ ရုံးကလူတစ်ယောက်ရယ် လေ့လာရေးခရီးအရင်သွားတယ်။ သူတို့ပြန်လာတာနဲ့ ဘယ်ရွာသွားမယ် ...၊ ဘာတွေလှူမယ်ဆိုတာကို ၀ိုင်းဝန်းစဉ်းစားလိုက်တယ်။ ပြီးတော့ ၀ယ်တယ်၊ ထုပ်ပိုးတယ်၊ ကားငှားတယ်၊ .......၊ ......၊ .....၊ ..... တယ်။ ကဲ တော်တော်များများစုံပြီ။ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ၊ ဆေး၊ ဖိနပ်၊ အမိုးအကာ၊ စားစရာ၊ သဘက်၊ ... စတာတွေဝယ်ပြီးပြီ။ မနက်ဖြန်မနက် ၆း၀၀နာရီ စထွက်မယ်။ ကားနဲ့ ကွမ်းခြံကုန်းအထိသွားပြီး၊ အဲဒီကနေတဆင့် မော်တော်နဲ့ ၁း၃၀ လောက်ဆက်သွားရင် ရောက်ပြီ။ ပြန်လာမှ ပုံတွေ တင်မယ်ဗျာ။ မိုးထဲရေထဲ သွားရမှာဆိုတော့ ရန်ကုန်သားတွေ နည်းနည်းတော့ကြောက်တယ်။ ဒါပေမယ့် နာဂစ်ရှေ့မှာ ဦးမော့လို့ ရောက်အောင်ကိုသွားမယ်။

ဆက်ဖတ်မယ်ဆိုရင်...

Saturday, May 10, 2008

သေအတူ ရှင်မကွာ ...

သူငယ်ချင်းတယောက်ရဲ့ အညွှန်းအရ နိုင်းနိုင်းစနေ ရဲ့ blog ကို ၀င်ကြည့်တဲ့အခါ အရမ်းကြေကွဲစရာကောင်းတဲ့ ပုံလေးတပုံကိုတွေ့ခဲ့တယ်။ နိုင်းနိုင်းစနေ ပြောသလိုပါပဲ ”ကရုဏာမျက်လုံးနဲ့ကြည့်ပါ ... ကြောက်စရာမကောင်းပါဘူး ...”အမေတယောက်က သူ့ကလေးတွေ လေနှင့်အတူ လွင့်ပါမသွားအောင် လက်တွေကို ကြိုးနဲ့ခိုင်အောင်ချည်နှောင်ပေးထားခဲ့ပေမယ့် ...အားလုံးအတွက် ဓါတ်ပုံလေးကို ပြန်တင်ပေးလိုက်ပါတယ်။



ဒီနေရာမှာ ”ကိုယ့်ကလေးတွေသာဆိုရင်” ဆိုတဲ့ အတွေးမျိုး ကျနော် တွေးကြည့်မိတဲ့အခါ ... ... ;::(

ဆက်ဖတ်မယ်ဆိုရင်...

Friday, May 9, 2008

ကျေးဇူးရှင်များသို့ ဦးညွတ်လျှက်

ကျေးဇူးရှင်များသို့ … …

ဘ၀မှာ မိစ္စာစိတ် မများ
မုဒိတာစိတ် အမြဲပွားတဲ့
ကျေးဇူးရှင် လယ်သမားများကိုမှ
နာဂစ်မုန်တိုင်းက ၀င်မွှေ
အိုးအိမ်တွေမဲ့၊ အသက်တွေပျက်လို့
ခိုကိုးရာက မဲ့၊ စားစရာက ချို့တဲ့
မိသားစုတွေ တ၀က်တပျက်
ဘယ်လို ကံကြမ္မာမျိုးကြောင့်လည်းကွယ် …။

မှောင်မှောင်မဲမဲ ညနက်ကြီးထဲ
ပြေးစရာမြေမရှိ
ရေအတိပြီးနေတဲ့ ကုန်းမြေမှာ
မုန်တိုင်းက အော်
လူတွေက တကြော်ကြော်နဲ့
ညမြင် မနက်ပျောက်
လောကဓံရဲ့ လှိုင်းတံပိုးအောက်မှာ
အသက်ပျောက်ခဲ့ရတာ
ဘယ်လို ကံကြမ္မာမျိုးကြောင့်လည်းကွယ် …။

လူသားတွေရဲ့အဟာရ
ဆန်စပါး စိုက်ပျိုးမယ်ဟလို့
ထွန်ရေးပြခဲ့တဲ့ လယ်တစ်ကွက်
မနက် နေထွက်တော့ ဘယ်မလဲ ...
ထွေးညိုရေ …၊ အရီးတုတ်ရေ …၊ ဘကြီးမြရေလို့
တကြော်ကြော် အော်ဟစ်
အသံတွေ ကုန်ရစ်လည်း
ပြန်ထူးသံမကြား
သုသာန်တစပြင် အလားပဲလေ ...။

နီနာပဲဖြစ်ဖြစ်၊ မာလာပဲဖြစ်ဖြစ်၊ နာဂစ်ပဲဖြစ်ဖြစ်
နောက်တကြိမ် လာခဲ့မယ် ဆိုရင်တော့ဖြင့်
မြို့ပြရဲ့ အလှ ပျက်သုန်းပါစေ …
ဇိမ်ခံပစ္စည်းတွေ ပျက်စီးပါစေ …
ဦးကြီးတို့ရဲ့ အသက်
ဦးကြီးတို့ရဲ့လယ်တကွက်နဲ့
ပြုံးပြုံးကြီး ဖလှယ်ရက်ပါတယ် …။

ရောက်လေရာဘုံဘ၀မှာ
ဆိုးကြိုးတွေဘေးရှောင်
ကောင်းမှုတွေ တပွေ့တလှောင်နဲ့
သုခကိုခံစား ဘုံအမြင့်မှာ စံစားပါစေလို့
မြတ်ဘုရားရှေ့မှာဦးခိုက်
ဆုတောင်းလိုက်ပါတယ်ဗျာ …။
ရုပ်ဆိုး (၉-၅-၀၈)
အထက်ပါ ဓါတ်ပုံအား
media.theaustralian မှ ကူးယူဖော်ပြပါသည်။

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, May 6, 2008

ဒုက္ခိတ ပျားတုတ်တဲ့နေ့ (မေလ ၂-၃၊ ၂၀၀၈ ခုနှစ်)

“ဒုက္ခိတ ပျားတုတ်တယ်“ဆိုတဲ့ စကားပုံလေးကို အမှတ်မထင်ရှိခဲ့တာ အမှန်ပါ။ ဒါပေမယ့် လက်တွေ့ခံစားလိုက်ရတဲ့အချိန်မှာ ဘယ်လိုပြန်ပြောရမလဲဆိုတာ မသိခဲ့ရိုးအမှန်ပါ။ မုန်တိုင်းသတင်းကို ကြိုတင်သိပေမယ့် တခါမှမကြုံဖူးတော့ ည ၈း၃၀ လောက်မှ အိမ်ကိုပြန်ဖြစ်တာပါ။ နာဂစ် တော့ မလာဖြစ်တော့ပါဘူးလို့ ထင်ပြီး၊ စောစောအိပ်ယာဝင်ခဲ့တာပါ။ ဒါပေမယ့် လာမယ့် လာတော့လည်း မတိမ်းမစောင်း ဗိန်းမောင်းနဲ့ပါ။ တစ်ညလုံး ငုတ်တုတ်ထိုင်နေရပြီး၊ မျက်စိနှစ်လုံးမပိတ်ရဲလောက်အောင်ပဲ။ တချက် တချက် သွက်သွက်ခါသွားတဲ့ ၆-ထပ်တိုက် အပေါ်ဆုံးမှာ ဘယ်မှမသွားရဲ၊ မလာရဲနဲ့ပါ။ ကိုယ် ကိုယ်တိုင်ကြောက်လန့်ခဲ့ပေမယ့် ကိုယ်ကို အားကောင်းမောင်းသန်ကြီးဆိုပြီး အထင်ကြီးပြီး မှီတွယ်နေတဲ့ ဇနီးမယားနဲ့ သမီးသားတို့ရှေ့မှာ ဟန်လုပ်ကာနေ နေခဲ့ရပြီး။ ထ တောင် မထရဲခဲ့ဘူး။ (ထလိုက်ရင် ဒူးတုန်နေတာ လူမိသွားမှာစိုးလို့ :) ) အခုမှ ရယ်နိုင်တာပါ။ နောက်မှ ဆက်ပြီး ပုံနဲ့တကွ တင်အုံးမယ်။ အခုတော့ Myanmar Teleport ကိုယ်တိုင် နာဂစ် စာ မိထားတာဆိုတော့ ဖွတ်ချက်၊ ဖွတ်ချက် connection လေးနဲ့မို့ ...............

ဆက်ဖတ်မယ်ဆိုရင်...