Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, May 9, 2008

ကျေးဇူးရှင်များသို့ ဦးညွတ်လျှက်

ကျေးဇူးရှင်များသို့ … …

ဘ၀မှာ မိစ္စာစိတ် မများ
မုဒိတာစိတ် အမြဲပွားတဲ့
ကျေးဇူးရှင် လယ်သမားများကိုမှ
နာဂစ်မုန်တိုင်းက ၀င်မွှေ
အိုးအိမ်တွေမဲ့၊ အသက်တွေပျက်လို့
ခိုကိုးရာက မဲ့၊ စားစရာက ချို့တဲ့
မိသားစုတွေ တ၀က်တပျက်
ဘယ်လို ကံကြမ္မာမျိုးကြောင့်လည်းကွယ် …။

မှောင်မှောင်မဲမဲ ညနက်ကြီးထဲ
ပြေးစရာမြေမရှိ
ရေအတိပြီးနေတဲ့ ကုန်းမြေမှာ
မုန်တိုင်းက အော်
လူတွေက တကြော်ကြော်နဲ့
ညမြင် မနက်ပျောက်
လောကဓံရဲ့ လှိုင်းတံပိုးအောက်မှာ
အသက်ပျောက်ခဲ့ရတာ
ဘယ်လို ကံကြမ္မာမျိုးကြောင့်လည်းကွယ် …။

လူသားတွေရဲ့အဟာရ
ဆန်စပါး စိုက်ပျိုးမယ်ဟလို့
ထွန်ရေးပြခဲ့တဲ့ လယ်တစ်ကွက်
မနက် နေထွက်တော့ ဘယ်မလဲ ...
ထွေးညိုရေ …၊ အရီးတုတ်ရေ …၊ ဘကြီးမြရေလို့
တကြော်ကြော် အော်ဟစ်
အသံတွေ ကုန်ရစ်လည်း
ပြန်ထူးသံမကြား
သုသာန်တစပြင် အလားပဲလေ ...။

နီနာပဲဖြစ်ဖြစ်၊ မာလာပဲဖြစ်ဖြစ်၊ နာဂစ်ပဲဖြစ်ဖြစ်
နောက်တကြိမ် လာခဲ့မယ် ဆိုရင်တော့ဖြင့်
မြို့ပြရဲ့ အလှ ပျက်သုန်းပါစေ …
ဇိမ်ခံပစ္စည်းတွေ ပျက်စီးပါစေ …
ဦးကြီးတို့ရဲ့ အသက်
ဦးကြီးတို့ရဲ့လယ်တကွက်နဲ့
ပြုံးပြုံးကြီး ဖလှယ်ရက်ပါတယ် …။

ရောက်လေရာဘုံဘ၀မှာ
ဆိုးကြိုးတွေဘေးရှောင်
ကောင်းမှုတွေ တပွေ့တလှောင်နဲ့
သုခကိုခံစား ဘုံအမြင့်မှာ စံစားပါစေလို့
မြတ်ဘုရားရှေ့မှာဦးခိုက်
ဆုတောင်းလိုက်ပါတယ်ဗျာ …။
ရုပ်ဆိုး (၉-၅-၀၈)
အထက်ပါ ဓါတ်ပုံအား
media.theaustralian မှ ကူးယူဖော်ပြပါသည်။

ပုံနှိပ်စာလုံးရယူရန်

No comments:

Post a Comment

သူငယ်ချင်းရဲ့ စကားလုံးဟာ နောက် ပို့စ်တစ်ခုအတွက် အာဟာရပါ။