Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, October 6, 2008

ပီတိ တစ်ထုပ်ရယ် ... ငါးတစ်ကောင်ရယ် ... ကိုရုပ်ဆိုးရယ်

ဘလော့ဂ်ဂါသူငယ်ချင်းများ ...
ကျနော့ သူငယ်ချင်းများရဲ့ ပို့သတဲ့မေတ္တာကြောင့် ကိုရုပ်ဆိုးတစ်ယောက် လမ်းခရီးချော့မွေ့စွာနဲ့ ရန်ကုန်သို့ ကောင်းမွန်စွာ ပြန်လည်ရောက်ရှိလာပြီခင်ဗျား ...။

အားလုံးရဲ့မျက်စိထဲ ခရီးစဉ်လေးကိုမြင်သာ ထင်သာဖြစ်သွားအောင် ကျနော်ပြောပြမယ်။ စနေနေ့ (၀၄-အောက်တိုဘာ-၀၈)က ကျနော် မနက် ၅း၀၀နာရီလောက် အိပ်ယာကထပြီး၊ ၀၅း၄၅မိနစ်မှာ Bus ကားစီးပြီး ပန်းဆိုးတန်းဆိပ်ကမ်းကိုသွားတယ်။ ၀၆း၀၀နာရီမှာ ဖယ်ရီဘုတ် (ရန်ကုန်-ဒလ)က စထွက်ပြီး ၁၀မိနစ်လောက်စီးပြီးတာနဲ့ ဒလဘက်ကမ်းရောက်သွားတာ။ အဲဒီမှာပဲ မနက်စာကို ထမင်းကြော်နဲ့ လဘ္ကက်ရည်တစ်ခွက် စားသောက်ပြီး၊ ၀၆း၄၅ လောက်မျာ ကျနော် လိုင်းကား (ဗန်ကား)နဲ့ ဒေးဒရဲကို သွားတာ။ ကားခက တစ်ယောက်ကို ခေါင်းခန်း ၄၀၀၀ကျပ်၊ အလယ်ခန်း ၃၀၀၀ကျပ်၊ နောက်ခန်း ၂၀၀၀ကျပ်နှုံးဗျ။ လမ်းမှာ တွံတေး၊ ကော့မှုး၊ ကွမ်းခြံကုန်းစတဲ့ ရန်ကုန်တိုင်းပိုင်မြို့နယ်တွေကိုဖြတ်သွားပြီး၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကို ဆက်စပ်ပေးထားတဲ့ ဒေးဒရဲတံတားကို ကျော်ဖြတ်ပြီး မနက် ၈း၃၀ လောက်မှာ ဒေးဒရဲကို ရောက်တယ်။ အခု လမ်းတွေက တစ်ခါသွား တစ်ခါဆိုးနဲ့ ကြုံနေရတယ်။ မိုးတွင်းဆိုတော့ ချိုင့်တွေအကြီးကြီးပဲ၊ ပုံမှန် လိုင်းကားတွေ ရန်ကုန်-ဒလကို ၁-နာရီ ၁၅မိနစ်မောင်းတာ အခု ၁-နာရီ ၄၅-မိနစ်လောက်မောင်းရတယ်။ ကျနော် ဒေးဒရဲရောက်တော့ ဆိုက်ကားနဲ့ သစ်ဆိုင်တွေကိုသွား အရင်ကျန်ရှိတဲ့ ငွေတွေကိုချေ၊ နောက်ဝယ်မယ့်သစ်စာရင်းတွေလုပ်နဲ့ ၁၀နာရီ ကျော်ကျော်လောက်မှာ ရွာကလာကြိုတဲ့လှေရောက်လာတာနဲ့ ရွာကိုသွားတယ်။ ပုံမှန်အားဖြင့် ၄၅-မိနစ် သို့ ၁-နာရီလောက် မြစ်ကြောင်းအတိုင်းသွားရတယ်။ ရေတက်၊ ရေကျပေါ်မူတည်တာပေါ့။ ရာသီဥတုကတော့ သာယာလျက်ပါပဲ။ ရွာကိုရောက်ရောက်ချင်း သူတို့ဆောက်လုပ်နေတဲ့ လှေဆိပ်နဲ့ နားနေဆောင်ကို ဓါတ်ပုံရိုက်၊ အဲဒီကလူတွေနဲ့ စကားစမြည်ပြောပြီး ရွာထဲကို သဲအိတ်တွေခင်းထားတဲ့ တာရိုးပေါ်ကနေ လမ်းလျှောက်ဝင်သွားတာပေါ့။ တွေ့သမျှလူတွေ၊ အိမ်တွေကို အော်ဟစ်နှုတ်ဆက်ပြီးပေါ့။




ကျနော်တို့သွားတိုင်း အမြဲတမ်းတည်ခိုနေကျအိမ်လေးကိုရောက်တော့ လှေ ၂-စီးတည်ဆောက်ဖို့နဲ့ လိုအပ်တာလေးတွေကို ရွာကလူတွေနဲ့ ဆွေးနွေးကြတယ်။ ပြီးတော့ နောက်ထပ် လှေ လိုအပ်တဲ့လူတွေစာရင်းကိုလည်း တစ်ခါတည်း မှတ်ခဲ့လိုက်တယ်။ နောက်အလှူရှင်တွေရလာတဲ့အခါ သူတို့ကို လှူအုံးမလို့။ လှေတစ်စီးက သစ်ဖိုးနဲ့ လက်ခပေါင်း ၂သိန်းခွဲလောက်ကုန်မှာ၊ တပ်မယ့်အင်ဂျင်ရယ်၊ ရှပ်တန်း+အထိုင်ရယ်က ၂ သိန်းကျော်ကျော်လောက်ကုန်မှာ။ ဆောက်မယ့် လှေပုံစံက အောက်က ဓါတ်ပုံထဲက အလယ်ကလှေလေးအတိုင်းပါ။ ၁၈ ပေအရှည်၊ လှေဝမ်းအကျယ်က ၂ပေ ၇လက္မ၊ အပေါ်ဗျက်အကျယ်က ၃ပေခွဲ ရှိတယ်။ ပုံမှန်အားဖြင့် လူ ၈-ယောက်လောက် အသာလေးစီးလို့ရတယ်။ ဆန်အိတ်ဝန်အနေနဲ့ပြောမယ်ဆိုရင် တစ်တင်းခွဲအိတ် ၃၀ လောက် အသာလေးတင်လို့ရတယ်။



သူတို့နဲ့ဆွေးနွေးအပြီးမှာ ... ရွာလယ်မှာရှိတဲ့ ဆောက်လက်စကျောင်းလေးကို ဓါတ်ပုံသွားရိုက်တယ်။ အမိုးရယ်၊ အခင်းရယ် ပြီးပြီ၊ အချောသတ်နေတာရယ်၊ ကာမယ့်ထရံကို ရွာသားတွေကိုယ်တိုင် ခရောင်းဝါးနဲ့ ရက်နေလို့ အပြီးမသတ်သေးတာ။ နောက်အပါတ်လောက်ဆိုရင် အလုံးစုံပြီးပြီ။ ကျောင်းရဲ့ပါတ်လည်မှာလည်း အရိပ်ရမယ့်အပင်တွေစိုက်ထားတယ်။

အဲ ... တစ်ခုပြောဖို့ ကျန်သေးတယ်။ ကျောင်းရှိရာကိုမသွားခင်၊ ထမင်းစားခဲ့သေးတယ်။ စားကောင်းတယ်ဗျ။ ဘဲဥမွကြော်ရယ်၊ ၀က်သားဟင်းရယ်၊ ငါးဒန်ဟင်းရယ်၊ ငပိရည် အတို့အမြုပ်နဲ့ပေါ့။ ထမင်းစားပြီးလို့ လေတဖြူးဖြူးနဲ့ မျက်လုံးက စင်းလာပေမယ့် အိပ်ဖို့အချိန်မရှိတော့တာကြောင့် ကမန်းကတန်းပဲ အထုပ်ဆွဲပြီးထွက်ရတာပေါ့။



ပြီးတော့ .... ဆရာမနဲ့ ကျောင်းသား/သူလေးတွေဆီကိုသွားပြီး၊ ၀ယ်လာတဲ့ မုန့်လေးတွေကို ဝေ၊ ပြီးတော့ သူတို့အားလုံးကို ဓါတ်ပုံရိုက်လာခဲ့တယ် (နောက်တစ်ခေါက်သွားမှ အဲဒီ ဓါတ်ပုံလေးကို ပေးရမယ်)။ ပြုံးပျော်နေတဲ့ ကလေးတွေကို စလိုက်၊ နောက်လိုက်နဲ့ သူတို့ ဘာတွေလိုအပ်သေးလဲလို့ မေးမြန်းတဲ့အခါ “ဗလာစာအုပ်ရယ်၊ ခဲတံရယ်၊ ပုံဆွဲစာအုပ်ရယ်”လိုတယ်တဲ့။ နောက်တစ်ခေါက် ဦး လာရင်၊ ၀ယ်လာခဲ့မယ်နော်ဆိုတော့ သံပြိုင်ပါပဲ “ဟုတ်”တဲ့။



ကျနော်လည်း အားလုံးကိုနှုတ်ဆက်၊ လှေပေါ်တက်ပြီးရွာက ပြန်ထွက်တော့ ၂-နာရီ ကျော်နေပြီ။ ဒေးဒရဲရောက်တာနဲ့ “သမာဓိ”သစ်ဆိုင်ကိုဝင်၊ သစ်ဖိုးငွေရှင်း၊ သင်္ဃန်းသားသစ်တွေကိုစစ် (အမှန်က ကိုယ်လည်း သစ်အကြောင်း မသိ၊ နားလည်သလိုလိုနဲ့ ... အမ, သစ်တွေက အနာအဆာကင်းပစေနော်၊ လှေလုပ်မှာ အရေးကြီးတယ်၊ ရေလည်ကျမှ မြုပ်လို့မဖြစ်ဘူးဗျ ... ဘာညာဆိုပြီး ခပ်တည်တည်နဲ့ ဖြီးခဲ့တယ် ဘာရမလဲ ... ရုပ်ဆိုးပဲဟာ :)) ပြီးတော့ ဒေးဒရဲမြို့ထဲပါတ်ပြီး လိုအပ်တဲ့ အောက်ခံသုတ်ဆေး၊ မူလီ၊ ရေနံချည်း၊ ပွဲညှက် စတာတွေကိုဝယ်ပေးလိုက်တယ်။ ပြီးတော့ လိုအပ်မယ့် လက်သမားပစ္စည်းလေးတွေကိုလည်း ၀ယ်ခဲ့ပေးသေးတယ်။ ဘော်ဒါနေတဲ့ ၁၀-တန်းကျောင်းသူလေးကို ဓါတ်ပုံသွားရိုက်မလို့ပါပဲ။ အချိန်ကလည်းနည်း၊ သွားရင်းလာရင်း ကားဂိတ်က ကားတစ်စီးက ကျနော့်ကို လိုက်ရှာနေတာတွေ့တာနဲ့ ရန်ကုန်ကို ပြန်လာခဲ့ရတယ်။

ဒေးဒရဲမှာက ညနေ ၃း၀၀နာရီဆိုရင် လိုင်းကားဂိတ်က ပိတ်ပြီ။ လူရမှ ကားထွက်တာ။ အဲဒီတုန်းက အချိန်က ၄း၀၀နာရီ၊ လူက ၃-ယောက်ကအသင့်စောင့်နေတယ်ဆိုတော့၊ ကားဆရာက ဒေးဒရဲမြို့ထဲမှာ ကျနော့ကို လိုက်ရှာတာ။ မနက်ကတည်းက ကျနော်ပါလာတာကို သိတဲ့ ကားသမားတစ်ယောက်က၊ အဲဒီလူ ဒီနေ့ ရန်ကုန်ပြန်မှာ ငါ, ဈေးထဲမှာ သူ့ကိုတွေ့လိုက်တယ်၊ သွားရှာဆိုလို့ ရောက်လာတာ။ ရုပ်ဆိုးတို့ ကံကောင်းချက်များ ... အပြန်ကားခကတော့ ခေါင်းခန်း ၆၀၀၀ကျပ်၊ အလယ်ခန်းကို ၅၀၀၀-ကျပ်နဲ့ စီးလာရတာ။ တစ်လမ်းလုံး မိုးတွေ သည်းချည်းမဲချည်း ရွာလိုက်တာဗျာ မပြောနဲ့တော့၊ ဒလ ဆိပ်ကမ်းကို ညနေ ၆-နာရီ ၁၅-မိနစ်မှရောက်တယ်။ မိုးအရမ်းရွာတော့ ကားဆရာကလည်း သိမ်းမမောင်းရဲဘူး။ လမ်းကကျဉ်း၊ လမ်းဘေးတစ်လျှောက် ရွာစဉ်ရှိနေတော့ ကားလမ်းပေါ် ကျွဲတက်၊ နွားတက်၊ ကလေးတွေ၊ ဆိုက်ကားတွေ၊ ဆိုင်ကယ်တွေနဲ့ဆိုတော့ ... အန္တာရယ်များတယ်ဗျ။

အပြန် ရွာက ငါးဒန်တစ်ကောင် လက်ဆောင်ပေးလိုက်တယ်။ မနေ့က အဲဒီငါးကို အိမ်မှာချက်စားတယ်။ အဟဲ ... ကောင်းတယ်ဗျ။ အမျိုးသမီးကလည်း ဟင်းချက်ကောင်းဆိုတော့ (မယုံရင် ရွာသားလေးမေးကြည့်)၊ ထမင်းစားလိုက်၊ အိပ်လိုက်နဲ့ လူတောင် နည်းနည်းဝလာသလိုပဲ။

မှတ်ချက်။ ရွာကလူငယ်တွေ မအားတာနဲ့ (ငါးရှာ၊ လယ်လုပ်)နေကြတာနဲ့ သူတို့နဲ့ ဓါတ်ပုံမရိုက်ခဲ့ရဘူးဗျ။


ကိုရုပ်ဆိုး
၀၄-အောက်တိုဘာ-၀၈ (၁၉း၁၂)မိနစ်
ခရီးသွားမှတ်တမ်းမှ ကောက်နှုတ်ချက်

ပုံနှိပ်စာလုံးရယူရန်

7 comments:

  1. မျက်လုံးထဲ မြင်ယောင်ကြည့်ဆိုတဲ့အတိုင်းမြင်သွားတယ် အစ်ကိုရေ့ လူအားကော ငွေအားပါ အကျိုးပြုနေတဲ့ အစ်ကို့ ကိုလေးစားတယ် ။ ခလေးတွေက အပြစ်ကင်းပြီး သနားစရာ ဘ၀ကိုအရှုံးမပေးတဲ့သူလေးတွေပေါ့ ......။ ငါးဒန်ဟင်းတော်တော် စားကောင်းမယ် ကိုရွာသားလေးက ဖြိုသလစ် ဆိုပြီး ဧည့်သည်လာလုပ်တယ်ပေါ့လေ ဟိဟိ :P

    ReplyDelete
  2. ပီတိနဲ့ ယှဉ်ပြီး ပြီးပြည့်စုံတဲ့ ခရီးသွားမှတ်တမ်းလေးပါဗျာ။ ကွက်လပ်လေးတွေကို တတ်နိုင်သလောက် လိုက်ဖြည့်ရင်း အလုပ်တွေရှုတ်နေတဲ့ အစ်ကိုတစ်ယောက် အစစအရာရာ အဆင်ပြေပါစေ။

    ReplyDelete
  3. အားလုံး အဆင်ပြေချောမွေ့ လို့ ၀မ်းသာတယ် အစ်ကိုရုပ်ဆိုးရေ ၊၊
    ငါးဒန်ဟင်း ကတော့ အမှတ်တရ ပေါ့ ၊၊

    ReplyDelete
  4. အင်း အောင်မြင်သည်ထက်အောင်မြင်ပါစေဗျာ။

    ReplyDelete
  5. အကိုရေ ဓတ်ပုံလေးတွေကြည့်ပြီး သာဓု ၃ခါ ခေါ်သွားပါတယ် ။ အမကဟင်းချက်ကောင်းဆိုရင် ရန်ကုန်ပြန်လာရင် လာလည်မှထင်တယ် ဟီးဟီး :D

    ReplyDelete
  6. အင်း ဖတ်ရင်းနဲ့ ငါးဒန်တောင်စားချင်လာပြီဗျို့။
    ကိုရုပ်ဆိုးအခုလိုလုပ်နိုင်တာ ဝမ်းသာတယ်ဗျာ။ အများနဲ့တော့လည်း အများနဲ့မလို့ တစ်ယောက်ထဲကျတော့လည်း တစ်ယောက်တည်း သာဓုကို ရင်ဘတ်ထဲက နှလုံးသားစစ်စစ်နဲ့ နက်နက်နဲနဲခေါ်လိုက်ပါတယ်ဗျာ။

    ReplyDelete
  7. အစ်ကိုကြီးရေ နိုင်သလောက်လုပ်ပေးနေတာလေးကို သာဓုခေါ်သွားပါတယ်
    ကလေးတွေရဲ့အပြုံးကဖြူစင်တယ်နော်.... မြင်ယောင်ကြည့်ဆိုတဲ့အတိုင်း
    မြင်အောင်ကြည့်သွားတယ် ...... :)

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။