Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, September 12, 2008

ဆယ်ရက်နှင့် ကျနော် နပမ်းလုံးခြင်း ...

ဒီနေ့ .... စိတ်ကူးကမ္ဘာလေးထဲက ညီမငယ် ဝေလေး က ကိုရုပ်ဆိုး ဘ၀မှာနေထိုင်ဖို့ (၁၀)ရက်ပဲကျန်တော့ရင် ဘာတွေလုပ်မလဲတဲ့ .... အမေးရှိလာတော့လည်း၊ အဖြေရှိရမှာပေါ့ ....။ အသက် (၃၀)ကျော်လာတဲ့အထိ ဘ၀မှာ ဘာမှ ရေရေရာရာ မလုပ်လာတဲ့လူက (၁၀)ရက်ပဲကျန်ရင် ဘာလုပ်ရမလဲဆိုတဲ့ မေးခွန်းကို ဖြေဖို့ တော်တော်ကြိုးစားရတယ်။ ကိုယ့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်း ဘလော့ဂ်ဂါတွေကိုလည်း အာဖျံကွီး မလုပ်ချင်ဘူး။ ညီငယ် ရင်တွင်းဖြစ်မောင်မျိုး လို နေ့စဉ် ဘာလုပ်ရမယ်ဆိုတာလည်း မသိဘူး ဖြစ်နေပြန်တယ်။ လူတွေ ငယ်ကျပေမယ့် အရာရာကို (သေခြင်းတရားကိုတောင်) ရင်ဆိုင်ဖို့ အစီအစဉ်ဆွဲနိုင်တဲ့ ဒီလိုကလေးတွေကို အားကျမိပါရဲ့ ...။
ကဲ အောက်မှာ ဆက်ဖတ်ပါဗျာ ...။ အဖြေက နည်းတယ်ဆိုရင်တောင်မှ ရင်ဘတ်ထဲက၊ နှလုံးသားထဲက ဆန္ဒအတိုင်း ရေးထားတာလို့ နားလည်ပြီး ဖတ်ပေးကြပါဗျာ ...။

မသေခင် (၁၀)ရက်စလုံး ..........
(၁) အမေ့ဆီသွားပြီး အမေ့ရဲ့ ပေါင်ပေါ်မှာ (သို့မဟုတ်) လက်မောင်းပေါ်မှာ တရေးလောက်ဖြစ်ဖြစ် သွားအိပ်မယ်။ အမေကို နင်းပေး၊ နှိပ်ပေးမယ်။ (တခါတရံမှ လုပ်ပေးဖြစ်တဲ့ကိစ္စမို့ .. မသေခင် (၁၀)ရက်လုံး လုပ်ပေးချင်တာ။)

(၂) ည အိပ်ယာဝင်တိုင်း ကျနော့ရဲ့ နေတိုင်းလုပ်နေကျဖြစ်တဲ့ ဘုရားဦးတင်ခြင်း (ဘုရားစာရွတ်ပြီးရှိခိုးတာမဟုတ်) ကိစ္စလုပ်မယ်။ ဒီနေရာမှာ တစ်ခုဖြတ်ပြောပါရစေ ... ကျနော်က အရက်သောက်ပြီး အိပ်ယာဝင်မယ်ဆိုရင်တောင် ဘုရားဦးချတယ် (အနန္တော၊ အနန္တငါးပါးကို ရှိခိုးဦးတင်ပါ၏။ ၇-ရက်သားသမီးများ ကျန်းမာ၊ ချမ်းသာကြပါစေ ဆိုပြီးတော့ ကန်တော့တယ်။)။ အမျိုးသမီးကတောင် နင် အရက်သောက်လာတဲ့ ပါးစပ်နဲ့ ဘုရားရှိခိုးတာ စိတ်ထဲဘယ်လိုမှ မနေဘူးလားတဲ့။ (ကျနော်ကတော့ ဆိုင်တယ်မထင်။ အရက်သောက်တာ သက်သပ်၊ ဘုရားရှိခိုးတာ သက်သပ်၊ မဟုတ်ဘူးလားဗျ ...နော့) အဲဒီမှာ တစ်ခုဖြည့်စွက်ပြီး “ခင်ပွန်းကြီး (၁၀)ပါးအား ပြစ်မှားမိတဲ့ အပြစ်များရှိခဲ့ရင် ရှိခိုးဝန်ချတောင်းပန်အပ်ပါသည်”လို့။

(၃) အလုပ်ချိန်ပြီးလို့ အိမ်ပြန်ရမယ့်အချိန်မှာ အရင်လို ဝေလေလေမလုပ်တော့ပဲ၊ အိမ်စောစောပြန်မယ်။ ကျနော့ရဲ့ သားလုပ်ချင်တာတွေ၊ သမီးလုပ်ချင်တာတွေ၊ ကျနော့အမျိုးသမီး ဖြစ်ချင်တဲ့ဆန္ဒတွေ အကုန်လုပ်ပေးမယ်။ အကြွေးဆပ်မယ်ဆိုတဲ့ သဘောပေါ့ဗျာ...။ သားသမီးတွေကို ဘ၀ကို ဘယ်လိုရင်ဆိုင်ရမယ်၊ တွေ့ကြုံလာတဲ့ ဒုက္ခတွေကို ဘယ်လိုကျော်ဖြတ်ရမယ် စသဖြင့် ညတိုင်း ပို့ချချက်တွေ ပေးမယ်...။
ပုံမှန်မဟုတ်လို့ အိမ်က ဘာဖြစ်လဲလို့ မေးလာရင်တော့ ဘယ်လိုဖြေရမယ်မသိ ... :)

(၄) ကျန်ရှိနေသေးတဲ့ ဘလော့ဂ်အကြွေးတွေကို ကုန်အောင်ဆပ်မယ် .. (ဥပမာ ... Buddhist Terms Dictionary ကို ပြီးပြတ်အောင်တင်တာမျိုး၊ “ဒို့မြန်မာပြည်”ဆိုပြီး ဖွင့်ထားတဲ့ ဘလော့ဂ်မှာ ကိုယ်သိထားတဲ့၊ ကိုယ့်အိမ်မှာ ရှိတဲ့ သမိုင်းစာအုပ်တွေကိုးကားပြီး လာဖတ်သူတွေ နည်းနည်းစိတ်ကျေနပ်လောက်တဲ့အထိ တင်ခဲ့မယ်။) အခုတော့ ဖွင့်ပြီးကတည်းက ၀င်တောင် မ၀င်နိုင်သေးဘူး။ :(

(၅) အခု သွားရောက်လှူဒါန်းနေတဲ့ ရွာကလေးမှာ စာကြည့်တိုက် (၁)ခု လုပ်ပြီး၊ ကိုယ့်မှာရှိနေတဲ့ စာအုပ်၊စာတမ်း တချို့ကို သွားထားပေးထားမယ်။ (တချို့က သားသမီးတွေအတွက် အမွေ ပေါ့) ဗဟုသုတ ရစေမယ့် စာအုပ်ကလေးတွေပါ ၀ယ်ပြီးတော့ပေါ့...။

(၆) ကဲ ... သူငယ်ချင်း ဘလော့ဂ်ဂါများ၊ သူငယ်ချင်းကကော ကိုယ်မသေခင် (၁၀)ရက်မှာ ကိုယ်က သူငယ်ချင်းအတွက် ဘာလုပ်ပေးစေချင်လဲ။ အတတ်နိုင်ဆုံး ကိုယ် ဖြည့်ဆည်းပေးသွားအုံးမယ်။

ဟုတ်ပြီဗျာ ...(၁၀)ရက်ပြည့်လို့ သေမယ်ဆိုရင် ပြုံးပြုံးကြီးသေချင်တာဗျ (နဂိုက ရုပ်ဆိုးရတဲ့အထဲ ရှုံ့မဲ့ပြီး မသေချင်ဘူးဗျ)။ ဒါပေမယ့် ဘယ်လိုသေမယ်မှန်းမှ မသိတာ ... ဟုတ် တယ် ဟုတ်။


ကျနော်လည်း အောက်ပါသူငယ်ချင်းတွေဆီကနေ သိချင်တယ်ဗျာ...။
၁) အတွေးအရေးကောင်းတဲ့ ရွာသားလေး-၀ိုင်တီယူ
၂) ရွှေပြည်သူ (အလုပ်အားမှ ရေးပေးပါညီမငယ်...)
၃) ညီမငယ် မေမိုး

ကိုရုပ်ဆိုး
၁၂ စက်တင်ဘာ၊ ၀၈ (၁၇း၁၂ မိနစ်)

ပုံနှိပ်စာလုံးရယူရန်

5 comments:

  1. မြန်ချက်.. အဟဲ အကြွေးမထားဘူးပေါ့နော် အစ်ကိုကြီးး
    စိတ်ကူးလေးတွေသိရတာဝမ်းသာတယ်.. ရေးပေးတာကျေးဇူးနော် :)

    ReplyDelete
  2. ဟုတ်ပါ့ ဒို့ အစ်ကိုကြီး တော်ချက်ကတော့ ဒီနေ့ ဆို ဒီနေ့ ပဲရေးပေးတာ တော်မှတော်း) အရက်သောက်တာ သက်သပ်၊ ဘုရားရှိခိုးတာ သက်သပ်၊ မဟုတ်ဘူးလားဗျ ဆိုတော့ ထောက်ခံတယ် ဟုတ်တာပေါ့ဗျ ဟီးး အစ်ကိုတွေးထားတာလေးတွေ ပျော်စရာကြီး တကယ်သေရမယ်ဆိုလည်း အဲ့လိုလေးတွေ ဖြစ်ခွင့်ရ ဘယ်လောက်ကောင်းမလဲနော့် ဟုတ်ဘူးလားဗျ :P

    ReplyDelete
  3. ကိုရုပ်ဆိုးရေ ၊၊ ဆန္ဒအတိုင်း ရေးရလို့ တော်တော်ခက်မယ်ဗျာ၊၊
    အမိန့်ကျထားသူတွေရဲ့ နောက်ဆုံး တောင့်တမှုတွေ လိုပေါ့ဗျာ ၊၊
    ဖတ်သွားပါတယ်ဗျာ ၊၊

    ReplyDelete
  4. ဒီ TAG လေးက တန်ဖိုးရှိတယ်ဗျာ။ လူဆိုတာ ကွေးသောလက်မဆန့်မီလေ။ လိုချင်တာတွေအများကြီးထဲက အလိုချင်ဆုံး၊ အဖြစ်ချင်ဆုံးတွေကို သေချာစိစစ်ဖို့လိုတယ်။ ဒါက ၁၀ ရက် ဆိုတာသိလို့လေ။ မသိရင်ဘယ်လိုလုပ်မလဲ။ ဘယ်တော့ အက်ဆီးဒင့်နဲ့သေမယ်ဆိုတာ ဘယ်သူက သိနိုင်လို့လဲ။ အချိန်လေးတွေတန်ဖိုးထားနိုင်ကြပါစေဗျား။

    ReplyDelete
  5. အမှန်အတိုင်းပြောရရင် မသေခင် ၁၀ရက်ဆိုတာ တစ်ခါမှ မစဉ်းစားဖူးဘူး။
    ကိုယ်မှကြိုမသိတာနော်။ လာခေါ်တော့လည်း လိုက်သွားမယ်လို့  ပေါ့ပေါ့လေးပဲ တွေးမိတယ်။ ဒီကြားထဲတော့ ကိုယ်လုပ်စရာရှိတာ လုပ်နေမှာပေါ့။ ဒါပေမယ့် ဒီပို့ စ်လေးဖတ်မိတော့ ကိုယ့်မှာပြင်ဆင်စရာ
    အများကြီးလိုနေသေးပါလားလို့ ...............................................။

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။