Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, August 22, 2008

မောင်ရုပ်ဆိုး နှင့် အင်တာဗျူး (သို့) ဘလော့ဂ်များ၌ စွဲလမ်းခြင်း

မနေ့ညက ကျနော် အရှင်လတ်လတ် နတ်ပြည်ရောက်သွားတယ်ဗျ။ ကျနော့ဘေးနားမှာလည်း ကောင်မလေး ချောချောလေးတွေ အို…. များတာမှ ဘယ်လိုများသလဲဆိုတော့ အထည်ချုပ်စက်ရုံထဲ ရောက်သွားသလို၊ ဆေးလိပ်ခုံထဲ ရောက်သွားသလို၊ မိန်းကလေးကျောင်းထဲ ရောက်သွားသလို …. အဲဒီလိုကို …. မချောအများ ကိုယ်အခန့်သား ဆိုသလိုပေါ့ဗျာ ။

သူတို့ဆီက ရနံ့လေးတွေကလည်း မေမြို့ ရုက္ခဗေဒဥယျာဉ် (ယ္ခု ကန်တော်ကြီး အမျိုးသားဥယျာဉ်) ထဲရောက်သွားသလို၊ ပြင်သစ်ပြည်ကရေမွှေးနန်းတော်ထဲပဲ ရောက်သွားသလို၊ ညဈေးတန်းက ပန်းသေးခေါက်ဆွဲဆိုင်ပဲ ရောက်သွားသလို … မွှေးချက်ဗျာ … လွန်ရော….။

မီးရောင်တွေ တထိန်ထိန်၊ ဓါတ်ပုံတွေ တဖျပ်ဖျပ်နဲ့၊ ၀ိုင်းလာလိုက်တဲ့ သတင်းထောက်တွေကိုလည်း ကာရံပေးနေတဲ့ ကိုယ်ရံတော်တွေကအပြည့်၊ ဒီလိုအဖြစ်အပျက်ဆိုရင် မဟုတ်သေးပါဘူးဟ ဆိုပြီး ကိုယ့်ပေါင် ကိုယ်ပြန်ဆိတ်ကြည့်တော့မှ အားလားလားးးးးးးးးး အိပ်မက်ကိုးဗျ။ ဘယ်ရမလဲ ဒီလို အိပ်မက်မျိုးတော့ ဘယ်အလွတ်ခံနိုင်မလဲ။ ဇွတ်ကြိတ်မှိတ်ပြီးတော့ကို ဆက်မက်တာ။

လာပြီ … လာပြီ …။

မရွှေချောတစ်ယောက် …. မတ်ခွက်ကြီးကိုင်လို့ (အဲလေ) မိုက်ခွက်ကြီးကိုင်လို့။ “ကိုရုပ်ဆိုး” ကို ဗျူးချင်လို့ပါ ရှင်တဲ့….

ကျနော်ကလည်း ဘာရမလဲ …. ဗျူးပါဗျာ … ဗျူးပါ … အဗျူးခံချင်နေတာကြာလှပြီပေါ့ ….။

ဒါပေမယ့် စပြောကတည်းကိုက တလွဲ … ကိုရုပ်ဆိုးက ရုပ်အရမ်းဆိုးတယ်နော်တဲ့။ သွား, နင် ငါ့အနားမလာနဲ့ သွား … အော်ငေါက်ပစ်လိုက်တယ်။ ဘယ်ရမလဲ။ ဒီလို ဒဲ့ဒိုးကြီးပြောတာတော့ ဘယ်ခံလိမ့်မတုန်း။

ဟော … လာပြန်ပြီ နောက် မချော တစ်ယောက်။ မမြင်ချင်ယောင်ဆောင်ပြီး ဘေးနားက အချစ်ကလေးတွေနဲ့ ရီဖြဲဖြဲ လုပ်နေလိုက်တာပေါ့။

သူလေးက စကားစလာတယ် …. ကိုရုပ်ဆိုး ဆိုလို့၊ ရုပ်ဆိုးလိမ့်မယ်ထင်နေတာ။ ဒို့ အကိုက ခန့်ချောကြီးနော်တဲ့။ အင်း … ဒီကောင်မလေး လူမှုရေးမဆိုးဘူးဟ။ အလိုက်သိတယ်။ အဗျူးခံလိုက်မှ ….

အကို တဲ့

အကို … ဘယ်သူ့ ၀တ္ထုတွေ အဖတ်များလည်းတဲ့ …။ နိုကိုဥဇူးဇင်လား …၊ စောပြည့်အာပလာ လားတဲ့။

အို မဟုတ်တာ …. အကိုက ရွှေပြည်သူရဲ့ ၀တ္ထုတွေပဲဖတ်တာလို့။

ထပ်မေးသေးတယ် ….။ အကို … ဘယ်အကောင်လေးတွေကို အချစ်ဆုံးလည်းတဲ့ …။ ယုံလေးတွေလား၊ ပူးလေးတွေလား၊ ဟံဆာလေးတွေလားတဲ့။

အို မဟုတ်တာ … အကိုက “ဇင်ယော်”လေးပဲ ချစ်တာလို့။

ဒါဆို … အကို အခုလို အောင်မြင်နေတာကော ဘယ်သု့ ဒဿနတွေကို မှီငြမ်းလို့လည်းတဲ့ …။ ဒေးကာနက်ဂျီလား …၊ ဖေမြင့်လား တဲ့…

အို မဟုတ်တာ … အကိုက ရီပါတ်ဗလစ် ရဲ့ ဒဿနတွေကို မှီငြမ်းတာလို့။

သူလေးက စကားကြော ဒီလိုရှည်သေးတယ် …. အကို ရုပ်ရှင်ကြည့်တဲ့အခါ ဘယ်ဒါရိုက်တာ ကားတွေကို အကြည့်အများဆုံးလည်းတဲ့ … မီးပွားရဲ့ ရိုက်ချက်လား … ၊ စတီဗင် ဆာလာဖတ်လား တဲ့။

အို မဟုတ်တာ … မောင်မျိုး ရဲ့ ရင်တွင်းဖြစ်လေးတွေကိုပဲ ကြည့်တာလို့ …

အထွန့်တက်သေးတယ် ဒီလိုလေ … ဘယ် ရာသီဥတုကို အကြိုက်ဆုံးလည်းတဲ့ … နွေဦးလား၊ လေရူးလား၊ ဆောင်းဦးရွက်ကြွေ ချစ်သက်သေလားတဲ့ ….

အို မဟုတ်တာ … မေ လ မှာ ရွာတဲ့ မိုး လို့ ဒါမှမဟုတ်ရင် နှင်းစက်မိုး လို့…. ရဲရဲကြီးပေါ့ ဖြေလိုက်တယ်။

ကမ္ဘာလောကကြီးမှာ အကိုအကြိုက်ဆုံးကတဲ့ …. ပီဇာလား၊ နီနာလား၊ ပလီပလာ လားတဲ့ ….

အို မဟုတ်တာ … စိတ်ကူးကမ္ဘာလေး ပါ …

နောက်ပြီးတော့လေ … သူမက လေရှည်သေးတယ် … ရသ တွေထဲမှာ ဘယ်ရသကို အကြိုက်ဆုံးလည်းတဲ့ … ၀ီရ လား …၊ ဟာသ လား၊ ဘယ လား .... တဲ့

အို မဟုတ်တာ … ဓမ္မရသ ကို အနှစ်သက်ဆုံးပါကွယ် လို့ …

နောက်ဆုံးတစ်ခွန်းမေးမယ်နော်တဲ့ … ဟတ်ကဲ့လို့ ဖြေသံမဆုံးသေးဘူး ….

အကိုက ဘယ်လို လူနေမှုပုံစံကို အကြိုက်ဆုံးလည်းတဲ့ … မြို့သားစတိုင်လား၊ ဂြိုလ်သားစတိုင်လား …

အို မဟုတ်တာ … အကိုက ရွာသားလေး စတိုင်ကို အခိုက်ဆုံးပဲလို့၊ ကျွဲကျောင်း၊ နွားကျောင်း၊ မိန်းကလေးကျောင်းရင်း … ရင်း လေရှုရတာလို့၊
အကိုက ဗီလစ်ဂျား စတိုင်လို့ ...



တလက်စတည်းပါတဲ့ YTU ဆိုတဲ့ အဓိပ္ပါယ်ကို သိသလားတဲ့ .. You are Truly Understandable လားတဲ့


အို မဟုတ်တာ … သိတာပေါ့ You are Truly Ugly လို့ အဓိပ္ပါယ် ဖွင့်နေတုန်း …

“မောင်”ရေတဲ့ ထတော့တဲ့၊ ထမင်းအိုးလေး ထ တည်လိုက်ပါအုံး၊ သမီးအကြီးအတွက် ထမင်းချိုင့်၊ သားငယ်နိုးလာရင် စားဖို့အတွက်၊ ကျနော် မသွားခင် စားသွားဖို့အတွက်ဆိုပြီး ရှုမငြီးတဲ့ ချစ်ဇနီးလေး နှိုးလိုက်တာနဲ့ပဲ …. နေ့တနေ့ကို ရုန်းကန်ဖို့ အမှန်အကန် မောင်ရုပ်ဆိုး အိပ်ယာထက်မှ ကုန်းရုန်းနိုးထလိုက်လေတော့သတည်း ….. အဟီး ဟီး


*** ဘာရေးရမှန်းမသိလို့ စိတ်ကူးပေါက်ပေါက်နဲ့ ရေးထည့်လိုက်တဲ့ ဟာလေးပါ။ ဘလော့ဂ်ဂါ ညီအကို၊ မောင်နှမ များ ပြုံးပျော် ကြည်နှုးနိုင်ကြပါစေ .... လွန်တာရှိ ၀န္တာမိ၊ မပါသေးသူများ စိတ်မဆိုးကြေး ...


ကိုရုပ်ဆိုး
၂၂ ရက်၊ သြဂုတ်လ၊ ၀၈ (၁၇း၄၅)မိနစ်

ပုံနှိပ်စာလုံးရယူရန်

11 comments:

  1. တကယ့်ကို ကျနော်က Your Truly Ugly ပါကိုရုပ်ဆိုးရေ

    ReplyDelete
  2. ဝေးးး နာမည်ပါတယ်.. ဟိ ဟိ...
    ပြုံးပျော်ကြည်နူးပြီးပြန်သွားတယ် :P
    ဒီလိုအိမ်မက်တွေများများမက်နိုင်ပါစေဗျို့..... :P

    ReplyDelete
  3. အယ်...မထင်ရဘူးး အစ်ကိုကြီးက ရယ်စရာလည်းရေးတက်တယ် ဟားဟား တကယ်ရယ်ရတယ်ဗျား) You are Truly Ugly အဲ့ဒါ ဂယ်ကြီးလား အစ်ကို ထင်တော့ထင်သားနော့် ။

    ReplyDelete
  4. အစ်ကိုရုပ်ဆိုးရေ... အခုမှ ဖတ်ရတာ။ နံမည်ပါလို့ အရမ်းပျော်သွားတယ်။ အရမ်းလည်း ရယ်ရတယ်အစ်ကို။ အစ်ကိုက ရယ်စရာတွေလည်း ဟာသတကယ်မြောက်အောင် ရေးတတ်တာပဲ။ အခုမှ ဖွက်ထားတဲ့ အရည်အချင်းတွေ တခုပြီးတခုကို ထုတ်ပြနေတော့တာပဲး)

    ReplyDelete
  5. ဟာသလေးကိုအရမ်းသဘောကျတယ်ကိုရုပ်ဆိုးရေ များများရေးနိုက်ပါစေ :)

    ReplyDelete
  6. ဟား...အိမ်မက်က လန်းတယ်ဗျ။ မချောလေးတွေ ၀ိုင်းပြီး အင်တာဗျူးနေတယ်။ အိမ်မက်ထဲမှာ အနော်လည်းပါတယ်ပေါ့။ ဟီးဟီး..မျက်နှာလိုက်တယ်ဗျ။ အနော့်ကျတော့ မဗျူးဘူး။ နောက်တခါ မက်ရင် အတင်းဝင်ပြီး ဗျူးမှာပဲ။ ရဘူး။.......

    ReplyDelete
  7. မေလမှာ ရွာတဲ့ မိုး ဆိုတာ သူများကိုပြောတာပေါ့ ။ပျော်သွားပြီ ရှဲရှဲ so much ။

    ReplyDelete
  8. ဟက်..ဟက်...
    ဖတ်လို့ကောင်းတဲ့ ဟာသလေးပါနော်..
    ဒါနဲ့ အင်တင်တင်ဗျူး..အဲ..အင်တာဗျူးတဲ့ ကောင်မလေးက
    ချော်ချော်လေး..အဲ..ချောချောလေးလား..?

    ReplyDelete
  9. ကိုရုပ်ဆိုးရေ့  လာလည်ရင်းပို စ်တွေဖတ်သွား
    တယ်၊ ပျော်စရာလေးပါပဲ၊ ပိုစ့်ထဲက ဇင်ယော် ၊
    နှင်းစက်မိုး၊ စိတ်ကူးကမBာလေး ၊ ရွာသားလေးဝိုင်တီယူ
    သူတို့ လေးတွေက ကျမ စိတ်ဝင်စားပြီး ကျမ
    မှာလင့်ချိတ်ထားတာလည်းမရှိသေးလို့  ကိုရုပ်ဆိုးကျေး
    ဇူးနဲ့ လင့်လိုက်ပါတယ်၊ ကျေးဇူးတင်လျက်။

    ReplyDelete
  10. အကို ရုပ်ဆိုးရေ ..ကျေးဇူးပါ ၊၊ နှစ်သက်ပျော်ရွှင်ဖွယ် ရေးပေးလို့၊၊ ပြုံးပျော်မိပါတယ် ၊၊

    ReplyDelete
  11. လူကိုစုံသွားတာပဲ။

    ReplyDelete

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။