Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, October 3, 2008

ကွန်ဒိုင်းသို့

ကဲ ... စာမေးပွဲပြီးပြီဆိုတော့ အလှူအတန်းကိစ္စလေးတွေ ဆက်လက်ဆောင်ရွက်ဖို့ အလှည့်ကြလာပြီပေါ့ဗျာ။ မနက်ဖြန် ကျနော် ဒေးဒရဲ - ကွန်ဒိုင်းသွားမယ်။ အခုကိစ္စက လှေ တည်ဆောက်ပေးဖို့ကိစ္စ။ လက်ရှိတော့ များများမလှူနိုင်သေးဘူး။ ၂-စီးပဲ လှူဦးမှာ။ နောက်ထပ်အလှူရှင်တွေလည်း ရှိပါသေးတယ်။

၁၈-ပေအရှည် လှေတစ်စီး (၆.၅ အင်ဂျင်)နဲ့ တစ်စီးကို လေးသိန်းခွဲ / ငါးသိန်းလောက် ကုန်ကျမယ်။ သင်္ဃန်းသား/တောင်ပိန်းရယ်၊ ပျဉ်းကတိုးရယ် ရောစပ်ပြီးလုပ်မှာ။ ဆောက်မယ့် လက်သမားဆရာကလည်း ရွာမှာ အသင့်ရှိတော့ သိပ်မခက်ဖူး။ မနက်ဖြန် ဒေးဒရဲမှာ သစ်ဝယ်ပေးမယ်၊ သံဝယ်ပေးမယ်၊ ရေနံချေးဝယ်မယ်၊ တခြားလိုအပ်တာလေးတွေကောပေါ့။ ပြီးမှ ရွာကို သစ်တစ်ခါတည်းသယ်သွားမယ်။

ဟိုရောက်ရင် စာသင်ကျောင်း လက်စ သတ်ထားတာကိုကြည့်မယ်။ ရွာလည်လမ်းမ ဖောက်ထားတာ၊ လှေဆိပ်တည်ဆောက်မယ့်နေရာ၊ ဘုန်းကြီးကျောင်းဆောက်လုပ်မယ့်နေရာ၊ ကျောင်းသား/သူလေးတွေကို သွားတွေ့မယ်၊ ဆရာမ ဘာလိုလည်း သွားမေးမယ်။ အာ ... ကလေးတွေအတွက် မုန့်ဝယ်သွားရမယ် :) သူတို့လေးတွေ လာမယ့်နှစ်မှာ စတင်တက်ရောက်ပညာသင်ကြားရမယ့် ကျောင်းအသစ်ရှေ့မှာ ဓါတ်ပုံခေါ်ရိုက်ပေးလိုက်ဦးမယ်။ နဂိုသွားတုန်းက ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကို ဝေပေးရအုံးမယ်။

ရွာက ကာလသားတွေအတွက် ၀ယ်ပေးထားတဲ့ နိုင်ငံခြားဖြစ်ဘောလုံးအသစ် ၂-လုံးနဲ့ သူတို့ကို ဓါတ်ပုံပေးရိုက်လိုက်ဦးမယ်။ (သူတို့က မှော်ဘီဘောလုံးအစား နိုင်ငံခြားဖြစ်လေးများ ဖြစ်နိုင်ရင် ၀ယ်ပေးပါလားလို့ ပူဆာနေတာကြာပြီ၊ ကိုယ်လည်း မရောက်ဖြစ်တာ ကြာပြီကိုး၊ စပါးရိတ်သိမ်းပြီးမှ ရွာသားနဲ့ ရန်ကုန်သား ဘောလုံးချိန်းပွဲလည်းရှိတယ်။) ရွာရဲ့ တိုးတက်လာတာလေးတွေကိုလည်း မှတ်တမ်းတင်ရဦးမယ်။ ကာလသားတွေနဲ့လည်း စကားဝိုင်းဖွဲ့ပြောရမယ်။ မသွားဖြစ်တဲ့ အခိုက်အတန့်မှာ ပြောင်းလဲမှုကတော့ တစ်ခုပဲရှိတယ်။ အဖွားအိုတစ်ယောက် ကွယ်လွန်သွားတာ။ အသုဘပို့မသွားလိုက်ရဘူး အဲဒီနေ့က စာမေးပွဲဖြေနေတုန်းမို့လို့ :( ကျနော်တို့သွားတိုင်း အဲဒီအဖွားက အမြဲတမ်း ကျေးဇူးတင်ကြောင်းပြောနေကျ။ ဟဲ့ ထမင်းထည့်စားပါအုံး၊ စားမကောင်းလို့လားလို့ မေးမယ့်လူတစ်ယောက်တော့ လျော့သွားတာ စိတ်မကောင်းဘူး။

အပြန်တော့ စောစောပြန်နိုင်အောင် ကြိုးစားရမယ်။ ဒေးဒရဲမှာ ကျောင်းထားပေးထားတဲ့ ၁၀-တန်းကျောင်းသူကလေးကိုလည်း ၀င်တွေ့ရဦးမယ်။ ဒေးဒရဲ - ရန်ကုန်ကားတွေက ညနေ ၃း၃၀ နောက်ဆုံးဆိုတော့ စောစောပြန်နိုင်မှ အဆင်ပြေမှာ။ ဒီတစ်ခေါက် သွားမှာက ကျနော် တစ်ယောက်တည်းပါ။

ကိုရုပ်ဆိုး
၀၃-အောက်တိုဘာ-၀၈ (၁၂း၄၄)မိနစ်

ပုံနှိပ်စာလုံးရယူရန်

6 comments:

  1. ညီလည်း လိုက်ချင်လိုက်တာ........... ဘယ်တော့လောက်တစ်ခေါက်ထပ်သွားမလဲ အစ်ကိုကြီးးး ။။

    ReplyDelete
  2. လူတိုင်း မလုပ်နိုင်တဲ့ အလုပ်ပါ ၊၊ ကောင်းသော လှူခြင်းပါ အစ်ကိုရုပ်ဆိုး ၊၊ခရီးအဆင်ပြေချောမွေ့ပါစေဗျာ ၊၊

    ReplyDelete
  3. သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ
    အန္တရာယ်မျိုး အားလုံးကင်းပါစေ
    ဘေးရန်ကြောင့်ကြကင်းပါစေ

    ReplyDelete
  4. အစ်ကိုရုပ်ဆိုးရေ... အရမ်းကိုလေးစားအားကျမိပါတယ် ဆိုတာထက် ဘာမှ ပိုမပြောတတ်တော့ပါဘူး... အစစ အဆင်ပြေချောမွေ့ပါစေ အစ်ကိုရေ...

    ReplyDelete
  5. အစ်ကိုရေ အများမလုပ်နိုင်တဲ့  ဒီအလုပ်တွေအတွက် လေးစား ဂုဏ်ယူနေပါတယ်ဗျာ။ အစစအရာရာ အဆင်ပြေပါစေဗျာ။

    ReplyDelete
  6. လေးစားပါတယ် အစ်ကိုကြီးရေ.....
    အဆင်ပြေချောမွေ့ပါစေ...... :)

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။