Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, June 28, 2008

လင်းယုန်ပုံပြင် ......တဲ့

တင်ပြသူ (ရွာသားလေး)က ဒီလို ညွှန်းထားတယ်ဗျ ...။
“ပြီးခဲ့တဲ့အပတ်က စိတ်ဓာတ်အကြီးအကျယ်ကျနေတဲ့ ကျနော် ဒီစာကိုဖတ်ပြီးခွန်အားတွေရရှိခဲ့ပါတယ်။ ကျနော့မိတ်ဆွေတွေ အားလုံးပဲ ကျနော့လို ခွန်အား ရရှိပါစေဗျာ။”

မူရင်း Post လေးက ဒီနေရာ ကို သွားလည် ဖတ်ရှုလို့ရတယ်ဗျ။ ကျနော့ဆီမှာ ရှိတဲ့ မူရင်း Power Point Presentation File လေးကိုလည်း ဒီနေရာ မှာ download ယူလို့ရတယ်ဗျ။

ဆက်ဖတ်မယ်ဆိုရင်...

Friday, June 27, 2008

Blogger သယ်ရင်းများသို့ ...


ကျနော့မှာ A Dictionary of BUDDHIST TERMS “ဗုဒ္ဓဒေသနာတော် ဝေါဟာရ အဘိဓာန်” ဆိုတဲ့စာအုပ်လေး ရှိတယ်ဗျ။ မြန်မာ-အင်္ဂလိပ်-ပါဌိ ဗျ။ အဲဒါကို ကျနော့ blog တခုဖွင့်ပြီးတင်ချင်တယ်။ ဒါပေမယ့် ကျနော်က Blog တွေ လည်ပတ်တာ အားနည်းတော့ တခြားတယောက် တင်ထားတာ ရှိ မရှိ သူငယ်ချင်းများသိရင် ပြောပေးပါ။ မရှိရင် တင်ချင်တယ်။ ရေရှည်ကိစ္စဖြစ်တဲ့အတွက် အချိန်ကြာကြာယူပြီး လုပ်ရမှာဆိုတော့ ရှိပြီးသားဆိုရင် မတင်ချင်ဘူး။
ကူညီကြပါဗျာ...။

..... ရုပ်ဆိုး

ဆက်ဖတ်မယ်ဆိုရင်...

ကဗျာများအား ခံစားခြင်း (၂)

ဘ၀ကို ထင်ဟပ်စေတဲ့ ကဗျာလေး နောက်တပုဒ်ပါ။ “သောတအာရုံ”ရဲ့ လက်ရာလေးပါပဲ။
အားပေးကြပါဦး ...။

တန်ဖိုးဖြတ်မရတဲ့ ရေတစ်စက်ထက်
တန်ဖိုးသတ်မှတ်ထားတဲ့ ဆီတစ်စက်ကို
ဘာကြောင့် ပိုတန်ဖိုးထားကြတာလဲ ?
ဒါ လူ့သဘာဝလေ။

အနားမှာရှိရင် မေ့နေတတ်ကြတာ ...
တန်ဖိုးကြီး အ၀တ်အစားတွေနဲ့
ကော့နေအောင် ပြင်ဆင်ကြ
ဖိနပ်အစုတ်တစ်ရံရဲ့ တန်ဖိုးကို
ဘာကြောင့် မေ့နေကြတာလဲ ?
ဒါ လူ့သဘာဝပဲနော်။

နိမ့်ကျရင် အထင်သေးတတ်တာ ...
အဖိုးတန်ကားထဲက အထီးကျန်မှုကို
ဘတ်စ်ကားထဲက သက်ဝင်ယိမ်းနွဲ့မှုထက်
ပိုတွယ်တာကြတာ ဘာကြောင့်လဲ ?
ဒါလည်း လူ့သဘာဝပဲလေ။

အပေါ်ယံလွှာ ချမ်းသာမှုအောက်က
ပဋိဒေ၀မီးတွေကို မမြင်တတ်ကြတာ ...
ကိုယ့်ခြေထောက်ကို
မယုံကြည်ရဲတဲ့ ဘ၀မှာ
သဟဇာတဆိုတဲ့ ဝေါဟာရကို
ငါ လျစ်လျူရှုခဲ့တယ်
သေချာပါတယ်။
ဒါပေမယ့် ...
ငါလည်း လူသားတစ်ဦးပဲလေ ...။

သောတအာရုံ

ဖေဖော်ဝါရီ ၂၇၊ ၂၀၀၆ ထုတ်
“ကကြိုးမဲ့ မယ်လိုဒီ” ကဗျာစာအုပ်ငယ်မှ ကူးယူဖော်ပြသည်။

ဆက်ဖတ်မယ်ဆိုရင်...

ကဗျာများအား ခံစားခြင်း

“သောတအာရုံ”ဆိုတဲ့ ကလောင်အမည်လေးနဲ့ ကဗျာလေးတွေ ရေးနေတဲ့ ညီမငယ်တစ်ယောက်ရဲ့ ကဗျာလေးပါ။ ထူးထူးခြားခြား သူက သူ့ရဲ့ကဗျာများကို ဘယ်တော့မှ ခေါင်းစဉ်တပ်လေ့မရှိဘူး။ ခံစားချက်တွေကို ခေါင်းစဉ် တခုအောက်မှာ ဘောင်မခတ်ထားချင်ဘူးနဲ့ တူပါတယ်။
ကျနော့ရဲ့ ဘလော့ဂ် သယ်ရင်းများ ခံစားအားပေးကြပါဦးဗျာ ...

မင်းရှေ့မှာ ဒူးထောက်ဝံ့တယ်လို့
ငါမပြောပါရစေနဲ့
ငါဟာ မာနရှိတဲ့ လူသားတစ်ဦးမို့ပါ ...

မင်းကို အချစ်ဆုံးလို့
ငါ မပြောပါရစေနဲ့
ပုထုဇဉ် လူသားဖြစ်တဲ့ငါ
ကိုယ့်ကိုယ်ကို အချစ်ဆုံးမို့ပါ ...

မင်းမရှိရင် အသက်မရှင်နိုင်ဘူးလို့
ငါ မပြောပါရစေနဲ့
လောကကြီးအတွက်
ငါ ရပ်တည်ပေးရမှာမို့ပါ ...

ဒါပေမယ့် ချစ်သူ ...
ငါ ဦးထိပ်ထားတဲ့ ငါ့နှလုံးသားဟာ
မင်းလက်ထဲမှာ ကျဆုံးသွားခဲ့တာကိုလည်း
ငါ ... မပြောပါရစေနဲ့တော့ကွာ ...။

သောတအာရုံ

ဖေဖော်ဝါရီ ၂၇၊ ၂၀၀၆ ထုတ်
“ကကြိုးမဲ့ မယ်လိုဒီ” ကဗျာစာအုပ်ငယ်မှ ကူးယူဖော်ပြတယ်။

ဆက်ဖတ်မယ်ဆိုရင်...

Thursday, June 26, 2008

အမြင် ...

အတွေးဆိုတာ တိုက်ဆိုင်မှုရှိလို့ လက်ခံရတာလည်းရှိတယ်။ မတိုက်ဆိုင်လို့ အငြင်းပွားစရာ ဖြစ်လာစရာလည်း ရှိတယ်။ ကျနော်အခုတင်တဲ့ ပို့စ်လေးက ကျနော့ရဲ့ စိတ်ခံစားချက် တခုသာဖြစ်တဲ့အတွက်၊ မတိုက်ဆိုင်ခဲ့ရင်တောင်မှ ကျနော့ရဲ့မကြွယ်ဝသေးတဲ့ အတွေးအခေါ်ကြောင့်သာ ဖြစ်လိမ့်မယ်လို့ ဦးစွာ အထွန့်တက်ရင်း …

@@@@@@@


ရှေးကတည်းက စာဆိုလေးရှိဖူးပါတယ်။ “အရာရာကို အမြင်နဲ့ မဆုံးဖြတ်နဲ့တဲ့”။ သိပ်ကောင်းတဲ့ စကားစုလေးပါ။ လူတိုင်း လူတိုင်းမှာ လူတိုင်း လူတိုင်းအပေါ် အမြင်အမျိုးမျိုးရှိကြတယ်။ ဒါပေမယ့် အမြင်ကို ”ပကာသနတွေ၊ ပညာဂုဏ်တွေ၊ ချစ်ခြင်းတွေ၊ မုန်းခြင်းတွေ”နဲ့ ပေါင်းစပ်ပြီးကြည့်တဲ့အခါမှာ …

ဘ၀မှာ မလိုလားအပ်တာတွေ၊ မဖြစ်သင့်တာတွေ … စတာတွေပေါ်လာတယ်။ အမြင်ရဲ့အောက်မှာ လည်စင်းခံသွားရတဲ့ လူတွေလည်း အများကြီးရှိတယ်။ မကောင်းတာလုပ်စားတဲ့အမျိုးသမီး (သို့) အမျိုးသား တယောက်ရဲ့ သားသမီးပေါ်မြင်တဲ့အမြင်ဆိုရင်၊ အမြင်မကောင်းဘူးပေါ့လေ။ အဲ့ဒီ သား၊ သမီးတွေကိုကြည့်တဲ့အခါ ဘာကြောင့် သူ့မိဘတွေကို အမြင်ထဲမှာ ပေါင်းထည့်ကြတာလဲ ??? ဒီလိုပဲ ချမ်းသာတဲ့မိသားစုက ပေါက်ဖွားလာတဲ့ သား၊ သမီးတွေကိုကြတော့ အကောင်းမြင်တဲ့ အမြင်နဲ့ ကြည့်ကြတယ်။

ကိုယ် ကိုယ်တိုင် ပိုင်ဆိုင်တဲ့အမြင်ကို ဘာကြောင့် ”ဂုဏ်ဒြပ်တွေ၊ ပကာသနတွေ၊ ချစ်ခြင်း … မုန်းခြင်းတွေ ပေါင်းထည့်ကြတာလဲ ??? ရိုးရိုးရှင်းရှင်းလေး ဘာ့ကြောင့် မမြင်နိုင်ကြတာလဲ။ လူတယောက်ကို မြင်တဲ့အခါ သူ့အပေါ်မှာ လွှမ်းခြုံထားတဲ့ (ပိုက်ဆံပေးပြီးဝယ်လို့ရတဲ့) အရာဝတ္ထုတွေကို ခဏလောက်ဖယ်ပြီးမှ သူ့ရဲ့ စိတ်သဏ္ဍာန်ကို ဖတ်ကြည့်၊ မြင်ကြည့်ရင် ပိုမကောင်းဘူးလား။ ဒါဟာ ခက်ခဲတယ်ဆိုပေမယ့် အချိန်က သင်ပေးပါလိမ့်မယ်။

သိပ္ပံပညာအရမ်းတိုးတက်တဲ့ ဒီခေတ်ကြီးမှာ ဘယ်ပညာရှင်ကမှ အဲဒီလိုအမြင်ပိုင်ဆိုင်ဖို့ ဆေးကောင်းတလက်၊ ကိရိယာတစုံ ထွင်လို့ရမှာ မဟုတ်ဘူး။ ဘာကြောင့်လည်းဆိုတော့ အဲ့ဒီအမြင်တွေရဲ့ အခြေခံက “စိတ်” ဖြစ်နေလို့ပဲ။

ဒီအတွေးတွေ ကျနော့မှာ ပေါ်လာခဲ့တာကြာပေမယ့် အဲဒီအမြင်ကို ပိုင်ဆိုင်ဖို့အတွက်၊ မြင်တတ်ဖို့အတွက် ကျနော်ကိုယ်တိုင် မရရှိသေးတာ ၀န်ခံပါရစေ။

လူတိုင်း လူတိုင်း က လူတိုင်း လူတိုင်းအပေါ် အမြင်ရှင်းကြပါစေ ….။
ရုပ်ဆိုး (၂၆-ဇွန်-၀၈) နေ့လည် ၁၂း၄၅မိနစ်

ဆက်ဖတ်မယ်ဆိုရင်...