Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, November 8, 2008

ဒဿမှာလည်း ....

“ဒဿ”
ဖျက်မရတဲ့ အမည်းစက်တွေနဲ့
ရာဇ၀င်ထဲက လူတစ်ယောက်

ကြောက်စရာအသွင်အပြင်နဲ့
ကြမ်းကြုတ်ရက်စက်ခဲ့ပင်မယ့်
ရာမ လက်တော်က “လေး”လောက်
ငါ့နှလုံးသားက “သွေး”မသောက်ခဲ့ပါကွယ်။

ဒီလိုပဲ ….

မယ်သီတာကို ဆောင်ကြဉ်း
နှောင်ကြိုးနှင်းခဲ့ပေမယ့်
မမှားယွင်းခဲ့တာ မယ်သီတာအသိ

ဒါနဲ့များကွယ်
ငါ့ .. အချစ်ကို ပယ်ချ
ဗီလိန်က, ကပြခဲ့ရတာက
ငါ့ရဲ့ ၀ဋ်ကြွေးလားကွယ် …။

ကိုရုပ်ဆိုး
၀၈-နိုဝင်ဘာလ-၀၈ (၁၂း၃၀ မိနစ်)

ဆက်ဖတ်မယ်ဆိုရင်...

အခြောက်တစ်ယောက်၏ ဖွင့်ဟ၀န်ခံချက်

ဟဲ့ … ငါတို့က
အခြော်တကောက်ပေမယ့်
အဖော်မကြောက်တဲ့ လူတွေပါကွယ် …။

ခြောက်တာကလူ
စိုနေတာက နှလုံးသား

ငါ့မှာလည်း ချစ်စိတ်နဲ့
မေတ္တာအရိပ်တွေ
ပေးတတ်ပါတယ်ကွယ် …။

ကိုရုပ်ဆိုး
၀၈-နိုဝင်ဘာလ-၀၈ (၁၂း၁၈)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Friday, November 7, 2008

ငါ့ဝမ်းပူဆာ ...

“အမေ ...
ည, ည, ဘယ်သွားနေတာလဲ
သားတို့ မောင်နှမ နှစ်ယောက်
မှောင်ကြီး မဲကြီးထဲ
ကြောက်တယ် အမေရဲ့ ...”

သားကြီးရဲ့ အသံတွေ
နားထဲမှာ လျှံထွက်
သံရည်ပူနဲ့ နှက်သလို
နားဝင် ဆိုးလှပေမယ့်

သားရယ် ...
ညဉ့်ငှက်တစ်ကောင်ရဲ့ ဘဝ
သားတို့ကို ဘယ်လိုရှင်းရပ ...။

ကိုရုပ်ဆိုး

၀၇-နိုဝင်ဘာလ-၀၈ (၁၈း၄၂)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

ခွေးတစ်ကောင်၏ ရှုးသွပ်မှု

မမျှော်လင့်ခဲ့ဘူးလို့တော့
မထင်လိုက်ပါနဲ့ကွယ်
သခင်အကြိုက် လိုက်ခဲ့တာကိုက …။

ကိုရုပ်ဆိုး
၀၇-နိုဝင်ဘာ-၀၈) ၁၅း၀၁ မိနစ်

ဆက်ဖတ်မယ်ဆိုရင်...

Tuesday, November 4, 2008

ရေသူမသို့ လွမ်းချင်း

ဤကဗျာအား ကျနော်၏ နောင်တော်၊ ကျနော့ဘလော့ဂ်အား နေ့စဉ်ရက်ဆက် စောင့်ဖတ်ပေမယ့် ဘာမှ အသစ်မတွေ့လို့ စိတ်ညစ်နေသူ “ကိုဖြူတုတ်”အား ကျေနပ်နှစ်သိမ့်စေခြင်းငှာ ... ညီတော် ”ကိုရုပ်ဆိုး”မှ တင်ဆက်လိုက်ခြင်းဖြစ်ပါသည်။ နောင်တော် အပန်းပြေပါစေ ... ။

ရေသူမသို့ လွမ်းချင်း

ပြန်မပြောချင်တဲ့
သံယောဇဉ်မဲ့
စကားလုံးတွေနဲ့
ငါ့ရင်ကို ထိုးခွဲ
ဝုန်းဒိုင်းကြဲခဲ့သူရေ …။

ကျောချမှ ဓါးပြမှန်းသိတဲ့
ဟော့ဒီက ငမိုက်သား
အစိတ်ပြားလေးနဲ့ဖြေသိမ့်
လှေဆိပ်မှာ ခွေအိပ်လို့
မင်းပြန်လာမယ့်ရက်
တာလီချိုးကာ တွက်ခဲ့ပေမယ့်
ထရံတစ်ချပ်သာ ကုန်ခဲ့ …။

အခုတော့ …

ငါ့ခန္ဓာကိုယ်က
အရိုးပေါ်အရေတင်
ငါးကြပ်တင်နဲ့ မှားလောက်ရဲ့
မျက်ကွင်းကဟောက်ပက်
အရက်နံ့ တစ်ထောင်းထောင်းထွက်တဲ့
ဟော့ဒီက ငမိုက်သား
ဗိုက်သားက မကျန် …။

အခုနေများ …
ငါ့ကို ဈေးတင်လို့
အလေးချိန်ကြည့်မယ်ဆိုရင်တောင်မှ
“မော်လ်ဒယ်”ဈေးရဖို့တောင် အနိုင်နိုင်

အို … ရေသူမလေးရေ
ရေပေါ်ကို ခုန်တက်
အမြီးလေး တစ်ချက်လောက်ဖြစ်ဖြစ်
လှုပ်ပြ ခဲ့ပါကွယ် …။


အစိတ်ပြား = အရက်လေးပက်ပါဝင်သော ပုလင်းပြား။
မော်လ်ဒယ် = အလေးချိန် လေးဆယ်သားအောက် ရှိသောငါးသလောက်မျိုး။ ငါးထဲတွင် မော်လ်ဒယ်ထုံးစံအတိုင်း အရိုးများ၍ ဈေးအနိမ့်ဆုံးဖြစ်။


ကိုရုပ်ဆိုး
၀၄-နိုဝင်ဘာလ-၀၈ (၁၁း၂၁)မိနစ်

ဆက်ဖတ်မယ်ဆိုရင်...